#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

နူးညံ့ မနေနိုင်ပါ
ကျော်စွာမိုး | အောက်တိုဘာ ၂၉ ၊ ၂၀၀၇

လေးလအရွယ် ကလေးငယ်၏ မိခင် မနီလာသိန်း အနေဖြင့် ယခုအချိန်တွင် သမီးငယ်အနားတွင် ရှိနေသင့်သည်။ သူမ၏ ကလေးငယ်ကို ပြုစုနေဖို့ သင့်သည်။ အခုတော့ ဆုငွေထုတ်ခံရထားရပြီး ရှောင်တိမ်းပုန်းအောင်းနေရသည်။ မြန်မာ စစ်အစိုးရ က ပြောင်ပြောင်တင်းတင်း ဝေဖန်ပြောဆိုရဲသော သူမနှင့် အခြားသော လှုပ်ရှားတက်ကြွသူများကို အသည်း အသန် လိုက်လံဖမ်းဆီးနေသည်။

ရန်ကုန်ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် မဖြူဖြူသင်း၊ မနီလာသိန်း၊ တက်ကြွစွာဆန္ဒပြနေ သည့် အမျိုးသမီး တဦး၊ နော်အုန်းလှ၊ မမီးမီး။

မိသားစုအကျိုးကိုသာကြည့်၍ သူမ ပါးစပ်ပိတ် ငြိမ်သက်နေမည်လော၊ သို့မဟုတ် သမီးငယ်နှင့် တကွဲတပြား ခွဲနေရနိုင်ပြီး ထောင်ကျနိုင်သည့် အန္တရာယ်ကို သိလျှက်နှင့် မြန်မာပြည် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပါဝင်မည်လော ဟူ၍ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ မနီလာသိန်းအတွက် တခုခု ပြတ်သားစွာရွေးချယ်ရတော့မည်။

ဘာမှ မလုပ်သည်နှင့်စာလျှင် သူမအရဲစွန့်၍ တခုခုလုပ်ဆောင်သည်က ရေရှည်တွင် သူမ၏သမီးငယ်အတွက် များစွာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု သူမက ယုံကြည်နေသည်။ ဤယုံကြည်ချက်နှင့်ပင် ဒုတိယလမ်းသွယ်ကို ရွေးချယ်ခဲ့သည်။ မြန်မာပြည်အတွင်း ဒီမိုကရေစီပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် လုပ်ကိုင်နေခြင်းက သမီးငယ်အတွက် တောက်ပသည့် အနာဂတ်တခု ဖြစ်လာစေမည်ဟု သူမမျှော်လင့်ကြောင်း ပုန်းခိုနေသည့်နေရာမှ ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြသည်။

“ ဒီဆိုးရွားလှတဲ့ စနစ်ကြီးတခုလုံးကို ကျမတို့ အဆုံးသတ်နိုင်မှသာလျှင် ကျမရဲ့ သမီးငယ်အပါအ၀င် မြန်မာပြည်သူပြည် သားများ အနာဂါတ်ဟာ တောက်ပလာပါလိမ့်မယ်” ဟု သူမက ပြောခဲ့သည်။ “ကျမသမီးကို ကျမချစ်ပါတယ်၊ ဒါပေမယ့် ကျမသူ့ကို ထားခဲ့ရတယ်၊ တနေ့တော့ ကျမသမီးလေး ဘာကြောင့် ကျမဒီလိုလုပ်ခဲ့ရတယ်ဆိုတာကို နားလည်လာပါလိမ့် မယ်” ဟုလည်း ဆက်ပြောသည်။

အစိုးရက ယခုနောက်ဆုံးအကြိမ် ကုန်ဈေးနှုန်းအဆမတန်တိုးမြှင့်လိုက်သည့် အချိန်တွင် လတ်တလောဖြစ်ပွားခဲ့သည့် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်လာခဲ့ပြီး ဦးဆောင်သူများကိုလည်း အာဏာပိုင်များက အစုလိုက် အပြုံလိုက် လိုက် လံဖမ်းဆီးနေသည်။ ဤအချိန်တွင် မနီလာသိန်း ရှောင်တိမ်း ပုန်းလျှိုးခဲ့ရသည်။ သူမ၏ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီသည်လည်း တရာထက် မနည်းသော အခြား လှုပ်ရှားသူများနှင့်အတူ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။

အာဏပိုင်များ၏ အမျက်ဒေါသသင့်၍ မိသားစုနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ပျက်စီးရာ ပျက်စီးကြောင်း ဒုက္ခ ပေးခံခဲ့ရသည်မှာ ဤငယ်ရွယ်သေးသည့် မိခင်တဦးတည်းသာ မဟုတ်ပေ။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ များစွာ သော အမျိုးသမီးများနှင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသမီးများသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ တွင် သတ္တိပြောင်မြောက်စွာ ပါဝင်ခဲ့ကြပြီး အကြမ်းဖက်ဖြိုခွဲရန် အစိုးရက ခိုင်းစေထားသည့် လူရမ်းကားများ၏ကြမ်းကြုတ် ရက်စက်မှုနှင့် စော်ကားပြောဆိုမှုများကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြသည်။

သြဂုတ်လအတွင်းက ရန်ကုန်မြို့တွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဦးဆောင်ဆန္ဒပြ နေသည့် မမီးမီး (အလယ်)။

ကလေးနှစ်ယောက်၏ မိခင်လည်းဖြစ်၊ ၈၈ မျိုးဆက်ကျောင်းသားများအုပ်စု၏ အဖွဲ့ဝင်တဦးလည်းဖြစ်သူ မမီးမီး၊ အိပ်ခ်ျအိုင် ဗီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ မဖြူဖြူသင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဘုရားတက်ဝတ်ပြု ဆုတောင်း သူ ဒေါ်နော်အုန်းလှတို့သည်လည်း အလားတူသတ္တိပြောင်မြောက်လှသော အမျိုးသမီးများ ဖြစ်ကြသည်။

မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများ အဆုံးသတ်စေရေးနှင့် ဒီမိုကရေစီဖေါ်ဆောင်မြှင့်တင်ရေး လှုပ်ရှားမှုများတွင် အမျိုးသမီး များက အမြဲတစေ ရှေ့တန်းမှ ပါဝင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၉၀ ခုနှစ်များနောက်ပိုင်းမှစ၍ ၎င်းတို့၏ ပါဝင်လှုပ်ရှားမှု များက ပိုမိုနက်ရှိုင်းကာ အားကောင်းလာခဲ့သည်။ အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရန်၊ ဖြိုခွင်းမှုများကို အံတုတွန်းလှန် ရန် အတွက် အဆင်သင့်ဖြစ်နေကြောင်း သူတို့၏ လှုပ်ရှားမှုများက ပြသနေသည်။

၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ထောင်ဂဏန်းချီသော အမျိုးသား လှုပ်ရှားတက်ကြွသူများ ထောင်သွင်းအကျဉ်းချခံကြရ၊ နိုင်ငံပြင်ပသို့ မဖြစ်မနေထွက်ပြေးကြရသည့် အခြေအနေတွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အမျိုးသမီး မိန်းမသားတို့၏ အခန်းကဏ္ဍက ရှေ့ရောက်လာခဲ့သည်။ အမျိုးသမီးတို့၏ မေတ္တာရင်းခံစိတ်၊ ခိုင်ကြည်သည့် စိတ်ပိုင်းဖြတ်မှုနှင့်အတူ မိသားစုရပ်တည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရသကဲ့သို့ အင်အားနည်းလာသော ဒီမိုကရေစီလှုပ်ရှားမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ၀န်းရံလှုပ်ရှားခဲ့ကြသည်။ ဤသို့ဆောင်ရွက်ခဲ့မှုက သူရဲကောင်းများသဖွယ် ပြောင်မြောက်စွာ လှုပ်ရှားခဲ့ ကြသည်ဟုလည်း ဆိုနိုင်သည်။

“စိတ်ကူးတခု၊ လှုပ်ရှားမှုတခုဆိုတာက စိတ်ခံစားမှု ဒါမှမဟုတ် ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေကနေ ပေါက်ဖွားလာပါတယ်” ဟု လူအများ လေးစားခံရသော မြန်မာစာရေးဆရာမကြီး ဒေါ်ကြည်ဦးက ဆိုသည်။ “သူတို့တွေ (မြန်မာ အမျိုးသမီးများ) က ခက်ခဲကြမ်းတမ်းမှုတွေ၊ နှစ်ရှည်လများ ထောင်ချခံထားရတာတွေကို ရင်ဆိုင်ခဲ့ကြရတယ်၊ သူတို့ရဲ့ မယုံကြည် နိုင် လောက်တဲ့ ခိုင်ကြည်မှု၊ စွန့်လွှတ်မှုတွေက အဲဒီဆင်းရဲဒုက္ခတွေကနေ ပေါက်ဖွားလာကြတာပဲ” ဟု လည်း ရှင်းပြသည်။

အသက် ၈၃ နှစ်အရွယ် မြန်မာ့အမျိုးသမီးများအရေး စာအုပ်ပေါင်းများစွာရေးသားခဲ့သူ စာရေးဆရာမကြီးက မနီလာသိန်း နှင့် သူမ၏လုပ်ဖေါ်ကိုင်ဖက်များဖြစ်သော မဖြူဖြူသင်း၊ မမီးမီး၊ မစုစုနွေးနှင့် ဒေါ်နော်အုန်းလှတို့၏ ကြိုးပမ်းအားထုတ်မှုများ အပေါ် လေးစားကြောင်း ဖေါ်ပြခဲ့သည်။

ဆန္ဒပြပွဲအတွင်း ဖမ်းဆီးရန်ကြိုးစားနေသူ အရပ်ဝတ်လုံခြုံရေး အဖွဲ့ဝင်များနှင့် မစုစုနွေး (ဂျာကင်အပြာ ၀တ်ထားသူ)။

၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း သူမအိမ်အပြင်ဘက်တွင် အစိုးရစစ်သားများက ဆန္ဒပြသူများကို မည်သို့မည်ပုံ သတ် ဖြတ်၊ ရိုက်နှက်၊ မတရားဖမ်းဆီးခဲ့သည်များကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသော သူမ၏ အတွေ့အကြုံများက မနီလာသိန်း ကို တရားမျှတသည့် လူ့အဖွဲ့အစည်းတခု ပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းရန် စေ့ဆော်ခဲ့ပြီး လေးနက်စွာ ခိုင်မြဲနေ စေခဲ့သည်။

“အဲဒီလူတွေရဲ့အသံတွေ၊ အဲဒီမြင်ကွင်းတွေကို ကျမစိတ်ထဲမှာ ကြားနေဆဲ မြင်နေဆဲပါ။ ဒီစနစ်ဆိုးကြီးကို ကျမလုံးဝဖယ် ရှားပစ်ချင်ပါတယ်”ဟု သူမက ပြောပြသည်။

၁၉၉၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြပွဲတွင်လည်း သူမအား ရိုက်နှက်ရန် ထပ်ခါတလည်းလည်း အမိန့်ပေးနေသော ရန်ကုန်ရဲချုပ်အား မနီလာသိမ်းက မဆိုင်းမတွ ပါးရိုက်ခဲ့သည်။ ရဲအရာရှိများက ကနဦးတွင် အမိန့်ကို မသိလိုက် မသိ ဘာသာ နေခဲ့ကြသော်လည်း ရဲချုပ်ကို ပါးရိုက်လိုက်သော အခါတွင် သူမကို ကားအတွင်းသို့ ပစ်သွင်း၍ ထောင်တွင်း ပို့ခဲ့ကြသည်။ ရဲချုပ်ကို ရိုက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး သူမ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်မှုများကြောင့် နောက်ထပ် ၇ နှစ် ကျခံခဲ့ရသည်။

မနီလာသိန်းသည် ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အင်းစိန်ထောင်နှင့် သာယာဝတီထောင် တို့တွင် ၈ နှစ်နှင့် ၉ လ နေခဲ့ရသည်။ ထောင်ကျခံခဲ့ရသော်လည်း ဒီမိုကရေစီအရေးအတွက် ယခင်ကထက် ပိုမိုခိုင်မာသော သံန္နိဌာန်၊ မယိုင်မလဲသောစိတ်ဓာတ်နှင့် သူမထောင်မှ ပြန်ထွက်လာခဲ့သည်။

“ ဒီအမျိုးသမီးငယ်တွေရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာကတော့ တကယ့်ကို တန်ဖိုးကြီးလှ ပါပေတယ်” ဟု ဒေါ်ကြည်ဦးက ပြောပြသည်။

မနီလာသိန်းက အာဏာပိုင်များအတွက် အဖိုးတန်၊ အရေးပါနေပုံရသည်။ အစိုးရက သူမအား ဖမ်းဆီးမိနိုင်ရန်အတွက် မြန်မာကျပ်ငွေ သိန်းများစွာ ပေးမည်ဟု ဆုငွေထုတ်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များအကြား၌လည်း သူမ၏ဓါတ်ပုံနှင့် အခြား အလိုရှိနေသော လှုပ်ရှားတက်ကြွသူများ၏ ဓါတ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားပြီး ဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များ မအောင်မြင်ခဲ့ပါ။ ထိုသူများအနက်မှ အများစုကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည်က ၎င်းဆုငွေထုတ်ထားသည့် လှုပ်ရှားသူများကို လူထုထောက်ခံမှု အများအပြား ရှိနေကြောင်းလည်း ညွှန်းဆို ပြသနေသည်။

အစိုးရ အလိုရှိနေသော လှုပ်ရှားသူများက ပုန်းအောင်းနေရာမှ ဖုန်းဖြင့် လှုပ်ရှားမှုဖြစ်ပေါ်လာအောင် ဆက်လက်လှုံ့ဆော် နိုင်ခဲ့ကြပြီး၊ အစိုးရက ၎င်းတို့၏ ဖုန်းနံပါတ်များနှင့် အခြားဆက်သွယ်ဆောင်ရွက်ပေးနေသူများ၏ ဖုန်းနံပါတ်များကို ပိတ်ပင် သည်အထိ ဖြစ်ခဲ့ရသည်။

မိသားစုအရေးကို ပြုစုစောင့်ရှောက်ရမည့် ငယ်ရွယ်သူ အမျိုးသမီးများ မည်သည့်အတွက်ကြောင့် လှုပ်ရှားမှုတွင် တက် တက်ကြွကြွ ပါဝင်လာခဲ့ရသည်ကို အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်အရေး လှုပ်ရှားကူညီနေသူ မဖြူဖြူသင်းက ဖုန်းလိုင်း ပေါ်တွင် ဤသို့ရှင်းပြခဲ့သည်။ “အမျိုးသမီးတွေရဲ့ သဘာဝဖြစ်တဲ့ ကိုယ်ချင်းစာမှု၊ စိတ်ခံစားမှုတွေက အမျိုးသမီးတွေကို စွန့်လွှတ် အနစ်နာခံဖို့အထိ တွန်းအားပေးခဲ့ကြပါတယ်” ဟု သူမက ပြောပြသည်။

၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အမျိုးသမီး ၃၀ နှင့်အတူ မဖြူဖြူသင်း ပထမဦးဆုံး အကြိမ် အဖမ်းခံခဲ့ရသည်။ မြန်မာပြည်အထက်ပိုင်းသို့ ခရီးထွက်ခွာမည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် ဘူတာရုံကြီး၌ လိုက်၍ ပို့ဆောင်နှုတ်ဆက်နေချိန်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ ရန်ကုန် အင်းစိန်ထောင်၏ တိုးချဲ့ဆောင်တခုတွင် ၎င်းတို့အုပ်စုက ၄ လနှင့် ၄ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည်။

သူမ၏အရင် မနီလာသိန်း ကဲ့သို့ပင် ထောင်မှထွက်လာပြီးနောက်တွင်လည်း အာဏာပိုင်များ၏ မတရားအုပ်ချုပ်မှုနှင့် တရားမျှတမှု ကင်းမဲ့နေသည့် အခြေအနေများကို တိုက်ဖျက်ရန်အတွက် မဖြူဖြူသင်း၏ စိတ်ပိုင်းဖြတ်ထားမှုက ပြောင်းလဲ မသွားခဲ့။ မယိုင်မလဲ ဆက်လက် တည်ရှိနေခဲ့သည်။ ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် သူမ၏ ဘ၀တခုလုံး မြှုပ်နှံဆောင်ရွက် ရန် အတွက်လည်း သူမစိတ်ပိုင်းဖြတ်ထားခဲ့သည်။

သူမ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို ဖြိုဖျက်ပစ်နိုင်မည်ဟု ယူဆထားသည့် စစ်အစိုးရ၏ ကြိုးပမ်းမှုသည် လွဲချော်သွားခဲ့ရ သည်။ “ဒီလိုထင်တာ သူတို့အမှားပဲ” မဖြူဖြူသင်းက ရယ်ရယ်မောမောဖြင့် ပြောခဲ့သည်။ သူမ အဖမ်းမခံရခင် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်၌် ရံဖန်ရံခါသာ သူမလုပ်ကိုင်ပေးခဲ့သည်။ သို့သော်လည်း ထောင်မှ ပြန်ထွက်လာပြီး နောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် တရက်မှမပျက်ဟု ဆိုရလောက်အောင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်လာခဲ့တော့သည်။

ထောင်တွင်းအတွေ့အကြုံများက သူမ၏ အမျိုးသမီးသဘာဝ မေတ္တာစိတ်နှင် စိတ်ခံစားချက်များကို ပိုမိုခိုင်ကြည်သော သံန္နိဌာန်တခု အဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ နိုင်ငံရေးတွင် လုံးဝပါဝင်ပတ်သက်မှု မရှိခဲ့သော ညီအမ ၃ ဦး ရင်ဆိုင်ခဲ့ရ သည့် မတရားမှုကို သူမက ပြန်ပြောပြခဲ့သည်။ ညီအမ ၃ ဦးက နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမရှိခဲ့သော်လည်း သူတို့၏ အကိုက ဂျပန်နိုင်ငံ၌ စစ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် အာဏာပိုင်များက ဖမ်းဆီးထောင်ချ ခြင်းကို ခံခဲ့ကြရသည်။

သူမ၏ အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ကူညီလုပ်ကိုင်ပေးမှုကြောင့် မဖြူဖြူသင်းကို လူအများက စာနာထောက်ခံကြသည်။ လွန်ခဲ့သော မေလတွင် သူမ ထပ်မံအဖမ်းခံရသောအချိန်တွင်လည်း ထိုလူနာများက သူမ ပြန်လွှတ်ပေးရေးအတွက် အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့သည်။

လွန်ခဲ့သော လ ဆန္ဒပြချီတက်ပွဲများ ကာလအတွင်း သူမစောင့်ရှောက်ပေးခဲ့ဖူးသော ဝေဒနာရှင်တဦးက သူမကို အကာအကွယ်ပေးထားခဲ့သည်။ “ခင်ဗျား အဖမ်းခံရလို့ မဖြစ်ဘူး” ဟု ပြောခဲ့သည်။ လွန်ခဲ့သော ၅ နှစ်တာ ကာလအတွင်း မဖြူဖြူသင်းနေဖြင့် အစိုးရက မျက်ကွယ်ပြုထားသော ဝေဒနာရှင် ၁,၅၀၀ ခန့်ကို ပြုစုစောင့်ရှောက်ခဲ့သူလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က မြန်မာနိုင်ငံတွင် အမျိုး သမီး နိုင်ငံရေးအကျဉ်းသားဦးရေ ၅၀ ထက် ပိုရှိနေကြောင်း ဖော်ပြခဲ့သည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှစ၍ အမျိုးသမီး ၅၀၀ ကျော်သည် နိုင်ငံရေးတွင် ၎င်းတို့ ပါဝင်ပတ်သက်ခဲ့မှုများကြောင့် ထောင်ကျခံခဲ့ရကြောင်းလည်း အေအေပီပီ က ခန့်မှန်း ဖော်ပြခဲ့သည်။

နိုင်ငံရေးနှင့် အာဏာကျင့်သုံးမှု အခန်းကဏ္ဍတွင် မြန်မာအမျိုးသမီးများ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မှု ရှိခဲ့သည်။ ပြန် ကြည့်လျှင် ရာစုနှစ်များစွာချီ၍ အတိတ်ကာလကတည်းက အရေးပါခဲ့ကြသည်။

အေဒီ ၁၁ ရာစုမှ ၁၃ရာစုအထိ ပုဂံခေတ်တွင် ဘုရင်မ ဖွားစော၏ တရားမျှတသော အုပ်ချုပ်မှုကို အမျိုးသားဘုရင်များက ပင် ခန့်ညားလေးစားခဲ့ကြရသည်။ ၁၄၅၃ ခုနှစ်မှ ၁၄၇၂ ခုနှစ်အထိ မွန်နေပြည်တော်အား အုပ်ချုပ်ခဲ့သူ ဘုရင်မ ရှင်စောပု သည်လည်း ထိရောက်ကျွမ်းကျင်သော အုပ်ချုပ်မှုအတွက် အမည်နာမကျော်ကြားခဲ့သူ ဖြစ်ခဲ့သည်။

ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅) အတွင်းကာလတွင်လည်း နန်းမတော် မယ်နုနှင့် ဆင်ဖြူမရှင် မိဖုရားနှစ်ပါးသည် ၎င်း တို့၏ စိတ်ဓါတ်ခိုင်ကြည်မှု၊ အစိုးရလုပ်ငန်းများအတွင်း ထိထိရောက်ရောက် ပါဝင်နေမှုတို့အတွက် လေးစားခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးမိဖုရားဖြစ်သော စုဘုရားလတ်သည်လည်း သီပေါဘုရင်၏ လုပ်ပိုင်ခွင့်ကိုပင် ကျော်လွန်၍ တိုင်းနန်းပြည်ရေးရာများတွင် မူးကြီးမတ်ရာများနှင့် အနီးကပ် ဆောင်ရွက်ခဲ့လေသည်။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့ကာလဦးပိုင်း စစ်ရေးအရ ခုခံတိုက်ခိုက်မှုများတွင်လည်း အမျိုးသမီးများက ရှေ့တန်းက ပါဝင်တိုက် ခိုက်ခဲ့ကြသည်။ ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် ရှမ်းအမျိုးသမီးများ၏ သတ္တိကို ဗြိတိသျှအရာရှိပင် လေးစားရကြောင်း ဖော်ပြခဲ့ရသည်။ “မြန်မာ့စစ်ပွဲများအကြောင်း” ဟူသော အင်္ဂလိပ်စစ်တပ် ဗိုလ်မှူး စနော့ဂရတ်စ်ရေးထားသည့် စာအုပ်တွင် ၁၈၂၅ ခုနှစ်က ဖြစ်ပွားခဲ့သော ၀က်ထီးကန်တိုက်ပွဲအကြောင်းကို ဖော်ပြထားခဲ့ပြီး၊ ရှမ်းအမျိုးသမီး တိုင်းရင်းသူများ သတ္တိဗျတ္တိကို လေးစားချီးကျူး၍ ဖော်ပြခဲ့သည်။ သူက “ထိုရဲမက်စစ်သည် အမျိုးသမီးများ သည် စစ်ဝတ်တန်ဆာကို ၀တ်ဆင်ထားကြသည်။ မြင်းများကို ရဲဝံ့စွာ စီးနင်း၍ စစ်သည်များကိုလည်း ရဲဝံ့တက်ကြွလာစေ ရန် အားပေးစကားများ ပြောနေကြသည်။ ချောမောလှပသည့် အမေဇုန်တောသူများသဖွယ် စစ်သမီးပျိုတဦး၏ ရင်ဘတ် တွင် တိုက်ပွဲအတွင်း ကျည်သင့်ခဲ့ရသည်” ဟု ရေးသားခဲ့သည်။

၂၀ ရာစုနှစ်အစပိုင်း နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွင်လည်း ပညာတတ် အမျိုးသမီးများ၏ ပါဝင်လာမှုကြောင့် ပိုမို၍ အားကောင်းလာခဲ့ရသည်။ ၁၉၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ဖြစ် သော ကုမ္မာရီအသင်းကို ပညာတတ်အမျိုးသမီးများက တည်ထောင်ခဲ့ကြသည်။ နောင်တနှစ်အကြာတွင် ဖြစ်ပွားခဲ့သည့် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သပိတ်မှောက်သော တက္ကသိုလ်သပိတ်တိုက်ပွဲတွင်လည်း ထိုအသင်းကြီး၏ ကျောင်းသူ အဖွဲ့ဝင်များက ပါဝင် သပိတ်မှောက်ခဲ့ကြသည်။

မြန်မာအမျိုးသမီး ကုမ္မာရီအသင်း နှင့် မြန်မာ ၀ံသာနု အမျိုးသမီးအသင်း ကဲ့သို့သော အခြားသော အမျိုးသမီးအဖွဲ့အစည်း များ၏ လုပ်ငန်းစဉ်တွင်လည်း အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီစနစ် ဆန့်ကျင်ရေးကို ဦးတည်ချက်တခုဟု သတ်မှတ်ခဲ့ကြသည်။

အင်္ဂလိပ်အစိုးရကို ပြောင်ပြောင်တင်းတင်း အာခံဆန့်ကျင်သောအားဖြင့် သခင်ဘွဲ့ခံယူကြသော အမျိုးသားများ၏ စံနမူနာ အတိုင်း အမျိုးသမီးများကလည်း သခင်မများအဖြစ် ဘွဲ့ခံယူခဲ့ကြသည်။

၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့်လည်း အမျိုးသမီး အများအပြားသည် ထောင်သွင်း အကျဉ်းချခံခဲ့ကြရသည်။ သခင်မ မသိန်းတင်သည် အင်္ဂလိပ်အစိုးရအား ရဲရဲဝံ၀ံ့ အံတုရင်ဆိုင်သောကြောင့် ထင်ပေါ်ကျော်ကြားခဲ့ပြီး ပထမ ဦးဆုံး ထောင်ကျခံရသည့် မြန်မာအမျိုးသမီး ၅ ဦးအနက် တဦးအပါအ၀င် ဖြစ်သည်။

၁၉၃၁ ခုနှစ် တွင် ကုလသမဂ္ဂ(နိုင်ငံပေါင်းချုပ်အသင်းကြီး) သို့ အာရှ အမျိုးသမီးထုကိုယ်စား တက်ရောက်ရန် ပထမဆုံး အရွေးချယ်ခံရသူ ဒေါ်မြစိန်(လက်ဝဲဘက်) နှင့် ၁၉၂၉ ခုနှစ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ ဒေါ်နှင်းမြ (လက်ယာဘက်)။ (ပန်းချီ ဟန်လေးက သရုပ်ဖော်ရေးဆွဲထားသည်)

အင်္ဂလိပ်အစိုးရအား ဆန့်ကျင်မှု တစစ ပိုမိုကြီးထွားလာသည်နှင့်အမျှ မြန်မာအမျိုးသမီးများသည် နိုင်ငံတကာအဆင့်တွင် နေရာ တနေရာ ရရှိရေးအတွက် စတင်တောင်းဆိုလာခဲ့ကြသည်။ ၁၉၃၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော နိုင်ငံလုံး ဆိုင်ရာ မြန်မာနိုင်ငံ အမျိုးသမီးကောင်စီက လန်ဒန်တွင် ပြုလုပ်သော မြန်မာ့အရေး အထူးဆွေးနွေးပွဲ ကွန်ဖရင့်သို့ မြန်မာအမျိုးသမီးကိုယ်စားလှယ်တဦး တက်ခွင့်ပြုရန် အင်္ဂလိပ်အစိုးရအား အောင်မြင်စွာ ဖိအားပေးနိုင်ခဲ့သည်။

စာရေးဆရာမ၊ ကျောင်းဆရာမနှင့် မိခင်တဦးဖြစ်သူ အမ်အေ မြစိန်ဟု လူသိများသော ဒေါ်မြစိန်ကို ကောင်စီက ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဝိဇ္ဖ္ဖာဘွဲ့ ရရှိခဲ့သောကြောင့် သူမအား အမ်အေမြစိန်ဟု ခေါ်ကြခြင်းလည်း ဖြစ်သည်။ ၁၉၃၁ အစောပိုင်းတွင်လည်း ကုလသမဂ္ဂဖြစ်လာမည့် နိုင်ငံပေါင်းချုပ် အသင်းကြီး အတွက် အာရှတလွှားရှိ အမျိုးသမီးထုအား ကိုယ်စားပြုတက်ရောက်မည့် အမျိုးသမီးနှစ်ယောက်တွင် ဒေါ်မြစိန်က ကိုယ်စားလှယ် တဦးအဖြစ် ရွေးချယ်ခံခဲ့ရသေးသည်။

လန်ဒန်ဆွေးနွေးပွဲတွင် ဒေါ်မြစိန်က အင်္ဂလိပ်အစိုးရအား မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် တန်းတူအခွင့်အရေးများ ကို အာမခံပေးသော ဥပဒေတခု ပြဌာန်းပေးရန် တောင်းဆိုခဲ့သည်။

၁၉၂၉ ခုနှစ်တွင် ဒေါ်နှင်းမြသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရ သည်။ ၁၉၃၇ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရသော အခြားအမျိုးသမီးတဦးမှာ ဒေါက်တာဒေါ်စောစ ဖြစ်ပြီး သူမအား ဗြိတိသျှအင်ပါယာ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် နိုင်ငံသားတဦးအဖြစ် ချီးမြှင့်ခံခဲ့ရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၅ နှစ်အကြာ ၁၉၅၃ ခုနှစ်တွင် ထိပ်တန်း အမျိုးသမီးနိုင်ငံရေးသမား တဦးဖြစ်သူ မစ္စ ဘမောင်ချိန် သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တဦးတည်းသော ကရင်ပြည်နယ် ကိုယ်စားပြုဝန်ကြီးအဖြစ် ရွေးချယ် ခံခဲ့ရသည်။

သို့သော်လည်း ဗိုလ်ချုပ်နေ၀င်း စစ်အာဏာသိမ်းယူခဲ့သော ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလများမှစ၍ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစစ မှေးမှိန်လာခဲ့ရသည်။ အမျိုးသားများ ကြီးစိုးသော အုပ်ချုပ်ရေးစနစ်တွင် အမျိုး သမီးများအဖို့ ကြိုးဆွဲရာကရသော ရုပ်သေးရုပ်သာသာ အဆင့်သို့ ရောက်ခဲ့ရတော့သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ နိုင်ငံတ၀န်း လူထုအုံကြွမှုကြောင့် ဦးနေ၀င်းအာဏာ စွှန့်လွှတ်ခဲ့ရသော ၁၉၈၈ ခုနှစ်အထိ ကာလကို မြန်မာ အမျိုးသမီး များအတွက် “အမှောင်လွှမ်းသောခေတ်” အဖြစ်ပင် သတ်မှတ်နိုင်သည်။

လက်ရှိ စစ်အစိုးရအောက်တွင် အမျိုးသမီးထုသည် ထူးခြားသိသာစွာ တိုးတက်လာခြင်း မရှိခဲ့သကဲ့သို့ အစိုးရအဖွဲ့တွင် လည်း အမျိုးသမီး တဦးတယောက်ကိုမျှ အဆင့်မြင့်ရာထူးများ၌ နေရာပေးခံရခြင်း မရှိခဲ့ပေ။

သို့သော် ၁၉၈၈ ခုနှစ်တွင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦး ဆောင်မှုနေရာ ရရှိလာခဲ့ပြီး လူအများ ကြည်ညိုလေးစားရသော အမျိုးသမီးခေါင်းဆောင်တဦးအဖြစ် မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ နိုင်ငံတ၀န်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွင် သူမက ဗဟိုချက်မသဖွယ် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်သော လူငယ်ထုများအကြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က စံပြုထိုက်စရာ ပုဂ္ဂိုလ်တဦးအဖြစ် ရှုမြင်သတ်မှတ်ထားခဲ့ကြသည်။

မနီလာသိန်းနှင့် မဖြူဖြူသင်းတို့ နှစ်ဦးစလုံးက ဒေါ်အောင်ဆန်းစုကြည်အား စံပြုထိုက်သူ တဦးအဖြစ် သတ်မှတ်ထား ကြပြီး ၎င်းတို့က ရင်းနှီးကျွမ်းဝင်စိတ်ဖြင့် “အန်တီ” ဟုခေါ်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း တရားမျှတမှုနှင့် လွတ်လပ်ခွင့်အတွက် မိသားစုနှင့် တည်ငြိမ်လုံခြုံသော မိသားစုဘ၀ကို စွှန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်နေသူ တဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ခင်ပွန်းဖြစ်သူ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ်၊ သားငယ်နှစ်ဦးတို့နှင့်အတူ နိုင်ငံရပ်ခြားတွင် အခြေချ နေထိုင်နိုင်သည့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပြီး ရန်ကုန်တွင် အကျယ်ချုပ်ဖြင့် နေထိုင်နေရသည့် လမ်းကို ရွေး ချယ်ခဲ့သည်။ ခင်ပွန်းကွယ်လွန်သောအခါတွင်လည်း နောက်ဆုံးအကြိမ်အဖြစ် တွေ့ခွင့်မရခဲ့။ စစ်အစိုးရက သူမ မြန်မာနိုင်ငံ သို့ ပြန်ဝင်ခွင့်ကို ပိတ်ပင်မည့်အရေးကို စိုးရိမ်သောကြောင့် ခင်ပွန်းသည်၏ ဈာပနသို့လည်း မတက်ရောက်ခဲ့ရပေ။ သား နှစ်ဦးကို တွေ့ခွင့်မရသည်မှာလည်း နှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်သည်။

“ကြက်ဖတွန်မှ မိုးလင်းတာပါ၊” ဟု ၁၉၉၅ ခုနှစ် ဘေဂျင်းမြို့တွင် ကျင်းပသော အမျိုးသမီးရေးရာ အန်ဂျီအိုဖိုရမ် အစည်း အဝေး၌ မြန်မာစကားပုံဟောင်းတခုကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမှတ်တမ်းတင် မိန့်ခွန်းတခုမှ တဆင့် ပြောဆိုခဲ့သည်။ “တကယ်တော့ ကြက်ဖက အမှောင်ထုကို ဖယ်ရှားပစ်မည့် အလင်းရောင်ကို ကြိုဆိုသောအားဖြင့်သာ တွန်လိုက်ခြင်း ဖြစ်ပါတယ်” ဟု သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“အမျိုးသားများကသာလျှင် ဤကမ္ဘာကြီးကို အလင်းဆောင်ပေးနိုင်တာ မဟုတ်ပါ။ မေတ္တာတရား ထားတတ်ခြင်း၊ တဦး တည်း အနစ်နာခံတတ်ခြင်း၊ သတ္တိဗျတ္တိ ရှိခြင်းနှင့် မဆုတ်မနစ်သော လုံ့လထားရှိခြင်း စသည့်အစွမ်းများရှိသော အမျိုး သမီးများသည် သေးသိမ်သည်းညည်းမခံတတ်ခြင်း၊ အမုန်းတရား ထားရှိခြင်း၊ ဒုက္ခဝေဒနာ ခံစားရခြင်းနှင့် မျှော်လင့်ချက် ကုန်ဆုံးရခြင်း စသော အမှောင်ထုကို ကွယ်ပျောက်ချုပ်ငြိမ်းစေရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်” ဟု ဤမိန့်ခွန်းအတွင်း ဖြည့်စွက်ပြောဆိုခဲ့ပါသေးသည်။

“ ဒီမိုကရေစီ လှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့တာကြောင့် ထောင်ကျခံခဲ့ရတဲ့ ကျမရဲ့ အမျိုးသား လုပ်ဖေါ်ကိုင်ဖက် အများစုက သူတို့ရဲ့ အမျိုးသမီးတွေ အပေါ်မှာ သူတို့ပြန်ဆပ်ရမယ့် ကျေးဇူးတွေရှိတယ် ဆိုတဲ့အကြောင်း ပြောပြကြပါတယ်။ အထူး သဖြင့်ကတော့ သူတို့ရဲ့အနားမှာ အေးအတူပူအမျှ ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့၊ မွေးကင်းစကလေးငယ်ကို နို့ချိုတိုက်ကျွေး ပြုစု စောင့်ရှောက်ပေးရတဲ့ မိခင်သည်တွေ ဖြစ်တဲ့၊ သူတို့ရဲ့ သားသမီးတွေကို ခြင်္သေ့မတွေလို သတ္တိရှိရှိ ကာကွယ်စောင့်ရှောက် ခဲ့တဲ့ သူတို့ ဇနီးသည်တွေရဲ့ ကျေးဇူးတွေအကြောင်းပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောပြခဲ့သေးသည်။

ကိစ္စရပ်များကို ဖြေရှင်းရာတွင် ပဋိပက္ခ တစုံတရာပေါ်ပေါက်ခြင်း မရှိဘဲ ဆောင်ရွက်နိုင်သည့် အစွမ်းတွင် အမျိုးသမီးများက အမျိုးသားများထက် သာလွန် စွမ်းနိုင်ကြောင်း ဆွေးနွေးချက်ကို ဒေါ်အောင်ဆန်းစုကြည်က သိပ္ပံနည်းကျ သုတေသနပြု ထားချက်၏ ရလဒ်များကို ကိုးကား၍လည်း ပြောဆိုခဲ့သည်။ လေ့လာ တွေ့ရှိချက်တခုတွင် အမျိုးသမီးများက စကားအရာ ပြောဆိုရာတွင် အမျိုးသားများထက် ပိုမိုကျွမ်းကျင်လိမ္မာကြပြီး အမျိုးသားများက ကာယဖြင့်ဖြေရှင်းရေးကိုသာ အားသန်ကြ သည်ဟု ဆိုသည်။

“ပဋိပက္ခများကို ဖြေရှင်းရာတွင် ရက်စက်မှု၊ သို့မဟုတ် အကြမ်းဖက်မှု နည်းလမ်းများထက် တွေ့ဆုံဆွေးနွေးရေးဖြင့်သာ အဖြေရှာမည်ဟူသော နည်းလမ်းကိုသာ အားထုတ်နေကြသောကြောင့် ပဋိပက္ခများအဆုံးသတ်ရေးတွင် အမျိုးသမီးများ၌
အားကောင်းချက်ရှိနေပြီး အထောက်အကူပြု ဆောင်ရွက်ပေးနိုင်စွမ်း ရှိနေသည်ကိုလည်း ယင်းတွေ့ရှိချက်များက မလွဲ မသွေ ညွှန်ပြနေခြင်း ဖြစ်သည်” ဟု ဒေါ်အောင်ဆန်းစုကြည်က အကြံပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပြင် ယခုအခါ အာဏာပိုင်များ၏ ရန်မှ ရှောင်တိမ်းနေကြရသော အမျိုးသမီးများကလည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်းတွင် ကျင့်ဝတ်ရေးရာ၊ စိတ်ဓါတ်ရေးရာပိုင်းအရ အထက်စီးမှ ရှိနေသည်ဟု ဆိုနိုင် သည်။ နိုင်လိုမင်းထက်လုပ်လိုသော အမျိုးသားများနှင့် ရက်စက်စွာ အုပ်ချုပ်သော စစ်အစိုးရ၏ ဖိနှိပ်ခံရသူသားကောင်များ အပေါ်တွင် ၎င်းတို့ထားရှိနိုင်သည့် မေတ္တာတရားကြီးမားမှုက အရေးပါသော နိုင်ငံရေးလက်နက်တခုသဖွယ် မြင်တွေ့နိုင် သည်။

“ကျမသမီးကို ကျမ ချစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းစစ်ကြောင့် ဥပမာ ကရင်ပြည်နယ်ထဲမှာ ကလေးတွေရဲ့ လက်ကိုဆွဲ ပြီး တောထဲမှာ ပုန်းခိုနေရတဲ့ သားသည်မိခင်တွေအတွက်လည်း ကျမတို့စဉ်းစားဖို့ လိုအပ်ပါတယ်။ သူတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခနဲ့ ယှဉ်ရင် ကျမခံစားနေရတာက အသေးအမွှားပါ” ဟု မနီလာသိန်းက ပြောပြသည်။

“ သူတို့ရဲ့ ကလေးတွေနဲ့ ယှဉ်ရင် ကျမသမီးက ကျမမရှိနေနိုင်သည့်တိုင်အောင် သူ့အဖိုးအဖွားတွေနဲ့ လုံလုံခြုံခြုံ နေနိုင်ပါ သေးတယ်” ဟု မိမိအရေးထက် အခြားသူများ၏ ဆင်းရဲဒုက္ခအရေးကို ပူပန်စိုးရိမ်စိတ်နှင့် သူမက တွေး၍ ဖြေသည်။

“အနာဂတ်မှာ ဒီထက် ဆိုးရွားတဲ့ ဒုက္ခတွေကို ရင်ဆိုင်တွေ့ကြုံကြရပါလိမ့်ဦးမယ်၊ ပြီးတော့ ကျမသမီးလေးလည်း ဒီအတိုင်းသာဆိုရင် ကောင်းမွန် တဲ့ ဘ၀တခုကို တည်ဆောက်ရရှိနိုင်မှာ မဟုတ်ပါဘူး” ဟု မနီလာသိန်းက ပြောပြခဲ့ပါ သည်။ [Top]

၂၀၀၇ ခုနှစ် အောက်တိုဘာလ ထုတ် ဧရာဝတီမဂ္ဂဇင်းမှ No Soft Touch By Kyaw Zwa Moe ကို ဆီလျှော်အောင် ပြန်ဆို ဖော်ပြပါသည်။

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.