#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

မိုးလေထဲက အူဝဲထာ့
ခိုင်မာကျော်ဇော | အောက်တိုဘာ ၈၊ ၂၀၀၇

မြန်မာနိုင်ငံဘက်ခြမ်းကနေပြီး သံလွင်မြစ်ကြီးထဲကို တသွင်သွင်စီးဆင်းနေတဲ့ အူဝဲချောင်းရိုးလေးအတိုင်း မိနစ် ၂၀ ကျော်ကြာ လမ်းလျောက်ပြီးရင်တော့ ကရင်ဒုက္ခသည် ၂၅၀ ကျော် ခိုလှုံနေကြတဲ့ အူဝဲထာ့ဆိုတဲ့ ဒုက္ခသည် စခန်းလေးကို ရောက်ပါပြီ။

ဒီစခန်းလေးဟာ ၂၀၀၇ ခု ဇွန်လလယ်လောက်ကမှ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ မိုးထဲလေထဲမှာ ကျိုးတိုးကျဲတဲ ဆောက်လုပ် ထားတဲ့၊ ဆောက်လုပ်နေဆဲဖြစ်တဲ့ အသစ်စက်စက် တဲအိမ်လေးတွေကတော့ မိုးမိထားတဲ့ နှံပီစုပ်ငှက်ကလေးတွေလို ကုပ်ကုပ်ချိချိ။ ခရီးပမ်းလာတဲ့ မျက်နှာတွေ၊ ဖြူဖတ်ဖြူရော် အသားအရေတွေ၊ ချိနဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို အားလုံးလိုလိုဟာ မှုန်စုပ်စုပ်၊ ညစ်ကြေကြေ အ၀တ်အထည်တွေကို ၀တ်ဆင်ထားကြပြီး တိတ်ဆိတ်စွာ လှုပ်ရှားသွားလာနေကြပါတယ်။

တဲအိမ်လေးတွေကို မိုးထား၊ ကာထား၊ ခင်းထားတဲ့ ၀ါးတွေ၊ ဖက်တွေနဲ့ လောလောလတ်လတ် ခုတ်ထားတဲ့ ထင်းပုံတွေ ကတော့ သူတို့အားလုံးနဲ့ ဆန့်ကျင်စွာ စိမ်းစိုလတ်ဆတ်လို့။ မိုးစိုထင်းတွေကတော့ တဲအိမ်လေးတွေထဲက မီးခိုးငွေ့တွေ အူထွက်နေအောင် အစွမ်းကုန် တန်ခိုးပြနေပါတယ်။ ‘တဒုတ်ဒုတ်’ နဲ့ အဆက်မပြတ် ကြားရတာကတော့ စခန်းလေးရဲ့ ဘယ်ညာတ၀ိုက်က သစ်ခုတ်၊ ၀ါးခုတ်သံတွေပါ။

စခန်းရဲ့ညာဘက် တောစပ်ကနေ အူဝဲချောင်းကိုဖြတ်ပြီး ၀ါးဘိုးဝါးကြီး ၂ လုံးကို မနိုင့်တနိုင်သယ်ပိုးလာတဲ့ သားအမိ (၃) ဦးကို မြင်ရတာက ဂျွမ်းဘားပြကွက်တခုကို ကြည့်နေရသလိုလို အသည်းတထိတ်ထိတ်၊ ရင်တဖိုဖို။

၆ နှစ်အရွယ် ကောင်လေးက ၀ါးဘိုးဝါးကြီးတလုံးကို အရှေ့ဘက်က ထမ်း၊ မိခင်ဖြစ်သူက အနောက်ဘက်ကနေ လက်တဘက်နဲ့ထိန်း။ အဲဒီမိခင်ရဲ့ ပုခုံးပေါ်မှာလည်း ရွယ်တူ ၀ါးဘိုးဝါးကြီးတလုံးကို ထမ်းပိုးထားပါသေးတယ်။ သူမရဲ့ နောက်ကျောဘက်မှာတော့ အ၀တ်ဟောင်းတစနဲ့ လွယ်ပိုးထားတဲ့ နို့စို့အရွယ်ကလေးငယ်တဦး။ အိပ်မောကျနေတဲ့ နို့စို့ကလေးရဲ့ဦးခေါင်းကလည်း ဘေးကိုစောင်းကျလို့။ မညီညာတဲ့ ကျောက်တုံး ကျောက်ခဲတွေကို ရှေ့ကသွားတဲ့သားက နင်းလိုက်တိုင်း အနောက်က မိခင်က အထမ်းတဘက်၊ အလွယ်တဘက်နဲ့ လိုက်လိုက် ထိန်းနေတာကို မြင်ရတာကလည်း ရင်တမမ။ အဲဒီသားအမိ သူတို့တဲအိမ်လေးနားရောက်လို့ ၀ါးဘိုးဝါးကြီး (၂) လုံးကို တဘုံးဘုံးနဲ့ ပစ်ချတော့မှ စိတ်ဒုံးဒုံး ချနိုင်ပါတော့တယ်။

စခန်းထဲကိုဝင်လာတဲ့ မျက်နှာစိမ်းတွေကိုတော့ လူကြီးတွေက မျက်လုံးသေတွေနဲ့ လှမ်းလှမ်းကြည့်ကြပြီး ကလေးတွေ ကတော့ ၀ါးကတ်အပေါက်ကလေးတွေကနေ ပြူတစ်ပြူတစ်နဲ့ ချောင်းကြည့်ကြပါတယ်။ ၀ါးကတ်အပေါက် ကလေးတွေ ကနေ ချောင်းကြည့်နေတဲ့ ကလေးတယောက်ကို လက်ပြနှုတ်ဆက်တော့ ၀ါးကတ်အပေါက် ကလေးတွေကနေ ဝေးရာကို သူ့မျက်နှာလေး တဖြည်းဖြည်းရွေ့သွားပြီး တအင့်အင့်နဲ့ ငိုပါတော့တယ်။

ကလေးငိုသံကြားတော့ အနီးတ၀ိုက်က တဲအိမ်လေးတွေပေါ်မှာ ရှိနေကြတဲ့ ယောက်ျား၊ မိန်းမတွေနဲ့ ကလေးတွေက ကလေးငိုသံထွက်ပေါ်ရာကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်ကြပါတယ်။ သူတို့အားလုံးရဲ့ မျက်နှာတွေက စိုးရိမ် စိတ်တွေ အထင်းသား။

“ကျမတို့လာတဲ့လမ်းမှာ ကလေးငိုရင် အဲဒီကလေးနဲ့အမေနားကို ဘယ်သူမှ မကပ်တော့ဘူး။ သူတို့နဲ့ ဝေးရာကို ထွက်ထွက် ပြေးကြတယ်။ ကလေးတွေ ငိုသံကြားရင် နအဖတပ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုတတ်တော့ ကျမတို့ကြောက် တာပေါ့”လို့ သူတို့လာရာလမ်းမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တခုကို ဒုက္ခသည်အမျိုးသမီးတဦးက ပြန်ပြောပြတာပါ။ နအဖ တပ်စခန်းတွေနဲ့ နီးတဲ့လမ်းတွေကို ဖြတ်ကူးရတိုင်း ကလေးတွေမငိုအောင် မုန့်ကလေးတွေနဲ့ ချော့သူကချော့၊ မုန့်ပဲ သွားရေစာ မရှိတဲ့လူတွေကတော့ ဘာမီတွန် ဆေးပြားကိုတိုက်ပြီး လမ်းဖြတ်ကူးကြရတယ်လို့ ဒုက္ခသည်တွေက ပြောပြပါတယ်။

“၅ နှစ်အထက် ကလေးအားလုံးလိုလို လမ်းလျောက်ရတယ်။ အဖေတွေ အမေတွေက ငယ်ရွယ်တဲ့ ကလေးတွေ၊ အိုးခွက်၊ အ၀တ်အထည်နဲ့ စားစရာတချို့ကိုထမ်းပိုးရတာကိုး။ အဖေတွေ အမေတွေလွယ်ပိုးထားတဲ့ ကလေးတွေက ငယ်လည်း ငယ်တော့ အခြေအနေကိုမသိဘူးပေါ့နော်။ အစာလည်းကောင်းကောင်းမစားရ၊ ရက်တွေကလည်း ကြာတော့ ညောင်းချိပြီး ငိုတာပေါ့။ ကလေးတွေငိုမှာစိုးလို့ လမ်းဖြတ်ကူးရင် မုန့်လေးတွေကြွေးပြီး ချော့တဲ့သူက ချော့ တချို့ကတော့ ဘာမီတွန်တွေ တိုက်ပြီး ကလေးတွေ အိပ်တဲ့အချိန်တွေမှာ ကားလမ်းဖြတ်ကူးကြရတယ်”လို့ အူဝဲထာ့စခန်းကို ရောက်ရှိလာတဲ့ နော်ရှယ်လေက ပြောပါတယ်။

ကလေးလူကြီး ၂၀၀ ကျော်ပါတဲ့ နော်ရှယ်လေတို့အဖွဲ့ဟာ တောင်ငူခရိုင်၊ ထန်းတပင်နဲ့ သံတောင်နယ်ထဲက ထွက်ပြေး လာကြတာပါ။ သူတို့ ပြေးနေရတာကတော့ ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းထဲက ကေအန်ယူထိန်းချုပ်ရာ တောင်ငူခရိုင် အတွင်းကို နအဖ တပ်တွေ ထိုးစစ်ဆင်ကတည်းကပါ။ အဲဒီအချိန်တုန်းကတော့ ထိုးစစ်တွေပြီးသွား ရင် နအဖ တပ်တွေ ပြန်ဆုတ်သွားမယ်။ သူတို့လည်း သူတို့ရွာမှာ ပြန်လည်နေထိုင်လို့ရမယ်ဆိုတဲ့ မျော်လင့်ချက် နဲ့ တောတွေတောင်တွေထဲမှာပဲ လှည့်ပတ်ရှောင်တိမ်းနေခဲ့ကြတာပါ။

“ကျနော်တို့က ကိုယ့်ရွာကိုယ့်ဒေသကို မစွန့်ခွာချင်ဘူး။ ဒုက္ခသည်စခန်းမှာ သူများပေးမှ စားရသောက်ရတဲ့ ဘ၀ကိုလည်း မရောက်ချင်တော့ ကိုယ့်ဒေသတ၀ိုက်မှာပဲ ကုပ်ကုပ်ကပ်ကပ်နဲ့ လိုက်ပုန်းနေခဲ့တာ တနှစ်ကျော် လောက် ကြာတယ်။ စစ်ဆင်ရေးပြီးသွားပေမယ့် တပ်တွေကို ပြန်မဆုတ်ဘဲ ရွာတွေမှာ စခန်းအသစ်တွေ ထပ်ပြီး ချလာတော့ ကျနော်တို့ရွာကို ဘယ်လိုမှ ပြန်ကပ်လို့မရတော့ဘူး”လို့ စောကပေါ်ရှီးက ပြောပါတယ်။

“ဒါလည်း ကျနော်တို့ ဇွဲမလျော့သေးဘူး။ ကျနော်တို့ ပုန်းနေတဲ့နေရာတွေကနေပြီး ကျနော်တို့ ခြံတွေ၊ တောင်ယာတွေထဲ ခိုးခိုးပြန်ပြီး အသီးအနှံတွေ ပြန်ခူးတယ်။ အစားအစာတွေ ပြန်ရှာစားတယ်။ ဒါကိုသိတော့ သူတို့က တောင်ယာတွေ၊ ဥယျာဉ်ခြံတွေအနှံ့မှာ မိုင်းတွေ ထောင်တော့တာပဲ။ ပြတ်တဲ့လူလည်းပြတ် သေတဲ့လူလည်းသေ။ ကျနော်တို့ သူတို့ကို အတွေ့လည်း မခံရဲဘူး။ တွေ့တာနဲ့ သူတို့က ပစ်တာပဲ”လို့ သူက ပြောပါတယ်။

ဒုက္ခသည်အဖြစ် မခံလိုတဲ့စိတ်၊ ဇာတိရပ်ရွာကို မက်မောတွယ်တာတဲ့ စိတ်တွေက စောကပေါ်ရှီးရဲ့ ရင်ထဲမှာ အပြည့်ပါ။ ဒီစိတ်ကြောင့်ပဲ ၂၀၀၆ ခုနှစ်က သူတို့ရွာကနေ အီတိုးထာ့ဒုက္ခသည်စခန်းကို ထွက်ပြေးလာတဲ့ ရွာသားတွေနဲ့ခွဲပြီး တောတွေတောင်တွေထဲမှာပဲ သူတို့မိသားစု နေရစ်ခဲ့တာပါ။

“အခြေအနေတွေက တော်တော်ဆိုးတယ်။ နေရာ ၂ခု၊ ၃ခုကို ကျနော်တို့ လှည့်ပတ်ရှောင်တိမ်းနေတာ စားဝတ် နေရေးက အရမ်းခက်ခဲလာတယ်။ ကြာရင် ချောင်ပိတ်မိပြီး သေရင်သေ၊ ဒါမှမဟုတ်လည်းအစာရေစာငတ်ပြတ်ပြီး သေကုန်မှာပဲ။ ဒါကြောင့် ကျနော်တို့ဖောက်ထွက်ပြီး ပြေးလာကြတာ၊ မိုးတွင်းခရီးဆိုတော့ ရက် ၂၀ကျော်လောက် ကြာတယ်။ ရိုးရိုး လမ်းလည်း မသွားရဲဘူး။ သတင်းပေါက်ပြီး စစ်တပ်က ဖြတ်ပိုင်းမှာစိုးလို့ ကိုယ့်လမ်းကိုယ် ဖောက်ပြီး လာကြတာ”လို့ သူက ပြောပါတယ်။

နအဖတပ်တွေက ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲလဲနေတဲ့ ယောက်ျားဖြစ်သူကို သတ်ပြီး အိမ်နဲ့ တပါတည်း မီးရှို့ လိုက်တဲ့အဖြစ်ကိုတော့ ဇနီးဖြစ်သူ နော်ခူးမုက အားပျော့နေတဲ့ မျက်လုံးတွေနဲ့ ပြန်လည်ပြောပြပါတယ်။ အဲဒီနေ့က ၂၀၀၆ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ပါ။ နော်ခူးမုတောင်ယာကအပြန်မှာ နအဖ တပ်တွေရွာထဲဝင်နေပြီ ဆိုတာကို ရွာသားတွေက သတင်းပေးလို့ ကလေးတွေနဲ့အတူ ခြေဦးတည့်ရာပြေးခဲ့လို့သာ သူတို့သားအမိတွေ အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် အိပ်ရာထဲလဲနေတဲ့ ယောက်ျားကိုတော့  မကယ်နိုင်ခဲ့ပါ။

“ကျမမှာ ကလေး(၅)ယောက်ရှိတယ်။ သူတို့အဖေဆုံးသွားတုန်းက အခု အငယ်ဆုံးလေးကိုယ်ဝန်နဲ့။ ကျမလည်း မလုပ်နိုင် မကိုင်နိုင် အစားအစာတွေလည်း စားမလောက်၊ ကလေးတွေလည်း တယောက်မှ ကျောင်းမနေရဘူး။ အခက်အခဲအမျိုးမျိုး ကြောင့် ဒီကိုရောက်လာတာပါ”လို့ နော်ခူးမုက ပြောပါတယ်။

ရေချောင်းကြီးတွေ၊ မြင့်မားမတ်ဆောက်တဲ့ တောင်စဉ်တောင်တန်းကြီးတွေကိုဖြတ်။ ရောက်တဲ့နေရာမှာ ဖြစ်သလို အိပ်။ လမ်းမှာတွေ့တဲ့ အသီးအရွက်တွေကို  မကျက်တကျက် ချက်ပြုတ်စားသောက်ပြီး နေ့ရောညပါ ခရီးပြင်းနှင်ခဲ့ရတဲ့ သူတို့ အားလုံးဟာ အခုအချိန်ထိ အမောပြေသေးဟန် မတူပါ။ သူတို့အကြောင်းကို ပြန်လည် ပြောပြနေတဲ့ သူတို့ ရင်ခုန်သံတွေက နှိမ့်တုန်မြင့်တုန်နဲ့ အရှိန်ပြင်းစွာ ခုန်နေဆဲပါ။

သူတို့ကြားသာကြားဖူးပြီး မမြင်ဘူးတဲ့ သံလွင်မြစ်ကြီးကို မျက်ဝါးထင်ထင် မြင်ရတွေ့ရတော့လည်း သူတို့ ရင်တုန် ပန်းတုန် ဖြစ်ရတယ်လို့ ဆိုပါတယ်။ သံလွင်မြစ်ကြီးထဲ ကော်ဖီရောင်ထနေတဲ့ရေတွေ ခေါင်းတထောင်ထောင်နဲ့ အရှိန် အဟုန်ပြင်းပြင်း စီးဆင်းနေတာကိုမြင်တော့ ငါတို့ဆက်ပြီးပြေးလို့မရအောင် ဒီမြစ်ကြီးက စည်းခြားထား လိုက်ပြီဆိုတဲ့အတွေးနဲ့ သူတို့ ရင်လေး ခဲ့ရတယ်လို့လည်း ဒုက္ခသည်တချို့က ပြောပါတယ်။

ရှန်သားအပြာရောင် အပွင့်နုတ်နုတ်ကလေးတွေပါတဲ့ အမျိုးသမီးဝတ်အင်္ကျီကို ကောက်စွပ်ထားတဲ့ အူဝဲထာ့ စခန်းတာဝန်ခံ ကို တွေ့လိုက်တော့ ငိုရမလို ရယ်ရမလို။ အသက် ၅၀ကျော်အရွယ် အူဝဲထာ့ စခန်းတာဝန်ခံ စောဆာ့မောကဲက မှုန်ရီေ၀၀ါး နေတဲ့ မျက်လုံးတွေနဲ့ စခန်းလေးရဲ့အခြေအနေကို ဖြည်းဖြည်းမှန်မှန်ပြောပြပါ တယ်။

“တချို့အိမ်တွေကတော့ ဆောက်တုန်းပဲ။ သြဂုတ်လထဲမှာရောက်လာတဲ့ မိသားစု(၆)စုလည်းရှိတယ်။ ဆန်၊ ဆီ၊ ငါးပိ၊ ဆားတို့တော့ ကျနော်တို့ကို ထောက်ပံ့တယ်။ ဘယ်လိုပဲပြောပြော ပြေးလွှားနေရတာထက်တော့ အများကြီး တော်တာပေါ့။ ဒီမှာ ကလေးတွေလည်း စာသင်ရတယ်။ ဟိုမှာဆို တချိန်လုံးပြေးလွှားနေရတော့ စာသင်မယ့် ကလေးလည်း မရှိ၊ သင်ပေးမယ့် ဆရာလည်းမရှိ”လို့ သူက ပြောပါတယ်။

စခန်းလေးရဲ့အရှေ့ဘက်မှာ ၀ါးကတ်တွေကာရံပြီး ခပ်အုပ်အုပ်ကလေးဆောက်ထားတဲ့ မူလတန်းကျောင်းလေး ထဲမှာတော့ ကျောင်းသူကျောင်းသားနဲ့ဆရာ၊ဆရာမတွေဟာ ကြက်ခြင်းသေးသေးလေးထဲ စုထည့်ခံထားရသလိုပဲ ကြပ်ကြပ်ညှပ်ညှပ်။ တဖွဲဖွဲရွာနေတဲ့ မိုးနေ့စာသင်ခန်းထဲကိုဝင်သွားတော့ သေးနံ့၊ ချွေးနံ့၊ ခံတွင်းနံ့၊ ငါးပိနံ့၊ ဓညင်းသီး ဆားရေစိမ်နံ့အပြင် တချက် တချက်လေဝေ့တဲ့အခါ မစင်နံ့စူးစူးလေးကိုပါ အဆစ်ရူရှိုက်ရပါသေးတယ်။

ကလေးအားလုံးရဲ့မျက်နှာတွေကတော့ အပြုံးအရယ် ကင်းမဲ့စွာ အေးတိအေးစက်။ ကျောင်းလေးကိုရောက်လာတဲ့ ဧည့်သည်တွေကို လှမ်းကြည့်လိုက်တဲ့ သူငယ်တန်းကျောင်းသားလေးတဦးရဲ့မျက်နှာလေးကတော့ ကျနော်တို့ကို ပစ်မထားကြပါနဲ့လို့ ပြောနေသလိုလို။  တောင်ငူမှာ (၉)တန်းအောင်ခဲ့တဲ့ ဆရာမလေးကတော့ သူတတ်ထားတဲ့ ပညာလေးနဲ့ ကလေးတွေကို စေတနာထား အခမဲ့ သင်ကြားပေးနေတာလို့ ပြောပါတယ်။

မူလတန်းလွန်ကလေးတွေကတော့ အထက်တန်းကျောင်းရှိတဲ့ အီတိုးထာ့ဒုက္ခသည်စခန်းက အသိတွေ၊ ဆွေမျိုးတွေ အိမ်မှာနေပြီး ပညာသင်ကြားကြသလို ရောဂါဝေဒနာခံစားရတဲ့သူတွေကလည်း အီတိုးတာ့စခန်းကိုပဲ သွားရောက် ကုသ ကြပါတယ်။ အဲဒီစခန်း(၂)ခုဟာ စက်လှေစီးရင် တနာရီကျော်ကြာပြီး ကြားမှာ နအဖ တပ်ဖွဲ့ တဖွဲ့ စခန်းချထားတာမို့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအရကူးလူးသွားလာရာမှာ သူတို့သတိကြီးစွာထားနေရတယ် လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

စခန်းလေးရဲ့ခြုံရေးအတွက် ကရင်စစ်သားတွေက တာဝန်ယူပေးတယ်ဆိုပေမယ့်လို့ ကရင်ပြည်နယ် သံလွင်မြစ်ကမ်း တလျောက်မှာ နအဖ တပ်တွေနဲ့ ကရင်တပ်တွေဟာ ဘတပြန်ကျားတပြန် နေရာယူထားကြတာပါ။ သံလွင်မြစ်ကမ်း ဘေးက ဟိုကေ၊ ပေါ်ကားဒဲ၊ အူးဒါး၊ မယ်ညူထာ့ဆိုတဲ့ ရွာပုန်းရွာရှောင်တွေ နေထိုင်ရာ နေရာ တွေကိုလည်း အဲဒီ နအဖ တပ်တွေက မကြာခဏ မီးဝင်ရှို့တာတွေ ရှိပါတယ်။

ကရင်ပြည်နယ်အတွင်း ထိုင်းနဲ့မြန်မာတို့ ပူးပေါင်းပြီးဆောက်လုပ်ကြမယ့် သံလွင်ရေကာတာစီမံကိန်းဟာလည်း အခု ဒုက္ခသည် တွေ ယာယီခိုလှုံနေကြရတဲ့စခန်းတွေနဲ့အလွန်နီးကပ်တာမို့ ဒီစခန်း(၂)ခုရဲ့ရှေ့ရေးကလည်း ရင်လေးစရာပါ။ နေရပ်ဒေသတွေ ကနေ ပြေးပြီးရင်းပြေးနေရတဲ့ သူတို့ကတော့ အခုရောက်ရှိနေတဲ့ နေရာလေး ကို သူတို့ရဲ့ ခိုလှုံရာ နေရာလေး တခုလို သဘောထားပြီး ငြိမ်သက်စွာနဲ့ မျက်စိဖွင့်နားစွင့်လို့။

အားပြတ်နေတဲ့ မိခင်တဦးက မွေးထုတ်လိုက်တဲ့ မီးတွင်းထဲက မွေးကင်းစ ကလေးလေးတယောက်နဲ့တူတဲ့ အူဝဲထာ့ စခန်းလေးရဲ့ ကံကြမ္မာဟာ မသေချာ မရေရာပါ။ သံလွင်မြစ်ထဲ နေလုံးကြီးဝင်ရောက်ပျောက်ကွယ် သွားတာနဲ့ တပြိုင် နက်တည်း မှောင်မည်းသွားတဲ့ စခန်းလေးထဲက ဒုက္ခသည်တွေကတော့ အူဝဲချောင်းရေစီးသံ ကို နားစွင့်ရင်း မနက်ဖြန် များစွာကို မျော်လင့်လို့နေပါတယ်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.