မြန်မာ့နျူကလီးယားစီမံကိန်းအပေါ် သံသယများကြီးထွားလာနေ
အောင်ဇော်
ရုရှားပြည်ထောင်စု အနုမြူစွမ်းအင်အေဂျင်စီ ရိုစတမ်ရဲ့အကူအညီနဲ့ ၁၀ မီဂါဝပ်ရှိ နျူကလီးယားဓာတ်ပေါင်းဖိုတခု တည်ဆောက်မယ့်အစီအစဉ်ကို မြန်မာစစ်အစိုးရက ၀န်ခံခဲ့တာဟာ နိုင်ငံတကာအသိုင်းအ၀န်းက နေပြည်တော် စစ်အစိုးရကို ပိုပြီးအာရုံစိုက်ကြဖို့ ခေါင်းလောင်းထိုးလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအ၀န်းရဲ့ ကျဉ်ဖယ်ထားတာခံရပြီး အရေးယူပိတ်ဆို့ မှုများပြုလုပ်ခံထားရတဲ့ စစ်အစိုးရက နျူကလီးယား ဓာတ်ပေါင်းဖိုဟာ ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက် အသုံးပြုဖို့တည်ဆောက်မှာ ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။ ဒါပေမယ့် သူတို့ပြောဆိုချက်အပေါ် ပေါ့ပေါ့ဆဆ သဘောမထားကြပါဘူး၊ သံသယဖြစ်ကြပါတယ်။
မုန်တိုင်းကြောင့်လို့ဆိုပြီး မြောက်ကိုရီးယားသင်္ဘောတစင်း ရန်ကုန် ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တဲ့ ထူးခြားတဲ့ဖြစ်ရပ် အပေါ် ဝေဖန်ပြောဆိုမှု တွေ ထွက်ပေါ်မလာခင်က ဒုံးပျံနည်းပညာလွှဲပြောင်းပေးမှုနဲ့ မြန်မာ နိုင်ငံကို မြောက်ကိုရီးယား တွေ လျှို့ဝှက်ခရီး လာရောက်ခဲ့တာတွေကို
ဝေဖန်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။
စစ်အစိုးရရဲ့နျူကလီးယားနည်းပညာရရှိရေး စိတ်အားထက်သန်ခဲ့တဲ့သမိုင်းကြောင်းကို ပြန်ကြည့်ကြရအောင်ပါ။
၁၉၆၀ ခုနှစ်တွေကစလို့ မြန်မာနိုင်ငံဟာ နျူကလီးယားသုတေသနလုပ်ငန်းနဲ့ ဓာတ်ပေါင်းဖိုတခုအတွက် စိတ်ဝင်စားခဲ့ တာပါ။ အဲ့ဒီအချိန်က အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဘူမိဗေဒနဲ့ ရူပဗေဒပညာရှင်တွေကို အထက်မြန်မာပြည်နဲ့ ကချင်ပြည်နယ်တွေမှာ ယူရေနီယမ်သတ္တု ရှာဖွေဖို့ အမိန့်ပေးခဲ့ပါတယ်။ ယူရေနီယမ်ရှာဖွေရေးကရိယာတွေ တပ်ဆင် ထားတဲ့ အစိုးရလေယာဉ်တစင်းနဲ့ အထက်မြန်မာပြည်မှာရှာဖွေခဲ့ပြီး ယူရေနီယမ်ထွက်ရှိဖို့ အလားအလာကောင်းတဲ့ နေရာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘူမိဗေဒပညာရှင်တွေကလည်း သူတို့ရဲ့တွေ့ရှိချက်ကို ထိုအချိန်က မြန်မာ သတင်းစာများမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုကလည်း ကိုရီးယားနဲ့ မြန်မာနိုင်ငံမှာ အနုမြူ ဗုံးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ယူရေနီယမ် အလုံအလောက် ထွက်ရှိနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
၁၉၄၀ ခုနှစ်အစောပိုင်းက ဂျပန်ဘုရင့်တပ်မတော်ရဲ့ လေကြောင်းနည်းပညာ သုတေသနဌာနက ဗိုလ်ချုပ်ကြီး တာကီအိုရာဆူဒါက သူ့ရဲ့လက်ထောက် ဒုတိယ ဗိုလ်မှူးကြီး တာဆူဆာဘူရို ဆူဇူကီးကို သုတေသနလုပ်ဖို့ ညွန်ကြားခဲ့ ပါတယ်။ ၁၉၄၀ ခုနှစ် အောက်တိုဘာလမှာ ကိုရီးယားကျွန်းဆွယ်နဲ့ မြန်မာနိုင်ငံမှာ အနုမြူဗုံးထုတ်လုပ်ဖို့ လုံလောက်တဲ့ ယူရေနီယမ် ရရှိနိုင်တယ်လို့ ဆူဇူကီးက သတင်းပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တခုတည်းအတွက် သူ့ရဲ့ယူရေနီယမ်တွေကို အသုံးပြုမယ့် အနေအထားမှာ မရှိဘူးလို့ ထင်မြင်ယူဆရတာက `စတုတ္ထမြန်မာနိုင်ငံတော်ကြီး´ တည်ထောင်မယ့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ခပ်ကြောင်ကြောင်ပညာရှင်တွေရဲ့ စိတ်ကူးယဉ်ကြောင့်ပါ။
အဲဒီထဲက အထင်အရှားတွေ့နေရသူတဦးက ၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ်ကနေ နျူကလီးယား အင်ဂျင်နီယာဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ ရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက ပါမောက္ခ ဦးသိန်းဦးပိုစော ဖြစ်ပါတယ်။ သူဟာ ရုရှား နျူကလီးယား ပညာရှင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေအတွင်း သူဟာ ရုရှားနျူကလီးယား ပညာရှင်တွေ မြန်မာနိုင်ငံကိုဖိတ်ခေါ်ပြီး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မယ့် အကြံအစည်ကို အကောင်အထည်ဖော်ခဲ့သူဖြစ်ပါတယ်။
ဦးသိန်းဦးပိုစောဟာ အခုအချိန်မှာ ပင်စင်ယူသွားပါပြီ။ ဒါပေမယ့် မြန်မာသိပ္ပံပညာရှင်များနဲ့ နည်းပညာရှင်များအဖွဲ့မှာ ထိပ်တန်းအဖွဲ့ဝင်တဦးအဖြစ် ဆက်လက်ရှိနေပါသေးတယ်။ သူဟာ စစ်အစိုးရကပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အမျိုးသားညီလာခံမှာလည်း ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ၂၀၀၅ ခုနှစ်မှာ ကျင်းပတဲ့အမျိုးသားညီလာခံရဲ့ မြန်မာနိုင်ငံကာကွယ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခန်းမှာ သူနဲ့ ပညာရှင်တစုက အကြံပြုစာတမ်းတစောင် တင်ခဲ့တာပဲ ဖြစ်ပါတယ်။
သမားရိုးကျလက်နက်များ၊ လက်နက်ခဲယမ်းများ၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများနဲ့ မဟာဗျူဟာ မြောက် အဆင့်မြင် လက်နက်များအပြင် အနုမြူစွမ်းအင်၊ အနုမြူလောင်စာနှင့်ရေဒီယိုသတ္တိကြွခြင်း၊ အဆိုပါစွမ်းအင် ကိုထုတ်လုပ်နိုင်သော ဓာတ်သတ္တုအရင်းအမြစ်များ၊ သတ်မှတ်ခွဲခြားထားသော အဆင့်မြင့်ဓာတ်သတ္တုများ၊ ဒြပ်ဝတ္တု များ၊ နေရာဒေသများ၊ နည်းပညာများ၊ သုတေသနလုပ်ငန်းများနဲ့ သတင်းအချက်အလက်များ၊ အထူး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်ပါတယ်။ အဲ့ဒီအပြင် သတ်မှတ်ခွဲခြားထားသော အဆင့်မြင်ဓာတ်သတ္တုများ၊ ဒြပ်ဝတ္တုများ၊ နေရာဒေသ များ၊ နည်းပညာများ၊ သုတေသနလုပ်ငန်းများနဲ့ သတင်းအချက်အလက်များအတွက် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ မတော်တဆ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခြင်းများ၊ ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသူများအတွက် လျော်ကြေးငွေနှင့် အာမခံကြေး စတဲ့ ဆွေးနွေးချက်တွေကို စစ်အစိုးရရဲ့သတင်းစာ မြန်မာ့အလင်းမှာ တရားဝင်ဖော်ပြခဲ့ပါတယ်။
နျူကလီးယားစီမံကိန်းနောက်ကွယ်က နောက်ထပ် ခပ်ကြောင်ကြောင်ပညာရှင်တဦးကတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပါတယ်။ ဦးသောင်းဟာ လွန်ခဲ့တဲ့အပတ်ကပဲ မော်စကိုမြို့မှာ ရုရှားအနုမြူစွမ်းအင်ဌာန အကြီးအကဲ ဆာဂျေ ကရီရမ်ကို နဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါ တယ်။
ဦးသောင်းဟာ စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ် (၁) မှာ တက်ရောက်ခဲ့သူဖြစ်ပြီး အတော်ဆုံး ကျောင်းသား အဖြစ် ထင်ရှားခဲ့သူဖြစ်ပါတယ်။ မြန်မာ့ ယူရေနီယမ်နဲ့ပတ်သက်ပြီးလည်း နက်နက်နဲနဲသိရှိသူ တယောက် ဖြစ်ပါတယ်။
အစွန်းရောက် အမျိုးသားရေးဝါဒီတဦးဖြစ်တဲ့ ဗိုလ်မှူးကြီးသောင်းဟာ တပ်မတော်မှာ ကြာကြာ တာဝန်ထမ်းဆောင် ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သတ္တုတွင်းဝန်ကြီးဌာနမှာ အရေးပါတဲ့ရာထူးကို ရရှိခဲ့ပါတယ်။ သူဟာ ပထ၀ီအနေအထား တိုင်းတာ စစ်ဆေးရေးနဲ့ ဓာတ်သတ္တုရှာဖွေရေးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ယူရေနီယမ် သတ္တု ရှာဖွေရေးမှာ အတွေ့အကြုံရင့်ကျက်မှုတွေကြောင့် သူ့ကို အဲ့ဒီရာထူးပေးခဲ့ခြင်း ဖြစ်ပါတယ်။
ဦးသောင်းဟာ လက်ရှိစစ်အစိုးရလက်ထက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့ပြီး မကြာသေးမီက အသစ်တိုးချဲ့ ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရုရှားနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း ကို စတင်ဖို့ ဦးသောင်းကို ညွန်ကြားခဲ့ပါတယ်။ အဲ့ဒီကိစ္စအတွက် ဆက်သွယ်ညှိနှိုင်းဖို့ ဦးသောင်းဟာ မော်စကို အခေါက်ခေါက်သွားခဲ့တာ ၂၀၀၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ရေး နှစ်ပေါင်းများစွာ စီစဉ်ခဲ့တာတွေဟာ ၁၉၈၈ ခုနှစ်မှာ တမျိုးသားလုံး ဒီမိုကရေစီ အုံကြွတော်လှန်မှုကြောင့် ရပ်တန့်ခဲ့ရတယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ စစ်ထောက် လှမ်းရေးအရာရှိများက ၂၀၀၆ ခုနှစ်မှာ ဧရာဝတီမဂ္ဂဇင်းကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ညွန်ကြားချက်နဲ့ မဟာဗျူဟာ လေ့လာရေးဌာနကို ၁၉၉၆ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့အချိန်ထိ အဲ့ဒီစီမံကိန်းကို ပြန်ပြီး အကောင်အထည်မဖော်နိုင် သေးပါဘူး။
မြောက်ကိုရီးယားနဲ့ ရုရှား နျူကလီးယားကျွမ်းကျင်သူတွေကို အကြံဥာဏ်တွေပေးဖို့ မြန်မာနိုင်ငံကို ဖိတ်ခေါ်ခဲ့ပြီး နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းကို ပြန်လည်အသက်သွင်းတာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။
အဲ့ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်ရဲ့ ပြိုင်ဖက်မရှိ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နီးစပ်သူ ဦးသောင်းနဲ့ ဦးသိန်းဦးပိုစော တို့ ရှိပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က ၂၀၂၀ ခုနှစ်မှာ စတုတ္တမြန်မာနိုင်ငံတော်ကြီးရဲ့ အင်အားတောင့်တင်းတဲ့ ခေတ်မီ တပ်မတော်ကြီးတည်ဆောက်ဖို့ ဖြစ်တယ်လို့ ဦးသောင်းနဲ့ နီးစပ်တဲ့အရာရှိတွေက ဧရာဝတီကိုပြောပါတယ်။ ယူရေနီယမ် ကိုလည်း အပြင်းအထန် ရှာဖွေနေပါတယ်။
၂၀၀၀ ခုနှစ် အစောပိုင်းနှစ်တွေမှာ စစ်အစိုးရဟာ ယူရေနီယမ်သတ္တုတွေ့ရှိတဲ့နေရာ ၅ နေရာ ကို တရားဝင်အတည်ပြု ခဲ့ပါတယ်။ အဲ့ဒီနေရာတွေက မကွေး၊ တောင်တွင်းကြီး၊ မိုးကုတ်မြို့က ကျောက်ဖြုန်းနဲ့ ဖောင်းပြင်ဒေသ၊ ကျောက်ဆင် ဒေသတို့ ဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာ ယူရေနီယမ်ရှာဖွေရေးတွေ လုပ်နေပြီး တနင်္သာရီတိုင်း တောင်ပိုင်းဒေသတွေ ထိ တိုးချဲ့လုပ်ဆောင်နေပါတယ်။
အဲ့ဒီဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်မယ်ဆိုရင် စစ်အစိုးရဟာ အကြီးအကျယ်ပြင်ဆင်မှုတွေ လုပ်နေ ပြီဆိုတာ တွေ့မြင်နိုင်ပါတယ်။
၂၀၀၆ ခုနှစ်အတွင်း ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေက ရူပဗေဒဌာနမှာ နျူကလီးယား သိပ္ပံဌာနသစ်တွေ စတင် ဖွင့်လှစ်ခဲ့ပြီး ပညာသင်ကျောင်းသားတွေကို စစ်အစိုးရကိုယ်တိုင် စာရင်းသွင်းခဲ့ပါတယ်။
နျူကလီးယား သုတေသနအတွက် ရုရှားနိုင်ငံကို ပညာတော်သင်ကျောင်းသားများနဲ့ စစ်တပ်အရာရှိ အတော် များများကို စစ်အစိုးရက စေလွှတ်ခဲ့ပါတယ်။ သတင်းများအရ မြန်မာစစ်တပ်အရာရှိ ၃၀၀ ခန့်ဟာ ရုရှားနိုင်ငံမှာ နျူကလီးယား သိပ္ပံပညာကို လေ့လာသင်ယူနေတယ်လို့ သိရပါတယ်။
တချို့ကျောင်းသားတွေဟာ ပညာသင်ကြားပြီးနောက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်တဲ့အတွက် နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းကို စတင်ဖို့ အခုအခါ လူသားအရင်းအမြစ် အပြည့်အ၀ရှိနေပြီလို့ ဦးသောင်းနဲ့
သူ့ဝန်ကြီးဌာနကအရာရှိတွေ တွက်ဆထားပုံရပါတယ်။
အရင်က ရုရှားအစိုးရနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်ဟာ ငွေကြေးပေးချေမှုဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ၂၀၀၃ ခုနှစ်မှာ ရပ်ဆိုင်း ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ရေမြေမှာ မကြာခင်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျယ်ပြန့်တဲ့သဘာဝဓာတ်ငွေ့ သိုက်ကြီးကို အကြောင်းပြုပြီး ငွေကြေးဟာ အဓိကပြဿနာမဟုတ်တော့ဘူးလို့ အခုအခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်တပ်ခေါင်းဆောင် တွေ ယူဆထားပုံရပါတယ်။
စိတ်ဝင်စားစရာကောင်းတာက နိုင်ငံတကာက အပြင်းအထန်ကန့်ကွက်တာ ဒါမှမဟုတ် ဂရုတစိုက်စောင့်ကြည့်လေ့ လာတာတွေ ဖြစ်မလာအောင် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်းကို စစ်အစိုးရဟာ သိုသိုသိပ်သိပ် အကောင်အထည် ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆင့်ခွဲခြား သတ်မှတ်ထားတဲ့ မှတ်တမ်းတွေကို ဖတ်ရှုခွင့်ရခဲ့တဲ့ အရင် စစ်ထောက်လှမ်းရေး အရာရှိဟောင်းတွေက နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရတဲ့ စစ်အစိုးရရဲ့ရည်ရွယ်ချက်ဟာ တိုင်းပြည်မှာ နျူကလီးယားလက်နက် တပ်ဆင်ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ပဲခူးတိုင်း ပြည်မြို့က ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံအမှတ် ၁၆ နဲ့ ၁၉ တို့ကို ပြင်ဆင်မှုတွေလုပ်ထားပြီးပြီလို့ သူတို့က ပြောပါတယ်။
ဓာတ်ပေါင်းဖိုကို ပြည်မြို့အနောက်ဘက် မကွေးမှာ တည်ဆောက်မယ်လို့ ပြည်တွင်းကလာတဲ့သတင်းတွေက ဆိုပါတယ်။ ဒါပေမယ့် စစ်အစိုးရက နေရာအတိအကျကိုတော့ လျှို့ဝှက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တိုးတက်မှုကို ပြောရရင် ၁၉၅၀ အစောပိုင်းနှစ်တွေဆီ ပြန်သွားရပါလိမ့်မယ်။ အဲ့ဒီကာလတွေတုန်းက သောင်းကျန်းသူတွေနဲ့ ပြည်တွင်းစစ်ကို နှိမ်နှင်းဖို့အတွက် တိုင်းပြည်ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကို လိုအပ်တဲ့စွမ်းအားတွေပေးနိုင်ဖို့ ဂျာမနီ၊ အီတလီ၊ ရုရှားနဲ့ အစ္စရေးနိုင်ငံတို့ရဲ့ အထောက်အပံ့တွေ ရယူခဲ့ပါတယ်။
ဆယ်စုနှစ်တွေဖြတ်သန်းလာပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ကာကွယ်ရေးစစ်လက်နက်ပစ္စည်းလုပ်ငန်းနဲ့ စက်ရုံတွေ ၂၀ခန့် ကို တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ မောင်းပြန်ရိုင်ဖယ်တွေ၊ အပေါ့စား စက်သေနတ်တွေ၊ မြေမြုပ်မိုင်းဗုံးတွေ စတဲ့ သမာရိုးကျလက်နက်တွေကို တပ်မတော်ကြည်း လက်နက်ထုတ်လုပ်ရေး စက်ရုံတွေကနေ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီထဲက လက်နက်စက်ရုံ အမှတ် ၁၆ နဲ့ ၁၉ ဟာ ယူရေနီယမ်သန့်စင်မှုတွေလုပ်နိုင်တယ်လို့ ယုံကြည်ရ ပါတယ်။ အဲ့ဒီစက်ရုံ နှစ်ရုံကို ဦးနေ၀င်းရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပြည်ခရိုင် ပေါက်ခေါင်းမြို့မှာ တည်ဆောက်ခဲ့ပါတယ်။
၁၉၆၀ ခုနှစ်တွေအတွင်းမှာ ဦးနေ၀င်းဟာ နိုင်ငံရဲ့ဒုတိယလက်နက်စက်ရုံကို သူ့ရဲ့မွေးရပ်မြေမှာတည်ဆောက်ဖို့ အမိန့် ပေးခဲ့ပါတယ်။ အဲ့ဒီပြောဆိုချက်တွေဟာ တပ်မတော်ထောက်လှမ်းရေး အရာရှိဟောင်းတွေဆီက လာတာဖြစ်ပြီး အတည်ပြုချက်ရယူဖို့ လိုအပ်ပါသေးတယ်။
မြန်မာစစ်အစိုးရရဲ့ နျူကလီးယားရည်မှန်းချက်ကို တိုင်းတာဖို့ခက်ခဲနေချိန်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ မြောက်ကိုရီးယား အစိုးရနဲ့ မရှင်းမလင်းဆက်ဆံရေးက မှန်းဆချက်တွေ၊ သံသယစိတ်တွေ တိုးပွားလာစေပါတယ်။
လွန်ခဲ့တဲ့အပတ်က မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်းဟာ မြန်မာနိုင်ငံမှာ ဆိုက်ကပ်ရပ်နားခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား သံတမန်ပြန်လည်ဆက်သွယ်ပြီးနောက် မြောက်ကိုရီးယားသင်္ဘောတစင်း ပထမဦးဆုံး ဆိုက်ကပ်ခဲ့တာ ဖြစ်တယ် လို့ ယူဆရပါတယ်။ ရန်ကုန်မြို့တောင်ဘက် ကီလို မီတာ ၃၀ ခန့်အကွာအဝေးမှာရှိတဲ့ သီလ၀ါဆိပ် ကမ်းမှာ ကင်နမ်(၁) လို့အမည်ရတဲ့ အဲ့ဒီမြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်မှုနဲ့ပတ်သက်ပြီး တရားဝင်ရှင်းလင်း ချက်ကတော့ မုန်တိုင်းမိလို့ ၀င်ရောက်ဆိုက်ကပ်နားခိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထူးခြားတဲ့တိုက်ဆိုင်မှုပဲလို့ ပြောရမလားပါဘဲ။ လွန်ခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း မြန်မာ့ဆိပ်ကမ်းတခုမှာ မြောက် ကိုရီးယား ကုန်တင်သင်္ဘောတစင်း ဆိုက်ကပ်ရပ်နားခဲ့ပါတယ်။ သင်္ဘောပေါ်ကို တက်ရောက်စစ်ဆေးတဲ့အခါ သံသယ ဖြစ်စရာပစ္စည်း ဒါမှမဟုတ် စစ်လက်နက်ပစ္စည်းတွေ မတွေ့ရဘူးလို့ မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့က သတင်းစာဆရာတွေနဲ့ သံရုံးတွေက သံသယရှိကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းက အဆင့်မြင့်နျူကလီးယားပညာရှင် ဗိုလ်မှူး ဟွန်ကီဒေါင်းပါဝင်တဲ့ မြောက်ကိုရီးယား သင်္ဘောတစင်းဟာ ဇီဝနဲ့ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေနဲ့အတူ ရန်ကုန်ကိုရောက်ရှိနေတယ်လို့ အတိုက်အခံ သတင်းရပ်ကွက်တခုက ဧရာဝတီမဂ္ဂဇင်းကို ပြောခဲ့ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက လေ့လာဆန်းစစ်သူတွေ နဲ့ ထောက်လှမ်းရေးလောက က အဲ့ဒီသတင်းကို ခပ်မြန်မြန်ပဲ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရဟာ အဆင့်မြင့် နည်းပညာသုံး တာဝေးပစ်ဒုံးပျံတွေအစား သမားရိုးကျလက်နက်တွေနဲ့ နည်းပညာတွေကိုပဲ ပြုံယမ်းအစိုးရဆီက လိုချင်တာ ဖြစ်နိုင်ပါတယ်လို့ ၀န်ခံပြောဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့ကို အလည်အပတ်ရောက်ရှိနေစဉ် မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ ၁၉၈၃ခုနှစ်ကတည်းက ပြတ်တောက်ခဲ့တဲ့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့သံတမန်ဆက်ဆံရေးဟာ လွန်ခဲ့တဲ့လက ပြန်လည်စတင်ခဲ့ပါတယ်။
သမားရိုးကျလက်နက်တွေ ၀ယ်ယူရရှိနိုင်မယ့်နိုင်ငံကို မြန်မာစစ်အစိုးရက ရှာဖွေလာရင်း နှစ်နိုင်ငံအကြား လျှို့ဝှက် ဆက်သွယ်မှုဟာ နှစ်အတန်ကြာကတည်းက ပြန်လည်စတင်နေပါပြီ။ ဒါပေမယ့် မြောက်ကိုရီးယားဘက်က မြန်မာနိုင်ငံကို ဘာကြောင့် သံတမန်ပြန်ဆက်သွယ်ခဲ့တာလဲဆိုတဲ့မေးခွန်းကိုတော့ ဆက်လက်မေးနေရပါလိမ့်မယ်။
ခိုင်မာတဲ့သတင်းအချက်အလက်တွေ အခုအချိန်ထိ ထွက်ပေါ်မလာသေးပေမယ့် မြန်မာစစ်အစိုးရဟာ ပြုံယမ်းဆီကနေ နျူကလီးယားနည်းပညာရယူဖို့ ရှာဖွေနေတယ်ဆိုတာ တွက်ဆရ လွယ်ကူပါတယ်။ ဒါပေမယ့် တာဝန်ယူမှုမရှိတဲ့ စစ်အစိုးရ ရဲ့လက်ထဲ နျူကလီးယား နည်းပညာရောက်ရှိမသွားရေးအတွက် စစ်အစိုးရရဲ့ ရည်ရွယ်ချက်ကို အရှိန်မြှင့်ပြီး လေ့လာစုံစမ်း တာဟာ တရားနည်းလမ်းကြပါတယ်။
လက်ရှိအခြေအနေအရ နျူကလီးယား လက်နက်ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယမ်အဆင့်ထိရရှိအောင် ရှုပ်ထွေးပြီး အန္တရာယ် များတဲ့ ယူရေနီယမ်သန့်စင်မှုကို မြန်မာစစ်အစိုးရက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ကောက်ချက်ချဖို့ အချိန် မတန်သေး ပေမယ့် အဲ့ဒီလိုသံသယတွေ ဆက်လက်ကြီးထွားနေပါလိမ့်မယ်။ ဥပမာပြရရင် အမေရိကန်အစိုးရ အရာရှိတွေဟာ မြောက်ကိုရီးယားက မြန်မာနိုင်ငံကို နျူကလီးယားနည်းပညာ လွှဲပြောင်းပေးနိုင်တဲ့အလားအလာ အပေါ်စိုးရိမ်လျက် ရှိပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုရရှိရေး ရှေ့ဆက်လုပ်ဆောင်နေတာတွေနဲ့ မြောက်ကိုရီးယားသင်္ဘော ရောက်ရှိလာမှုတို့ဟာ တိုက်ဆိုင်မှုဆိုတာ ဖြစ်နိုင်ခဲပါတယ်။ တကယ်လို့ နိုဝင်ဘာလက ရောက်ရှိလာတဲ့ မြောက်ကိုရီးယားသင်္ဘောဟာ သမားရိုးကျ လက်နက်တွေအပြင် ပလူတိုနီယမ်တွေနဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေကို မြန်မာနိုင်ငံကို သယ်ဆောင်လာတယ် ဆိုရင် ပလူတိုနီယမ်ထုတ်လုပ်တဲ့ ရှုပ်ထွေးတဲ့အဆင့်တွေကိုကျော်ပြီး မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နက် ထုတ်လုပ်ရေးအဆင့်ကို ဦးတည်နေပြီဆိုတာ တကယ့်ကို သံသယရှိလာနိုင်ပါတယ်။
ဒီလိုသံသယဖြစ်နေရတာဟာ ဒေသတွင်းအစိုးရတွေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းကို လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ တိုးတက်လာမယ့်အခြေအနေတွေကို အမှန်တကယ် အနီးကပ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ၏ နျူကလီးယားရည်မှန်းချက်
လွန်ခဲ့သည့်လတွင် ရုရှားနိုင်ငံက နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရာတွင် မြန်မာစစ်အစိုးရကို အကူအညီ ပေးမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီးကတည်းက မြန်မာစစ်အစိုးရ၏ နျူကလီးယားရည်မှန်းချက် စတင်အာရုံစိုက် ခြင်းခံခဲ့ရသည်။ ထိုရည်မှန်းချက်သည် လွန်ခဲ့သော ၇ နှစ်ကတည်းက စတင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် မြန်မာစစ် အစိုးရသည် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး ဘန်ကောက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါ သည်။ ထိုစာချုပ်သည် နျူကလီးယား လက်နက်ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု၊ ဖြန့်ကျက်ချထားမှု၊ သယ်ယူပို့ဆောင်မှု၊ စမ်းသပ်မှုနှင့် သုံးစွဲမှုတို့ကို တားမြစ်ထားပါ သည်။ စာချုပ်ကိုလက်မှတ်ထိုးပြီးနောက် ၅ နှစ်အကြာမှာ စစ်အစိုးရရဲ့ နျူကလီးယား အစီအစဉ်ဟာ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး ဦးသောင်း မော်စကိုမြို့သို့ အလည်အပတ် သွားရောက်ခဲ့ပြီး နောက် ပိုပြီးရှင်းလင်းလာသည်။
၂၀၀၂ ခုနှစ် ဇန်န၀ါရီလ
ငြိမ်းချမ်းသည့်ရည်ရွယ်ချက်အတွက် သုတေတနသုံးနျူကလီးယားဓာတ်ပေါင်းဖိုတခု တည်ဆောက်မည့် အစီအစဉ်ကို မြန်မာအစိုးရက အတည်ပြုခဲ့သည်။
၂၀၀၂ ခုနှစ် မေလ
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းမှာ ၁၀ မီဂါဝပ်ရှိသည့် နျူကလီးယားဓာတ်ပေါင်းဖိုတခုနဲ့ ဓာတ်ခွဲခန်းနှစ်ခု အပါ အ၀င် အနုမြူလေ့လာရေးဌာနတခု တည်ဆောက်ရာတွင် မြန်မာနိုင်ငံကို အကူအညီပေးရန် မီနာတွန်ဟု လူသိ များသည့် ရုရှားအနုမြူစွမ်းအင်ဝန်ကြီးဌာနက သဘောတူခဲ့ပါသည်။ ထိုသဘောတူညီချက်ထဲတွင် နျူကလီးယား စွန့်ပစ် ပစ္စည်းများအတွက် စက်ရုံတရုံတည်ဆောက်ခြင်းနှင့် မြန်မာနည်းပညာရှင်များကို ရုရှားနိုင်ငံတွင် လေ့ကျင့် ပေးခြင်းတို့ ပါဝင်သည်။
၂၀၀၂ ခုနှစ် ဇူလိုင်လ
အဆိုပြုခဲ့သော နျူကလီးယားသုတေသနဌာနကို မြန်မာနိုင်ငံမှာတည်ဆောက်ရန်အတွက် ရုရှား နှင့် မြန်မာ စစ်အစိုးရတို့ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်။
၂၀၀၄ ခုနှစ် ဧပြီလ ၉ ရက်
ထင်ရှားသည့်ပညာရှင်များအဖွဲ့ Heritage Foundation ကြီးက စီစဉ်သော ၀ါရှင်တန်မြို့က ဆွေးနွေးပွဲတခုတွင် မြောက်ကိုရီးယားက မြန်မာနိုင်ငံကို နျူကလီးယား နည်းပညာလွဲပြောင်းပေးခြင်း ရှိမရှိကို အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ရစ်ချက်လူဂါရဲ့လက်ထောက်တဦးဖြစ်သည့် ကိတ်လုစ် ကမေးခွန်းထုတ်ခဲ့သည်။
၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်
နျူကလီးယားလက်နက်ထုတ်လုပ်ရန် ၄င်းတို့တွင် ဆန္ဒမရှိ၊ သို့သော် ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက် နျူကလီးယားစက်ရံများ တည်ဆောက်ခွင့်ရှိသည်ဟု စစ်အစိုးရက ကြေငြာခဲ့သည်။
၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်
စစ်တပ်အရာရှိ ၄၀၀ ခန့်သည် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြပြီး တချို့မှာ နျူကလီးယား အင်ဂျင်နီယာ ပညာရပ်ကို လေ့လာမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
၂၀၀၆ ခုနှစ် သြဂုတ်လ ၃ ရက်
ဂျနီဗာတွင်ကျင်းပသည့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ဒုတိယ သံအမတ် ဦးညွန့်ဆွေတက်ရောက်ပြီး မြန်မာနိုင်ငံဟာ နျူကလီးယား လက်နက်ကို ဆန့်ကျင်ကြောင်း ပြောခဲ့သည်။
၂၀၀၇ ခုနှစ် မေလ ၁၅ ရက်
မြန်မာနိုင်ငံက အဆိုပြုခဲ့သော နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးကို ကူညီသွားမည်ဟု ရုရှား အနုမြူစွမ်းအင် အေဂျင်စီ ရိုစတမ်က ကြေညာခဲ့သည်။ ယူရေနီယမ်အဆင့် ၂၃၅၊ ၂၀ ရာခိုင်နှုန်းထက်လျော့နည်းပြီး အသုံးပြုမည့် ၁၀ မီဂါဝပ် ရှိ နျူကလီးယားဓာတ်ပေါင်းဖိုသည် နျူကလီးယားသိပ္ပံ၊ ဇီဝနည်းပညာ၊ ဒြပ်ဝတ္တုဆိုင်ရာ သိပ္ပံပညာနှင့် ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းမျိုးစုံအတွက် သုတေသနပြုရာတွင် အထောက်အကူဖြစ်မည်ဟု အဆိုပါအေဂျင်စီက ပြောသည်။ စီမံကိန်း အသေးစိတ် အချက်အလက်များကို ဆွေးနွေးသည့် ပထမအကြိမ် ဆွေးနွေးပွဲ ကို စတင်ခဲ့ပြီး ယခုနှစ်လယ်ပိုင်းတွင် နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်သွားရန် စီစဉ်ထားသည်။
၂၀၀၇ ခုနှစ် မေလ ၁၆ ရက်
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ၏ နျူကလီးယားစီမံကိန်း ကို ပြစ်တင်ရှုံ့ချလိုက်သည်။ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ၏ အနီးကပ်စစ်ဆေးကြီးကြပ်မှုဖြင့် ထိုဓာတ်ပေါင်းဖိုကို တည်ဆောက်မည်ဖြစ်သော ကြောင့် စိုးရိမ်စရာမရှိကြောင်း ထိုင်းနိုင်ငံမှ ပြောကြားသည်။ |
[Top]
|