မကြားချင်ယောင်ဆောင်နေကြသော နားများသို့
အောင်ဇော်
နေအိမ်အကျယ်ချုပ်ကနေ သူ့ကိုလွှတ်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက တောင်းဆိုနေကြတဲ့သတင်းကို လှိုင်းတို ရေဒီယို လေးနဲ့ နားထောင်ရင်း ဒေါ်အောင်ဆန်းစုကြည် ကျေနပ်နေမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့လှုပ်ရှားခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဆယ်စုနှစ်ထဲမှာ ကမ္ဘာတ၀န်းက မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့အုပ်စုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရခေါင်းဆောင်တွေကို အဆက်မပြတ် တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်တွေက အဲ့ဒီတောင်းဆိုမှုတွေကို မကြားချင် ယောင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းရေးဆိုတဲ့ သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ကြောင်နဲ့ကြွက် လိုက်တမ်းပြေးတမ်း ကစားနေကြသလို စစ်ခေါင်းဆောင်တွေဟာ သူမကို လှောင်အိမ်ထဲထည့်လိုက်၊ ပြန်လွှတ်လိုက်နဲ့ အကြိမ်ကြိမ်အခါခါ လုပ်ခဲ့ပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းကလည့်း လူမျိုးရေး ပဋိပက္ခတွေ၊ ပြည်တွင်းစစ်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေထဲမှာပဲ တ၀ဲလည်လည်ဖြစ်နေပြီး စိတ်ပျက်စရာကောင်းလှပါတယ်။
၎ နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ရေးရာအရ ခိုင်မာ လျက်ရှိပြီး စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်။ လေးနက်စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲတွေပြုလုပ်ဖို့ သူမဘက်က အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့ပေမယ့် စစ်အစိုးရက ၂ ကြိမ်သာ ဟန်ပြတွေ့ဆုံခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်က ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီကို မြန်မာပြည် နှစ်ကြိမ်လာရောက်ခွင့်ပေးခဲ့ပြီး သူမနဲ့တွေ့ဆုံခွင့် ပေးလိုက်တဲ့အတွက် စစ်ဗိုလ်ချုပ်တွေဟာ ကမ္ဘာက အာရုံစိုက်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီလို လိမ္မာပါးနပ် စွာနဲ့ အကွက်ချစီစဉ်ခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ဟာ နိုင်ငံတကာအသိုင်းအ၀န်းနဲ့ မြန်မာပြည်သူတွေကို လှည့်ဖျားဖို့သက်သက်ပါ။
စစ်အစိုးရဟာ ပြည်တွင်း ပြည်ပကလူတွေနဲ့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားတိုက်ပွဲဝင်နေ ကြသူတွေကို လှည့်ဖျားဖို့ အကြံအစည်တခုမက ရှိနိုင်ပါသေးတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်စုလွတ်မြောက်ရေး တိုက်ပွဲ
ဝင်နေကြသူတွေကို နားထောင်မနေပါဘူး။ မေလ ၂၇ ရက် မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းကို ၆ လ ဒါမှမဟုတ် ၁ နှစ် အထိ ထပ်တိုးနိုင်ပါတယ်။ တကယ်လို့ စစ်အစိုးရက လွှတ်တယ် ဆိုရင် သူမကိုထောက်ခံတဲ့ အင်အားစုကြီး ရှိနေသေးကြောင်း စစ်ဗိုလ်ချုပ်တွေနဲ့ ကမ္ဘာကို ဒေါ်အောင်ဆန်းစုကြည်က ပြသနိုင်ပါတယ်။ အဲ့ဒီအချက်ကြောင့်သာ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို စစ်ဗိုလ်ချုပ်တွေ မကြားယောင်ဆောင်နေ ကြတာပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို အခု လွှတ်ပေးလိုက်ရင်တောင်မှ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းလို လူရမ်းကား တွေရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တဲ့အန္တရာယ်နဲ့ ကြုံတွေ့နိုင်ပါတယ်။ မကြာသေးခင်ကမှ ရန်ကုန်မြို့ လမ်းမတွေ ပေါ်မှာ စစ်အစိုးရက အားပေးအားမြှောက်ပြုထားတဲ့ လူရမ်းကားတွေက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို တိုက်ခိုက် ခဲ့တဲ့ဖြစ်ရပ်တွေဟာ ရှေ့ပြေးနမူနာတွေပါပဲ။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ စစ်အစိုးရဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က နံပါတ်တုတ်ကိုင် လူရမ်းကားတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားတိုက်ပွဲဝင်နေတာကို နှိမ်နှင်းဖို့အတွက် မငြိမ်မသက် ဖြစ်နိုင်တဲ့လမ်းမတွေကို ထိန်းချုပ်ထားကြပါတယ်။ ဒီမိုကရေစီလိုလားသူတွေကို နှောက်ယှက်တာ၊ ကိုယ်ထိ လက်ရောက် တိုက်ခိုက်တာတွေကို ပြည်ပရောက် မြန်မာ့အရေးဆောင်ရွက်နေကြတဲ့ သတင်းမီဒီယာတွေနဲ့ နိုင်ငံခြား ရေဒီယိုအသံလွှင့် ဌာနတွေက နေ့စဉ်လိုလို သတင်းထုတ်လွှင့်နေကြပါတယ်။
အသက် ၆၂ နှစ်အရွယ် စိတ်ရှည်သည်းခံတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ လှိုင်းတိုရေဒီယိုလေးနဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေသမျှသတင်းတွေကို ထိုင်ပြီးနားထောင်ရင်း ခြံတံခါးကို လုံခြုံရေးရဲဘော်တွေ လာဖွင့်ပေးမယ့်နေ့ရက်ကို စောင့်မျှော်နေပါတယ်။
ဒေါ်စုအတွက် စိုးရိမ်ရတဲ့အချက်က ကျန်းမာရေးပါဘဲ။ သိပ်မကြာခင်က မျက်စိအထူးကုဆရာဝန်ကြီးအပါအ၀င် ဆရာဝန် နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ ပြောခဲ့ကြပါတယ်။ ကျန်းမာရေးဆေးစစ်တဲ့ အခုလို ရံဖန်ရံခါတွေ့ဆုံမှုမျိုးကလွဲပြီး အင်းယားကန်ဘေးက သူမရဲ့အိမ်ကို မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ထောက်ခံသူတွေ မသွားရောက်နိုင်အောင် ပိတ်ဆို့ထားပါတယ်။ ဒီလို တားဆီးကန့်သတ်မှုတွေ ရှိနေပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အနောက်နိုင်ငံတွေကို တိုင်းပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အရှိန်အဟုန်မြှင့်ပြီးဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံနိုင်ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရေဒီယိုကနေတဆင့် ပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားနေသူတွေရဲ့ သတင်းတွေကို နားထောင်နိုင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုထဲက ပဋိပက္ခတွေနဲ့ ကွဲပြားမှုတွေအပေါ် ဝေဖန်ချက်နေဦးမှာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သူမနဲ့အတူ ဦးဆောင်ဖွဲ့စည်းထူထောင်ခဲ့တဲ့ အသက် ၈၀ ကျော် `အန်ကယ်ကြီး´တွေရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း ဝေဖန်ပြောဆိုမှုတွေရှိတယ်လို့ သတင်းကြားရပါတယ်။ သူတို့ဟာ ဒေါ်စုနဲ့ ဒုဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးဖို့ စစ်အစိုးရကို မကြာခဏ တောင်းဆိုတာကလွဲပြီး များများစားစား မလုပ်နိုင်ပါဘူး။
စစ်ဗိုလ်ချုပ်ကြီးတွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို သဘာဝဓာတ်ငွေ့ရောင်းစားပြီး `ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီး´ တည်ဆောက်ရင်း အလုပ်ရှုပ်နေကြတာမို့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး တောင်းဆိုမှုတွေကို စဉ်းစားချင်မှ စဉ်းစားမှာပါ။ အဲ့ဒီတောင်းဆိုမှုတွေဟာလည်း အသံပဲရှိပြီး အဆံမပါလာတာမို့ စစ်ဗိုလ်ချုပ်တွေ ဂရုစိုက်လိမ့်မှာ မဟုတ်ပါဘူး။
ကမ္ဘာကြီးကလည်း မြောက်ကိုရီးယား နျူးကလီးယားအရေး၊ အီရတ်က ရုန်းထွက်မရနိုင်တဲ့ အခြေအနေ၊ ဒါဖာရဲ့ စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်တွေနဲ့ ကမ္ဘာကြီး ပူနွေးလာမှု စတဲ့ တခြားအရေးကြီး ပြဿနာရပ်တွေနဲ့ အလုပ်များနေတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံဟာ ချွတ်ခြုံကျနေပါပြီ။ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ အရည်အချင်းကို ပြသခွင့်မရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမှာ အခုအချိန်ထိ ကြောက်နေတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ဒါကြောင့် တရားနည်းလမ်း ကျကျ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တိုင်းပြည်ကို အုပ်ချုပ်ခွင့်ပေးပါလို့ စစ်ဗိုလ်ချုပ်တွေကို တောင်းဆို အပ်ပါတယ်။
[Top] |