#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
သတင်းဆောင်းပါး

အိမ်ပြန်ချင်တယ်
ဝိုင်အိုလဲ့ချိုနှင့် စောရန်နိုင်| ဇွန် ၂၀၊ ၂၀၀၇

“ဒုက္ခသည်စခန်းထဲမှာနေရတာ လှောင်ချိုင့်ထဲက ငှက်လိုပဲ” လို့ ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းထဲက လေးမူက ပြောတယ်။ သူက ဒီနေ့ ဇွန်လ ၂၀ ရက်နေ့ မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်ပွဲကို တက်ရောက် လာတဲ့ ဒုက္ခသည် ၂၀၀၀ ထဲက တယောက်ပါ။

စခန်းထဲမှာ ၁၇ နှစ်ကျော်ကြာနေထိုင်ခဲ့ပြီး အခုအခါ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ကရင်ဒုက္ခသည်လေး လေးမူက “ကျနော် တက္ကသိုလ်မှာ ပညာသင်ပြီး ဆရာဝန်တယောက် ဖြစ်လာအောင် ကြိုးစားမယ်လို့ တွေးခဲ့ဖူးတယ်၊ ဒါပေမယ့် အခွင့်အရေးက မပေးဘူး”လို့ ပြောပြတယ်။

သူနဲ့ သူ့အဖော်တွေက “We want justice in Burma, We want to go home” လို့ ရေးထားတဲ့ စာတန်းကို ကိုင်ဆောင်လို့။

မြန်မာဒုက္ခသည်တွေ ၇ သိန်း ကျော် ရှိတယ်လို့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့တွေ ကဆိုတယ်။ ဒါဟာ အရှေ့တောင်အာရှမှာ အများဆုံး အရေအတွက်ပါပဲ။ ဒုက္ခသည် တ သိန်းခွဲ နီးပါးက ထိုင်း မြန်မာ နယ်စပ် စခန်း တွေ ဆီမှာနေထိုင်ကြပြီး မြန်မာ ဘက်ခြမ်း တောတောင်တွေနဲ့ စစ်အစိုးရ ရဲ့ စုစည်း ကျေးရွာတွေ ထဲမှာ ခိုလှုံ နေကြသူတွေဆို
၁ သန်း လောက်ရှိတယ်လို့တောင် ဆိုကြတယ်။

ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ကရင်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင် ဖိုးအယ် ရဲ့ အဆိုအရ မျှော်လင့်ချက်မဲ့မှုက ဒုက္ခသည်မျိုးဆက်သစ်တွေကို မူးယစ်ဆေးဝါးသုံးစွဲဖို့ တွန်းပို့နေကြောင်း သိရပါတယ်။ လေးမူဆိုရင် တခါက စိတ်ဓာတ် ကျတာကို ဖြေဖျောက်ရအောင်လို့ မူးယစ်ဆေးဝါးသုံးဖူးတယ်။

အုန်းပြန့် ဒုက္ခသည်စခန်းက စီစီ ကလည်း “စခန်းထဲက စည်းကမ်းတွေက အရမ်းတင်းကျပ်တာပဲ၊ ကျမတို့ကို အပြင်ပေး မထွက်ဘူး၊ အခုကျမ အထက်တန်းကျောင်းအောင်ပြီးပြီ၊ ပညာဆက်သင်ချင်တယ်၊ ဒါပေမယ့် ဘာအခွင့်အလမ်းမှ မတွေ့ပါဘူး၊ အရမ်းစိတ်ညစ်တယ်”လို့ပြောတယ်။

ထိုင်း မြန်မာနယ်စပ် က ဒုက္ခသည်အရေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အဆက်မပြတ်ကြီးထွားလာနေတယ်၊ ဒုက္ခသည် အသစ်တွေလည်း ထပ်တိုးနေဆဲပါပဲ၊ ရှမ်းတိုင်းရင်းသား ဒုက္ခသည်တွေအရေးက ကရင်၊ ကရင်နီ ဒုက္ခသည်တွေထက် ပိုဆိုးတယ်။ ထိုင်းအစိုးရက သူတို့ကို တရားဝင် ဒုက္ခသည်တွေအဖြစ် အသိအမှတ်မပြုဘူး၊ ဒါကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေအဖြစ်နဲ့ ဘ၀ကို ဖြစ်သလို ရင်ဆိုင်ရပ်တည်နေရတယ်။ ရှမ်းတိုင်းရင်းသား ၃ သိန်းလောက် ထိုင်းနိုင်ငံ ထဲမှာ ခိုလှုံနေရတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့အစီရင်ခံစာက ဆိုတယ်။

မြန်မာပြည် အနောက်ခြမ်းက ရိုဟင်ဂျာ ဒုက္ခသည်တွေဆိုရင်လည်း ပင်လယ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတွေဆီ လာဖို့ ကြိုးစားကြရတယ်။

ဘယ်လိုပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ရ ပါစေ၊ သူတို့ရဲ့ မိခင် နိုင်ငံ ကို တနေ့ ပြန်ရနိုး မျှော်လင့်နေကြဆဲပါ။ “ကျနော်တို့ အိမ် ကျနော်တို့ ပြန်ချင်တယ်၊ လွတ်လပ်မှုတွေအပြည့်ရတဲ့ တနေ့ပေါ့”လို့ လေးမူက ပြောပါတယ်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.