ဖို့တ်ဝိန်းမြို့က မြန်မာတန်း
လာလစ် ကေဂျ/ဖို့တ်ဝိန်း/အင်ဒီးယားနား | ဇွန် ၁၅၊ ၂၀၀၇
လွန်ခဲ့သော ၉ နှစ်က ဒုက္ခသည်တဦးအဖြစ် ခင်ပွန်းသည်၊ သားသမီးများနှင့်အတူ မသန်းမြင့် “အခွင့်အလမ်းတို့ စုံရာမြေ” ဟုဆိုကြသည့် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ မသန်းမြင့်က ရန်ကုန်သူတစ်ဦးဖြစ်သည်။ ယခုအချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ အင်ဒီးယားနားပြည်နယ်၏ လူဦးရေ ၂ သိန်း ခန့်နေထိုင်သော ဖို့ တ်ဝိန်းမြို့တွင် အခြေချ နေထိုင်လျှက်ရှိသည်။

အသက် ၅၀ တွင်း ၀င်နေပြီဖြစ်သည့် မသန်းမြင့်သည် အမေရိကန် ပြည်ထောင်စုတွင် မည်ကဲ့သို့ ရုန်းကန်ရှင်သန်ရမည်ကို သဘောပေါက်ခဲ့ပြီ။ နေပျော်ဖွယ်ဘ၀တစ်ခုကို မည်ကဲ့သို့ တည်ဆောက်ရမည် ကိုလည်း သိရှိနားလည်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်ဆိုလျှင် ထိုကဲ့သို့ဘ၀မျိုးကို မသန်းမြင့် ဘယ်လိုမှ ရနိုင်လိမ့်မည် မဟုတ်ပါ။
“မြန်မာပြည်မှာ ဘ၀တခုပြေလည်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ ဒါပေမယ့် ဒီတိုင်းပြည်ကို ကျမရောက်လာတော့ ဒီမှာလည်း ရုန်းကန်ရတာ သိပ်တော့ လွယ်ကူလှတာ မဟုတ်ပါဘူး။ ကျမအတော်စိတ်ဓါတ်ကျခဲ့တယ်၊ အိမ်ပဲပြန်ချင်နေ ခဲ့တယ်”ဟု မသန်းမြင့်က ပြောပြသည်။
“ဒါပေမယ့် အခုကျမ ဒီတိုင်းပြည်မှာနေရတာ ပျော်နေပါပြီ”ဟုလည်းဆက်ပြောသည်။ မသန်းမြင့်က အထည်ချုပ်စက်ရုံ တခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်လုပ်သား အများစုသည်လည်း သူမလို မြန်မာနိုင်ငံသားများပင် ဖြစ်ကြသည်။ မသန်းမြင့်သည် ကုမ္ပဏီ၏အကောင်းဆုံး အလုပ်သမားတဦးအဖြစ်ပင် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။
မသန်းမြင့်က ယခုတိုင် မြန်မာစကားကိုသာ စွဲစွဲမြဲမြဲ ပြောဆိုနေဆဲ။ အင်္ဂလိပ်စကားကို အလုပ်ဖြစ်ရုံ အနည်းငယ်သာ ပြောတတ်ဆိုတတ်သည်။ လိုအပ်လျင်လိုအပ်သလို လက်ဟန်ခြေဟန်နှင့် ဆက်သွယ်အလုပ်ဖြစ်နေသည်။
မသန်းမြင့်တဦးတည်းသာ အင်္ဂလိပ်စကားမတတ်သူ မဟုတ်။ မြန်မာအသိုင်းအ၀န်းကြားတွင် မသန်းမြင့်ကဲ့သို့ နိုင်ငံသစ်၏ ဘာသာစကားကို မတတ်သူအများအပြားရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဖို့တ်ဝိန်းတွင် မြန်မာပြည်မှလာရောက် နေထိုင်သူဦးရေ တော်တော်များများရှိပြီး၊ မိမိတို့အ၀န်းအ၀ိုင်းကျဉ်းကျဉ်းလေးထဲတွင်သာ ရှင်သန်လုပ်ကိုင် စားသောက် နေထိုင်ကြသောကြောင့် ဖြစ်သည်။ အင်္ဂလိပ်စကား များများတတ်စရာမလိုဘဲ အလုပ်ဖြစ်နေသည်။
၁၉၉၀ ခုနှစ်များတွင် ပထမဦးဆုံးအသုတ် မြန်မာလူမျိုးများ ဖို့တ်ဝိန်းမြို့သို့ စတင်ရောက်လာကြသည်။ “ဒီမှာ အဲဒီ တုန်းက မြန်မာပြည်သားဆိုတာ အတော်ရှားသားပဲ” ၁၉၉၁ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်မှ ထိုမြို့ကလေးသို့ ရောက်ရှိလာသူ မွန်တိုင်းရင်းသား အေးချမ်းက ပြန်ပြောင်းအမှတ်တရ ပြောပြခဲ့သည်။
ထိုအချိန်မှစ၍ ဖို့တ်ဝိန်းတွင် ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၃ ထောင် ခန့်၏ ရပ်ကွက် ဖြစ်လာပြီး အောင်မြင်ကျော်ကြားသော အနုပညာရှင်များနှင့် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်အချို့ပင် လာရောက်နေထိုင်စုဝေးလာခဲ့ကြသည်။
ဖို့တ်ဝိန်းတွင်နေထိုင်သည့် နာမည်ကြီးထင်ရှားသူများတွင် အဆိုတော် ဒေါ်မာမာအေး၊ ပန်းပုဆရာ ဦးဇောင်စိန်၊ လုပ်ကြံခံ ရသည့် ကရင်အမျိုးသားအစည်းအရုံး တည်ထောင်သူ စောဘဦးကြီး၏သမီး ထီးမူဘဲလော့နှင့် ၁၉၈၈ အရေးတော်ပုံကာလ အတွင်း ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တွဲဖက်လုပ်ကိုင်ခဲ့သော ဦးစိုးတင့်တို့လည်း ဤမြို့ကလေးတွင် နေထိုင် နေကြသည်။
ဖို့တ်ဝိန်းမြို့တွင် မွန်လူမျိုးများအတွက်သီးသန့်တည်ဆောက်ထားသော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတကျောင်း အပါအ၀င် ဘုန်းကြီးကျောင်း ၃ ကျောင်းရှိသည်။ Little Burma (မြန်မာပြည်ကလေး) ဟုအမည်တွင်သော ကုန်စုံဆိုင်တဆိုင်ရှိပြီး များမကြာမီက ပိုမိုကျယ်ပြန့်သော နေရာသို့ဆိုင်ပြောင်းရွှေ့ခဲ့သည်။ နောက်ထပ်ကုန်စုံဆိုင်များလည်း ဖွင့်ရန်ရှိနေသေးသည်။
ဖို့တ်ဝိန်းမြို့တွင် ရေရှည် နေထိုင်ခဲ့သူတစ်ဦးဖြစ်သည့် ကိုစိုးဌေးက ယခုနှစ် မတ်လတွင် ပထမဦးဆုံးသော မြန်မာ စားသောက်ဆိုင်တဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ မြန်မာ့လက်ဖက်ရည်ဆိုင် (Burmese Tea House) ဟု အမည်တွင်သော ထိုစားသောက်ဆိုင်လေးသည် ဆိုင်ဖွင့်ပြီးတလအတွင်းပင် မြို့၏ စားသောက်ဖွယ်လမ်းညွှန်ဆိုင်များစာရင်းတွင် ဖော်ပြ ခံခဲ့ရသည်။ မြန်မာလူမျိုးများသာမက အမေရိကန်လူမျိုးအများစုပါ လာရောက်စားသောက် လျှာအရသာ တွေ့နေကြပြီ ဖြစ်သည်။
“မြန်မာအစားအစာကို တော်တော်ကြိုက်ကြတယ်။ ဒီမှာရှိတဲ့လူတွေက နှစ်သက်ကြတယ်။ ၀ယ်လိုအားရှိနေတယ်”ဟု ကိုစိုးဌေးက ဂုဏ်ယူစွာဖြင့် ပြောပြသည်။ သူက မြန်မာကုန်စုံဆိုင်ဖွင့်ရန်လည်း စီစဉ်ထားကြောင်း ပြောပြသည်။
ဤသို့လက်တဆုပ်စာမျှသော မြန်မာလူမျိုးပိုင် စီးပွားရေးလုပ်ငန်းများအပြင် ဖို့တ်ဝိန်းမြို့တွင် အခြား မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အနည်းအကျဉ်းရှိပြီး အများစုက စက်ချုပ်ရုံများနှင့် မြို့အတွင်းအပြင်တွင် အခြေစိုက်သော ကော်ပို ရေးရှင်းကြီးများ၏ မော်တော်ကားစက်ရုံများတွင် ကော်လာပြာလုပ်သားများအဖြစ် လုပ်ကိုင်နေကြသည်။ အလုပ်ရှင် များကလည်း များသောအားဖြင့် ဒေသခံများထက် မြန်မာလူမျိုးများကို ပိုမို၍ဌားရမ်းလိုကြသည်။ အကြောင်းမှာ မြန်မာ လူမျိုးများက လုပ်ခနည်းနည်းဖြင့် လုပ်နိုင်ကြပြီး အလုပ်ချိန်များလျှင် ပိုကြိုက်ကြသည်။ “ဒါကဘာဖြစ်လို့လည်းဆိုတော့ ကျမတို့က သူတပါးတိုင်းပြည်မှာ ပြန်အခြေချဖို့ကြိုးပမ်းနေကြရတာ၊ အားလုံးကို သုညကပြန်စနေရလို့ပဲ”ဟု မသန်းမြင့်က ရှင်းပြသည်။
ဖို့တ်ဝိန်းနေ မြန်မာပြည်သူများသည် ဒေသတွင်းရှိဘဏ်များအတွက် အလားအလာကောင်းများအဖြစ်လည်း အမြင်ခံ နေကြသည်။ ဘဏ်များက မြန်မာဖောက်သည်များကို ဆွဲဆောင်ရန်အတွက် မြန်မာဝန်ထမ်းများ ခန့်ထားခြင်း၊ သို့မဟုတ် အချိန်ပိုင်းဘာသာပြန်များ ခန့်ထားခြင်းကို လုပ်လာကြသည်။ ၀ဲလ်ဖာဂိုဘဏ် (Well Fargo Bank) တွင် မြန်မာလူမျိုး
ဝန်ထမ်း ၃ ဦးရှိပြီး မြန်မာဘာသာဖြင့် ရေးသားထားသော လမ်းညွှန်အမှတ်အသားများ၊ စာရွက်စာတမ်းများပါ ထားရှိသည်။
ဖို့တ်ဝိန်းနေ မြန်မာပြည်သားများသည်လည်း အမေရိကန်ပြည်ထောင်စုတွင် ဘ၀ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေ ကြရသည့် ဖိစီးမှုကိုတော့ ပြေးမလွတ်ပါ။ အခြားအမေရိကန်ပြည်သူများနည်းတူ ခံစားနေကြရသည်။ မြန်မာလူမျိုးများ အကြား လူမှုရေးလုပ်ငန်းများကူညီဆောင်ရွက်နေသော လူသာရန်ခရစ်ယာန်ဂိုဏ်းဝင်ဘုန်းတော်ကြီး ဂျိမ်းစ် ကီလာက အမေရိကန်ရှိ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးများသည်လည်း တခါတရံ မြန်မာတို့အတွက် ပြဿနာဖြစ်နေကြောင်း လေ့လာမိသည်။ သူက သူ၏လုပ်ငန်းများအတွက် မြန်မာဘုန်းကြီးတပါးထံမှ မြန်မာစကား သင်ယူခဲ့သူ ဖြစ်သည်။
“ဒီအသိုင်းအ၀န်း သေးသေးလေးထဲမှာပဲ လင်ကွဲ မယားကွဲကိစ္စတွေ တစစပိုပြီးများလာတယ်” ဟု သူကပြောပြသည်။
“နေ့စဉ်နဲ့အမျှ အိမ်တွင်းအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကို ကြားနေရတယ်”ဟုလည်း ဆက်ပြောသည်။
သူက မြန်မာစကားပြောတတ်နေ၍ မြန်မာပြည်မှ ပြောင်းရွှေ့အခြေချလာသူများ၏ တွေ့ကြုံခံစားနေရသည့် ဒုက္ခသုခများကို သိနေနိုင်ခြင်းဖြစ်သည်။ အခြေချလာကြသည့် မြန်မာများအဖို့ အစစအရာရာခက်နေကြရသည်။ ကလေးကျောင်းအပ်သည့် နေရာ၊ အလုပ်ရှာရာ၊ အခွန်ဆောင်ရာနှင့် ဘဏ်စာရင်းဖွင့်ရာ အကုန်အခက်တွေ့နေကြရသည်။
မြန်မာ့မိတ်ဆွေများ (Friends of Burma) ဟုခေါ်သော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းကို တာဝန်ယူဆောင်ရွက်နေသော ဒိုင်ယာနာ ဆိုဝဒ်စ်သည်လည်း ဖို့တ်ဝိန်းမြို့တွင် ပြောင်းရွှေ့အခြေချလာသော မြန်မာဒုက္ခသည်အများအပြားကို အကူအညီ ပေးနေသူ ဖြစ်သည်။ ဖို့တ်ဝိန်းမြို့တွင်နေထိုင်နေသော မြန်မာအသိုင်းအ၀န်းက ကြိုဆိုရန် ထိုက်တန်သူများ ဖြစ်သည်။ ထိုမျှမက သူတို့က ဤမြို့ကလေးအတွက် များစွာပြန်၍ အကျိုးဖြစ်စေသည်ဟု သူမက ယုံကြည်နေသည်။ “ဒီမြို့ရဲ့ မတူကွဲပြားတဲ့ယဉ်ကျေးမှုထဲမှာ သူတို့လည်း ပါဝင်လာကြပြီ”ဟု သူမက ပြောသည်။

သို့သော်လည်း လာရောက်အခြေချနေထိုင်သော ဒုက္ခသည်များအကြား စိတ်ကျမှုများ ခံစားနေရသည်ဟုလည်း သူမ သတိထားမိသည်။ မြန်မာအသိုင်းအ၀န်းအတွင်း အရက်မူးရမ်းခြင်းနှင့် အရက်မူး၍ကားမောင်းသောပြဿနာမှာ တစစ တိုးပွားလာနေသည်။ “ဒါပေမယ့် ဒါကလည်း ရွှေ့ပြောင်းလာတဲ့လူထုတွေကြားမှာ သဘာဝပါပဲ။ အသစ်တော့ မဟုတ်တော့ ပါဘူး” ဟု သူမက ထပ်၍ဖြည့်စွက်ဖြေပြော ပြောသည်။
ဤသို့ ရွှေ့ပြောင်းအခြေချလာသူများ၏ လိုအပ်ချက်ကများလှသည်။ အလျှင်မီအောင် မနည်းရုန်းကန်နိုင်မှ တော်ကာကျ သည်။ အများစုသည် အလုပ်ကိုမနေမနား ပင်ပန်းစွာလုပ်ကိုင်ကြရပြီး အပန်းဖြေချိန်ဟူ၍ မရှိသလောက်ဖြစ်သည်။ ဤကြား မှပင် သူတို့ဇာတိအမိမြေ၏ ယဉ်ကျေးမှုနှင့် တန်ဖိုးများကို အတတ်နိုင်ဆုံး ဆက်လက်ထိန်းသိမ်းနေကြသည်။ ဥပမာအားဖြင့် မမေမြတ်မွန်က ကလေးများကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသို့ ပုံမှန်ခေါ်သွားလေ့ရှိပြီး သူကိုယ်တိုင်လည်း ဆွမ်းဟင်း ပုံမှန် ကုသိုလ်ကောင်းမှု လုပ်နေသေးသည်။
“ကျမသားနဲ့ သမီးကို ဘုန်းကြီးကျောင်းကို အမြဲခေါ်လာတယ်။ ဒါမှပဲ သူတို့တွေ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာ၊ ထုံးတမ်း စဉ်လာတွေဟာ ဘာလဲဆိုတာ သိလာကြမှာပေါ့” ဟုဆိုသည်။
သို့သော်လည်း သူမ မျှော်လင့်ထားချက်က သိပ်အလုပ်ဖြစ်ပုံမရ။ သူမ၏သား နှစ်တန်းကျောင်းသား ကျော်မြတ်လင်းက အနောက်နိုင်ငံသားနာမည် “ဂျွန်” ဟု ကိုယ့်ဘာသာ ပြောင်းလိုက်သည်။ သူ့အမေ အကြီးအကျယ် စိတ်ပျက်ခဲ့ရသည်။ “ကျမလည်း အကောင်းဆုံး ကြိုးစားတာပါပဲ။ ဒါပေမယ့် ဒါတွေက ဒီတိုင်းပြည်မှာ နေရတဲ့အတွက် နောက်ဆက်တွဲဖြစ်လာ ရတာတွေပါပဲ”ဟု သူမက ညည်းသည်။
ဖို့တ်ဝိန်းရှိ မြန်မာဘုန်းကြီးများကတော့ မြန်မာအသိုင်းအ၀န်းကြားတွင် မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှုလက္ခဏာထိန်းနိုင်စေရန်၊ ဘာသာရေး ဓလေ့ထုံးတမ်းတွေ ဆောင်ရွက်နိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းနေကြသည်။ သူတို့ကမြန်မာ ကလေးငယ်များ အတွက် မြန်မာစာသင်တန်းကိုလည်း အပတ်စဉ် ဖွင့်လှစ်ပေးထားသေးသည်။
သို့သော်လည်း ၀မ်းနည်းဖွယ်ကောင်းသည်မှာ ဖို့တ်ဝိန်းရှိ ဒုတိယမျိုးဆက်မြန်မာကလေးငယ်များအဖို့ မြန်မာ့ရိုးရာ အစဉ်အလာ ဆိုသည်များကို သိပ်စိတ်ဝင်စားဟန် မရှိကြတော့။ ဤသည်မှာလည်း ရွှေ့ပြောင်းအခြေချလာသည့် အသိုင်းအ၀န်းများတွင် ဖြစ်နေကျကိစ္စမျိုးပင် ဖြစ်သည်။ ဒုတိယမျိုးဆက်အများစုသည် မြန်မာစကား မပြောကြတော့။ ကျော်မြတ်လင်းကဲ့သို့ အမေရိကန်အမည်ခေါ်သည်ကိုသာ ပိုလိုလားကြတော့သည်။
မည်သို့ပင် ဆိုစေကာမူ ရွှေ့ပြောင်းအခြေချလာကြသော မြန်မာများအတွက် အမေရိကန်နိုင်ငံသားအသစ်များဖြစ်လာ သည့်တိုင် ၎င်းတို့အားလုံးသည် မြန်မာ့နိုင်ငံရေးမှ စွန့်ခွာထွက်ပြေး၍ မရနိုင်သေးဘဲ ရှိနေကြသည်။ ဖို့တ်ဝိန်းမြို့၏ အပြင်ဘက်မှ ၎င်းတို့၏လှုပ်ရှားမှုများ၊ အသံများကိုရှားရှားပါးပါးကြားရခဲသော်လည်း မြန်မာပြည်အရေးဆန္ဒပြပွဲများ ဖို့တ်ဝိန်း မြို့တွင် မဖြစ်သည့်လဟူ၍ မရှိသရွေ့ပင်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး စသည့် စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြတောင်းဆိုပွဲများ အမြဲလိုလိုလုပ်ဆောင်လှုပ်ရှားနေကြသေးသည်။
မြန်မာနိုင်ငံသားများ ပုံမှန်စုဝေးဆန္ဒပြပွဲပြုလုပ်သော မြို့လယ်နေရာဆိုလျှင် “မြန်မာ့ဆုံချက်နေရာ” (Burmese Point) ဟုပင် မြို့မြေပုံ၌ အမည်သတ်မှတ်ဖော်ပြခံထားရပြီး ဖြစ်သည်။
မြန်မာနိုင်ငံနှင့်အလွန်ဝေးကွာနေရာ အိုးအိမ်သစ်တွင် လုံလုံခြုံခြုံနှင့် အခြေချနေထိုင်နေကြသော်လည်း ၎င်းမြန်မာ အသိုင်းအ၀န်းအကြားတွင် စစ်အစိုးရကို ကြောက်ရွံ့နေမှုက အရိပ်ထိုးနေဆဲ ဖြစ်သည်။ လူစိမ်းများက ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင် ရောရောနှောနှောလုပ်ပြီဆိုလျှင် သံသယဖြင့် စောင့်ကြည့်ဆက်ဆံ တတ်ကြသေးသည်။
ဤမြန်မာ အသိုင်းအ၀န်းအတွင်းသို့ မြန်မာစစ်အစိုးရ၏ သူလျှိုများ၊ ထောက်လှမ်းရေးများ စိမ့်ဝင်ထိုးဖောက်လာလိမ့်မည်ဟု အမြဲတစေ စိုးရိမ်ကြောက်ရွံ့နေကြသေးသည်။
“ခင်ဗျား ဘယ်တော့မှ အတိအကျပြောလို့မရဘူး”ဟု ဖို့တ်ဝိန်းမြို့နေ ထင်ရှားသော မြန်မာတဦးက ဆိုသည်။ “ဒီကောင် တွေက အရမ်းကို ခိုင်မာနေပြီ။ သိပ်အင်အားကြီးတယ်။ ဒါကြောင့်မို့လဲ သူတို့အခုလောက်ထိ နှစ်ရှည်လများ အုပ်ချုပ်နေ နိုင်တာပေါ့”ဟု သူက ဤသို့ပြောပြသည်ကို အမည်ရင်းထုတ်ဖေါ်မသုံးစွဲပါရန် မေတ္တာရပ်ခံခဲ့သေးသည်။
အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သော်ငြားလည်း မြန်မာစစ်အစိုးရကို ဝေဖန်နေကြသည့်သူများသည်ပင် သတိကြီးကြီး ထား၍ နေကြသည်။ ဤအစဉ်အလာကပင် မြန်မာလူမျိုးတဦး၏ ပင်ကိုစရိုက်သဖွယ် ဆက်လက် တည်ရှိနေပါတော့သည်။
၂၀၀၇ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Indiana A Little Burma in Fort Wayne By Lalit K Jha/ Fort Wayne, Indiana ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
[Top] |