လွတ်လပ်ခွင့်အတွက် ကံစမ်းမဲထိုးသူများ
အောင်လွင်ဦး/နယူးယောက် | ဇွန် ၁၅၊ ၂၀၀၇
အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံတို့အကြား ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် တည်ထားခဲ့သော နယူးယောက် ဆိပ်ကမ်း လေဘာတီရုပ်တုက အမေရိကန်နိုင်ငံ အိမ်ပေါက်ဝသို့ရောက်ရှိလာကြကုန်သော ရွှေ့ပြောင်း အခြေချလာကြ သူများအတွက် မျှော်လင့်ချက်ရောင်ခြည် ပြယုဂ်သင်္ကေတအဖြစ် တည်ရှိနေခဲ့ပါသည်။ အမေရိကန် ကဗျာဆရာ အီမာ လာဇရု (Emma Lazarus) က ရွှေ့ပြောင်းအခြေချလာကြသူများကို ဤသို့တင်စားရေးဖွဲ့ခဲ့ပါသည်။
“တိုးဝှေ့ရောက်လာခဲ့ကြ
တမ်းမက်ခြင်းအပြည့်နဲ့ လူတွေ ...
လွတ်လပ်ခြင်းအနံ့အသက်ကို ရှုရှိုက်ဖို့ ...”
၁၉၈၈ ခုနှစ်တွင် အလားတူတမ်းမက်မှုမျိုးဖြင့် မြန်မာကျောင်းသားများ၊ ဆရာ ဆရာမများ၊ သံဃာတော်များနှင့် စစ်သား အချို့ အပါအ၀င် ထောင်ပေါင်းများစွာသော မြန်မာပြည်သူများသည် ရန်ကုန်၊ မန္တလေးနှင့် နိုင်ငံတနံတလျားမြို့ကြီးများ၏ လမ်းမကြီးများပေါ်သို့ ရောက်လာစေခဲ့ဖူးပါသည်။ စစ်တပ်အုပ်ချုပ်ရေးအဆုံးသတ်စေရန်နှင့် လွတ်လပ်သော၊ ဒီမိုကရေစီ နိုင်ငံအဖြစ်အစပြုရန် အတွက် ပြင်းထန်စွာ တောင်းဆိုခဲ့ကြပါသည်။

ထိုကာလမှ အနှစ်နှစ်ဆယ်နီးပါးကြာမြင့်ပြီးသည့်နောက်တွင်ပင် မြန်မာပြည်တွင်းနှင့် အိမ်နီးချင်းထိုင်းနိုင်ငံတို့တွင် ပြည်နှင် ဒဏ်ခံစားနေကြရသည့် ထောင်ပေါင်းများစွာသော မြန်မာပြည်သားများက ထိုလွတ်လပ်ခြင်းကို အာသာငမ်းငမ်း တမ်းမက် နေကြဆဲ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အောင်ဘာလေပုံစံ အမေရိကန် ဗီဇာစနစ် ကလည်း အမေရိကန်ပြည်ထောင်စုတွင် လွတ်လပ်ခြင်းကိုရှာဖွေလိုသူတို့အတွက် ကံစမ်းချင်စရာဖြစ်သည်။
အမေရိကန်ပြည်ထောင်စု သန်းခေါင်စာရင်းဌာန၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသို့ ၂၇ စက္ကန့်တိုင်းတွင် တဦးနှုန်း ဖြင့် တရားဝင်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ ရွှေ့ပြောင်းဝင်ရောက်လာနေသည်ဟု ဆိုပါသည်။ ထိုသို့ နည်းမျိုးစုံ ဖြင့်ရောက်ရှိလာသူတို့သည် ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် အနည်းဆုံးအနှစ် နှစ်ရာကျော်ကြာသမိုင်းတွင် ပါဝင်ကူညီလမ်းပြခဲ့ကြသော ပြောင်းရွှေ့အခြေချလာသည့် နိုင်ငံခြားသားများ၏အဝေးဆုံး ဆွေတော်မျိုးတော်များအဖြစ် အနိမ့်ဆုံး တရားဝင်ကြိုဆိုခြင်း ခံကြရပါသည်။
“အမေရိကန်၏ ဒီဗွီ”ဟု မြန်မာနိုင်ငံတွင် လူသိများသော လူမျိုးစုံပြည်ဝင်ခွင့်ဗီဇာအစီအစဉ်က ထိုစက္ကန့်နှင့်အမျှ ၀င်ရောက် လာနေသည့် အရေအတွက်ထဲသို့ တနှစ်လျှင် နှစ်စဉ်နိုင်ငံသားအသစ် ၅၀,၀၀၀ ခန့် ထပ်တိုးလာစေပါသည်။ ထိုနိုင်ငံသား အသစ်များတွင် မြန်မာနိုင်ငံမှပြည်သူများလည်း အပါအ၀င်ဖြစ်ပြီး အစဉ်အလာအရ အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်း နေထိုင်လေ့မရှိခဲ့ကြသူများ ဖြစ်ပါသည်။
အရှေ့တောင်အာရှနိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံသားများမှာ အာရှနွယ်ဖွားအမေရိကန်ဦးရေ၏ ၃၇ ရာခိုင်နှုန်းရှိပြီး အများ ဆုံး ဖြစ်ပါသည်။ ထိုဦးရေသည် ၂၀၀၀ ခုနှစ်စာရင်းအရ အခြားသောကမ္ဘာ့ဒေသများနှင့်နှိုင်းစာလျှင် အများဆုံး အချိုးအစား ဖြစ်ပါသည်။ ထိုရာခိုင်နှုန်းပမာဏတွင် မြန်မာနိုင်ငံသားများ၏ ရာခိုင်နှုန်းအချိုးအစားမှာမပြောပလောက်ပါ။
သို့သော် အမေရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကင်တပ်ကီကောင်စစ်ဝန်ရုံး၏အဆိုအရ မြန်မာနိုင်ငံမှ အရည်အချင်း ပြည့်မီသော အမေရိကန်သို့ ဒီဗွီလျှောက်လွှာ ၅. ၅ သန်းလက်ခံရရှိခဲ့ပြီး၊ ၆၅၁ ဦး အမေရိကန်၏ ဒီဗွီ “ထီပေါက်”ခဲ့ကြသည် ဟု ဆိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၅,၉၀၁ ဦး အလားတူ ဗီဇာထီပေါက်ခဲ့ပြီး ၎င်းတို့နောက်တွင် မြန်မာနိုင်ငံက အာရှ တိုက်တွင် ဒုတိယအများဆုံးအဖြစ် လိုက်နေပါသည်။
အမေရိကန်အစိုးရ၏ လွတ်လပ်ခြင်းအထူးဆုကြီးပေါက်ကြသော မြန်မာနိုင်ငံသားများအတွက် ဆက်လက် လုပ်ဆောင်ကြ ရသည့် လုပ်ငန်းစဉ်များမှာ ခက်ခဲရှုပ်ထွေး ရှည်လျားထွေပြားလှပြီး ခေါင်းပုံဖြတ် အလိမ်ခံရနိုင်သည့် အခြေအနေမျိုးလည်း ရှိပါသည်။ ထို့အပြင် အမေရိကန်သို့ရောက်ရောက်ချင်း နတ်ရေကန်ထဲချလိုက်သကဲ့သို့ အခက်အခဲ အားလုံးလွယ်လွယ် ကူကူ ပြေလည်သွားသည်မျိုးလည်း မဟုတ်ကြပါ။
မြန်မာများအတွက် ဒီဗွီလျှောက်လွှာတင်သည်မှအစပြု၍ ဒုက္ခစရောက်ကြရပါသည်။ လျှောက်လွှာကို အီလက်ထရွန်းနစ် နည်းဖြင့်သာလျှင် တင်ကြရပါသည်။ ယခင်နှစ်များအတွင်း မြန်မာနိုင်ငံတွင် အင်တာနက်ဝင်ရောက်ကြည့်ရှုသူများပြားလာ သော်လည်း သူသူငါငါ အကျယ်အပြန့် အသုံးပြုနေကြသည်တော့မဟုတ်ပါ။
မြန်မာနိုင်ငံမှ လျှောက်လွှာတင်သူများသည် လျှောက်လွှာပုံစံနှင့်ပင် အခက်အခဲ စကြုံကြရပါသည်။ ပုံစံဖြည့်ရန်အတွက် အင်္ဂလိပ်စာ မကျွမ်းကျင်ကြပါ။ ထိုကြောင့်ပင်လျှင် လျှောက်လွှာတင်လိုသူများကို ၀န်ဆောင်မှုပေးသော ကြားပွဲစားများ မှိုလိုပေါက်လာစေပါသည်။ ထိုပွဲစားများက ၎င်းတို့၏၀န်ဆောင်ခကို တနင့်တပိုး ယူလေ့ရှိကြပါသည်။
“မနှစ်က ကျနော် အင်တာနက်ကဖေးဆိုင်တဆိုင်ကနေ အွန်လိုင်းနည်းနဲ့လျှောက်လွာတင်ခဲ့ပါတယ်” ဟု ရန်ကုန်သား တဦးက ဆိုပါသည်။ ဆိုင်က၎င်းထံမှ ငွေကျပ် ၄,၀၀၀ (အမေရိကန်ဒေါ်လာ ၃ ဒေါ်လာခန့်)ကို လျှောက်လွှာကူညီတင်ပေးရ သည့်အတွက် ၀န်ဆောင်ခယူပါသည်။ ထို့အပြင် ထိုလျှောက်လွှာဖြည့်သွင်းရာတွင်ပါသည့် ၎င်းမိသားစုဝင်များအတွက် တဦးလျှင် ၂,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁. ၅၀ ခန့်) ထပ်တောင်းပါသေးသည်။
မြန်မာနိုင်ငံရှိ အမေရိကန်ဒီဗွီလျှောက်သူများအတွက် ထိုကဲ့သို့သောပွဲစားများက အင်တာနက်ကဖေးတွင်ဖြစ်စေ၊ ပုဂ္ဂလိက ကိုယ်စားလှယ်အေးဂျင့်အနေနှင့်ဖြစ်စေ လုပ်ကိုင်ပေးကြပြီး ဗီဇာရရှိရေးအဆင့်ဆင့်တိုင်းတွင်လည်း၎င်းတို့အား ငွေညှစ် အမြတ်ထုတ်ကြသည်ဟု ဆိုပါသည်။
“ဂရင်းကတ် (အမြဲတမ်းနေထိုင်ခွင့်) ပေါက်တယ်ဆိုတော့ ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့မိတယ်။ ဒါပေမယ့် နောက်တနေ့လဲရောက်ရော ပွဲစားတွေ ပေါက်ချလာကြတော့တာပါပဲ”ဟု ဒေါက်တာဖိုးကြားက ပြောပါသည်။
သူက ရန်ကုန် ဆေးတက္ကသိုလ်မှဘွဲ့ရခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မိသားစုနှင့်အတူ မေရီလင်းပြည်နယ်တွင် ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့သူ ဖြစ်သည်။
ပွဲစားများက ဗီဇာလျှောက်ထားရေးလုပ်ငန်းစဉ် အဆင့်အားလုံးအတွက် ကျပ် ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ ခန့်) နှုန်းဖြင့် လုပ်ပေးမည်ဟု ကမ်းလှမ်းကြပါသည်။ အကယ်၍ ဤသို့သာ ကိုယ်စားလှယ်လွှဲခိုင်းခဲ့ပါက ဤကုန်ကျစရိတ် များအတွက် ငွေချေးငှားနေရ၍ အတော်ကြာကြာ အချိန်ယူကြွေးဆပ်နေကြရဦးမည် ဖြစ်သည်။ သို့အတွက်ကြောင့် ကိုဖိုးကြားက ပွဲစားများကိုအပ်မည့်အစား လုပ်ငန်းအဆင့်တိုင်းကို ကိုယ့်ဘာသာလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခုအခါ သူသည် နာတာရှည်လူနာများကို ပြုစုနေသည့် သူနာပြုတဦးအဖြစ် အလုပ်လုပ်ရင်း မိသားစုကို ထောက်ပံ့နေနိုင်ပြီဖြစ် သည်။
သို့သော် ကျန်အခြားသူများမှာ များစွာကံမကောင်းလှပါ။ ဤရှုပ်ထွေးလှသော လုပ်ငန်းစဉ်အဆင့်ဆင့်၊ အင်္ဂလိပ်စာမကျွမ်း ကျင်မှုနှင့် အမှားလုပ်မိလျှင် အမေရိကန်တွင်နေထိုင်ခွင့် အခွင့်အရေးဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်မှုတို့ကြောင့် အကွက် ချောင်းနေသော ပွဲစားများလက်တွင်းသို့ ကျရောက်သွားစေပါတော့သည်။
လွန်ခဲ့သောနှစ်က မန္တလေးမြို့နေ အသက် ၃၀ အရွယ်အမျိုးသမီးတဦး အမေရိကန်သွားနိုင်ရန် ဒီဗွီထီပေါက်ခဲ့ပါသည်။ ပြီး နောက် ပွဲစားတဦးနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ နယူးယောက်၊ အယ်ဘာနီတွင်ရောက်ရှိနေထိုင်နေပြီ ဖြစ်သော်လည်း ကုန်ကျရငွေအကြွေးများနှင့် နစ်နေရဆဲ၊ ရုန်းကန်နေရဆဲ ဖြစ်ပါသည်။
ပွဲစားက ပုံစံဖြည့်စွက်လျှောက်ထားရမည့် လုပ်ငန်းအဆင့်များအပြင် သူမအနေဖြင့် အမေရိကန်တွင်နေထိုင်သူ တဦး၏
တာဝန်ခံမှုကို ရယူရန်လိုအပ်ကြောင်း စီကာပတ်ကုံးပြောပါသည်။ ၎င်းက တာဝန်ခံသူတဦးကို ရှာပေးမည်ဆို၍ ငွေကျပ် ၇၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၃ ဒေါ်လာခန့်) တောင်းပါသည်။ ယခုမူ ထိုစရိတ်များအတွက်သာမက သူမ၏ လေယာဉ်စရိတ် အမေရိကန်ဒေါ်လာ ၈၀၀ အတွက်ပါ တင်ကျန်ရစ်ခဲ့သော အကြွေးများကို ဆပ်နေရဆဲ ဖြစ်ပါသည်။
ပွဲစားများ၏ ၀င်ရောက်အမြတ်ထုတ်မှု မပါသော်လည်း အမေရိကန်၏ ဒီဗွီပေါက်ခြင်းသည်ပင် အလွန်ကုန်ကျစရိတ်ကြီး မားသော ကိစ္စတခုဖြစ်ပါသည်။ ဗီဇာလျှောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၃၅ ဒေါ်လာပေးရသည့်အပြင် အပိုကြေး ဒေါ်လာ ၁၀၀ ကိုပါ ပေးဆောင်ကြရပါသည်။ နောက်ပိုင်းတွင်ပြန်လည်ထုတ်ပေးသော်လည်း၎င်းတို့၏ လေယာဉ်စရိတ်ကို အိပ်စိုက်၍လာကြရပါသည်။
နိုင်ငံခြားတွင်နေထိုင်ကြသော မိတ်ဆွေများ၏အကူအညီဖြင့် ဗီဇာလျှောက်ထားခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမှား အယွင်းမရှိအောင် ဆောင်ရွက်နိုင်ခဲ့သူများအတွက်ပင်လျှင် လုပ်စရာလုပ်ငန်းစဉ်များက တပုံတပင် ကျန်ရှိနေပါသေးသည်။ ၎င်းတို့၏ လျှောက်ထားမှုကို လက်ခံကြောင်းအကြောင်းကြားစာရသည်နှင့် အမေရိကန်ဒီဗွီပေါက်သူသည် သက်ဆိုင်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများသို့ သွားရောက်ပြီး လူတွေ့စစ်ဆေးခံကြရပါသည်။
လူတွေ့စစ်ဆေးခြင်းတွင် ဒီဗွီပေါက်သူသည် ဆယ်တန်းအောင်လက်မှတ် သို့မဟုတ် ယင်းနှင့်ညီမျှသည့်ပညာအရည်အချင်း အောင်လက်မှတ်ကို တင်ပြကြရသည်။ သို့မဟုတ် လွန်ခဲ့သော ၅ နှစ်အတွင်း နှစ်နှစ်ကြာ သင်တန်းတက်ပြီးမှ လုပ်ခွင့်ရ နိုင်သော အလုပ်တွင် ၂ နှစ်ကြာလုပ်ကိုင်ခဲ့ကြောင်း အထောက်အထားတင်ပြကြရပါသည်။ အမေရိကန်နိုင်ငံသား တဦးဦး သို့မဟုတ် အဖွဲ့အစည်းတခု၏ တာဝန်ခံမှုမလိုအပ်သော်လည်း ရှိလျှင်တော့ အထောက်အကူဖြစ်စေပါသည်။
အမေရိကန်ပြည်ထောင်စုတွင် တာဝန်ယူသူ သို့မဟုတ် အဆက်အသွယ်မရှိသော ဒီဗွီပေါက်သူများသည် တခါတရံ သင့်လျော်သော အလုပ်ရရန်အခက်တွေ့တတ်ပါသည်။ လုပ်ခနည်းသောအလုပ်များကို တခုပြီးတခု ပြောင်းလုပ်နေရတတ်ပါ သည်။ အမှန်တကယ်တွင်မူ ဒီဗွီပေါက်ရုံမျှနှင့် တောက်ပသောအနာဂတ်ဘ၀ကို ချက်ချင်းလက်ငင်းရယူ ပိုင်ဆိုင်ကြရသည် မဟုတ်ပါ။ အမေရိကန်ဒီဗွီပေါက်ခြင်းသည် ကနဦးခြေလှမ်းတခုသာဖြစ်သော်လည်း အတန်အသင့်ကြီးမားသော အရင်းအနှီး ကို ပေးကြရပါသည်။
အမေရိကန်သမတ ဂျော့ ဒဗလျူ ဘုရှ်က “ကျနော်တို့ နိုင်ငံရဲ့အောင်မြင်မှုဟာ အသစ်ဝင်ရောက်လာသူတွေကို ကျနော်တို့ လူ့အဖွဲ့အစည်းနဲ့ တသားတည်းပေါင်းစပ်လာနိုင်အောင် ကူညီဖေးမပေးနိုင်မှုနဲ့ သူတို့တတွေက ကျနော်တို့အမေရိကန် နိုင်ငံသားတွေလို အများလက်ခံထားကြတဲ့ စံတန်ဖိုးတွေကို ခံယူနိုင်မှုအပေါ်မှာ မူတည်နေပါတယ်” ဟု ၂၀၀၆ ခုနှစ် မေလ က လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ နိုင်ငံသို့ထုတ်လွှင့်ပြောကြားသည့် မိန့်ခွန်းတခုတွင် ပြောကြားခဲ့ ပါသည်။
မိမိနိုင်ငံအတွင်းရှိ အမေရိကန်ဗီဇာထီပေါက်သူများအတွက် နိုင်ငံတွင်း၌ ပြောမပြနိုင်သောဆင်းရဲဒုက္ခများစွာကို ခါးစည်း ရင်ဆိုင်ခဲ့ကြရပြီးဖြစ်သည့်တိုင် ထိုလူမှုအသိုင်းအ၀န်းအတွင်း တသားတည်းပေါင်းစပ်သွားနိုင်ရေးအတွက် မသေးသော ရင်းနှီးမှု များကို ဆက်လက်ပေးဆပ်နေကြရဦးမည် ဖြစ်သည်။ ထို့အပြင် အမေရိကန်ဒီဗွီထီသည် အမေရိကန်နိုင်ငံတွင် ဖြစ်လာမည့် ၎င်းတို့၏အနာဂတ်ဘ၀အတွက် အရေးကြီးသော အခြားသင်ခန်းစာတခုကိုလည်း ပေးနေပါသည်။ ထိုသင် ခန်းစာမှာ “လွတ်လပ်ခြင်းဆိုတာ အလကားမရနိုင်” ဟူ၍ပင် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှ ဘ၀သစ်တခုအတွက် ပေးဆပ်ရသောအရင်းအနှီးများကို ဒေါ်လာငွေတန်ဖိုးဖြင့် တိုင်းတာ၍ မရနိုင်ပါ။ မြန်မာဒီဗွီပေါက်သူများ၏ စိတ်ဇောအဟုန်မှာ၎င်းတို့၏ နောက်မျိုးဆက်များအတွက် လှပသောအနာဂတ်ဖန်တီး ပေးနိုင်ရေးအတွက် ဇောကပ်နေကြပါသည်။
“သေချာတာက ဒါ ကျနော့်တိုင်းပြည်မဟုတ်ပါဘူး။ ပြီးတော့ ကျနော်တို့မိခင်တိုင်းပြည်လိုလည်း နေရတာမကောင်းနိုင်ပါဘူး၊ ဒါပေမယ့် ဘာလို့ဒီကိုလာရတာလဲဆိုတော့ ကျနော့်သားသမီးတွေရဲ့ ပိုမိုလှပတဲ့အနာဂတ်အတွက်ပါ” ဟု ကိုဖိုးကြားက ပြောပါသည်။
၂၀၀၇ ခုနှစ် ဇွန်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Rolling the Dice for Freedom By Aung Lwin Oo/New York ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
[Top] |