#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အမှိုက်ပုံနားက မိုးပြာကျောင်း
ဖီးလ်သော်တန်

မဲဆောက်မြို့စွန်ရှိ ညစ်ပတ်လှသော အမှိုက်ပုံကြီးမှ သန့်ရှင်းရေး အလုပ်သမားများက မြန်မာပြည်မှ ရွှေ့ပြောင်းကလေးငယ် များအတွက် မျှော်လင့်ချက် ရရှိနိုင်မည့် နေရာလေးတခု တည်ဆောက်ပေးခဲ့ကြသည်။

ထိုင်းမြန်မာနယ်စပ်ရှိ မဲဆောက်မြို့စွန်က အမှိုက်ပုံကြီးနားရောက်ရင် ပထမဆုံး သတိထားမိမယ့် အချက်ကတော့ ပတ်ဝန်းကျင်တခုလုံးကို လွှမ်းမိုးထားတဲ့ အနံ့ဆိုးကြီးပဲ ဖြစ်ပါတယ်။ မင်ရည်လို မဲနက်နေတဲ့ ရေဆိုးတွေ၊  ပုပ်သိုးနေတဲ့ အစားအသောက်တွေနဲ့ ဒူးဆစ်လောက်အထိ ရောက်အောင်ပစ်ထားတဲ့ စားကြွင်းစားကျန် အမှိုက်သရိုက်တွေက ထွက်တဲ့ အနံ့ဆိုးကြီးပါ။

ဒီအမှိုက်ပုံကြီးဟာ ဘောလုံးကွင်း လေးကွင်းစာလောက် ကြီးမားပါတယ်။ ပလပ်စတစ်ဘူးခွံတွေ၊ ပလပ်စတစ် အိတ်တွေ၊ စက္ကူစုတ်တွေ၊ ကတ်ထူပြားတွေ၊ အ၀တ်စုတ်တွေ အမှိုက်သရိုက်တွေက မြေပြင်ကို ဖုံးလွှမ်းထား တာ  မျက်စိတဆုံးပါ။ ဒီအနိဌာရုံ အမှိုက်ပုံကြီးပေါ်မှာ ယင်ကောင်မဲတွေက အုပ်ဖွဲ့ ပျံသန်းနေကြပါ တယ်။ အဝေးတနေရာမှာတော့  ယူကလစ်ပင် တန်းတွေ အုပ်ဆိုင်းနေတဲ့ တဲအိမ်စုတစု။ အမှိုက်ပုံကြီးကို အမှီပြုပြီး ညစ်ပတ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်နေရတဲ့ အမှိုက်ရှင်းသမားတွေရဲ့ နေအိမ်လေးတွေ ဖြစ်ပါတယ်။

အံ့သြစရာကောင်းတာကတော့ ဒီအမှိုက်ရှင်းသမားတွေဟာ ဒီလောက် ညစ်ပတ်ပေရေတဲ့ အခြေအနေကနေ စာသင်ကျောင်း တကျောင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့တဲ့ အချက်ပါ။ အနံ့ဆိုးနဲ့ အမှိုက်ပုပ်တွေ ဝန်းရံနေတဲ့  ဒီစာသင်ကျောင်းလေးဟာ ပြာပုံထဲကနေ ဖီးနစ်စ်ငှက် ပြန်လည်ရှင်သန်လာသလိုမျိုးပါ။ ဒါကြောင့် အတိတ်ကောင်းနိမိတ်ကောင်းသဘောနဲ့ `မိုးပြာကျောင်း´လို့ နာမည်ပေးထားပါတယ်။

မိုးပြာကျောင်းရဲ့ကျောင်းအုပ်ကိုသက်နိုင်ဟာ တိုင်းတပါးသားရဲ့အမှိုက်ပေါ်မှာ အမှီပြုနေထိုင်ရတဲ့ `ဘ၀´ကိုကောင်းကောင်း နားလည်ပါတယ်။  မြန်မာပြည်မှ တရားမဝင် လာရောက်သူ ဖြစ်တဲ့ ကျောင်းဆရာဟောင်း ကိုသက်နိုင်ဟာ အခုလို ကျောင်း ဆရာအဖြစ်ကို ပြန်မရောက်ခင်မှာ `အမှိုက်´အလုပ်ကို ၆ နှစ်လုပ်ခဲ့ပါတယ်။

`ကျွန်တော်တို့ ဒီကျောင်းဖွင့်တာ ၁ လပဲ ရှိပါသေးတယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီဆီက အထောက်အပံ့ ၃ လစာ ရရှိခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေအတွက် ပညာရေးဟာ အင်မတန် အရေးကြီး ပါတယ်´လို့ ဂျူလိုင်လတုန်းက သူက ပြောခဲ့ပါတယ်။

ကိုသက်နိုင်ရဲ့ ပညာရေးကတော့ မြန်မာ့နိုင်ငံရေးကသောင်းကနင်းဖြစ်မှုကြောင့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။

`ကျွန်တော်က ဆရာဖြစ်သင်တန်း တက်ခဲ့ပါတယ်၊ ဒါပေမယ့် ၈၈ အရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အတွက် ထောင် ၉ နှစ်ကျပြီး တက္ကသိုလ်ပညာရေးကို အဆုံးအထိ တက်ခွင့် မရခဲ့ ပါဘူး´လို့ သူက ကြေကွဲစွာ ပြောပြပါတယ်။

သူဟာ သစ်စက်တခုမှာ ထိခိုက်ဒဏ်ရာရတဲ့အတွက် ဘယ်ခြေထောက် ဆုံးရှုံးခဲ့ပြီး ခြေတဖက် ထော့နင်း ထော့နင်းနဲ့ လေးတိလေးကန် လမ်းလျှောက်ရတယ်။  ဒီကြားထဲကပဲ မဲဆောက် အမှိုက်လုပ်ငန်းမှာ အလုပ်လုပ်ပြီး ကလေး ၄ ယောက် ရှိတဲ့ သူ့မိသားစုကို ထောက်ပံ့ခဲ့သလို စာသင်ကျောင်းကိုလည်း ဆက်အုပ်ချုပ်နေခဲ့တယ်။

`ဒီမှာ အလုပ်လာလုပ်တဲ့အတွက် လူမှုရေးအဆင့်အတန်းတော့ တော်တော်လေး နိမ့်ကျခဲ့ပါတယ်၊ ဒါပေမယ့် ဒီမှာ ညစ်ညစ် ပတ်ပတ်လုပ်ရတာက မြန်မာပြည်မှာ ကျွန်လို နေရတာထက်တော့ ပိုကောင်းပါတယ်၊ ထိုင်းအစိုးရက မြန်မာအစိုးရထက် ပိုကောင်းတယ်၊ ဒီမှာ ရဲကဖမ်းမလား  လူဝင်မှုကြီးကြပ်ရေးက ဖမ်းမလား ဆိုတာကို စိုးရိမ်ကောင်း စိုးရိမ်ရပေမယ့် ဗမာ ပြည်မှာက လူ့အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ဗမာပြည်မှာ လူ့အခွင့်အရေး အပြည့်အ၀ရှိပြီး အဆင်ပြေတယ်ဆိုရင် ကျောင်း ဆရာတယောက်ဟာ ဒီလို အမှိုက်ပုံမှာ ဘာကြောင့် အလုပ်လာလုပ်မှာလဲဗျာ´လို့လဲ ထပ်ပြောပါတယ်။

ကိုသက်နိုင်က `မိုးပြာကျောင်း´အတွက် ဂုဏ်ယူနေပါတယ်။

“ကျွန်တော်တို့ကျောင်းမှာ အတန်း ၂ တန်းနဲ့ ကျောင်းသား ၅၆ ယောက်ရှိပါတယ်။ ကလေး အတော်များများ ဟာ မိဘ တွေကို ကူလုပ်ပေးရတာရယ်၊ အိမ်ကို ငွေပြန်ပို့ဖို့ အလုပ်လုပ်ရတာတွေကြောင့် ကျောင်း လာမတက်နိုင်ကြဘူး။ အဲဒီကလေး တွေက ညဘက်သင်တန်းဖွင့်ဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ လျှပ်စစ်မီး မရှိဘူး”လို့ သူက ပြောပါတယ်။

အပြင်ဘက်မှာတော့ အမှိုက်ပစ်ဖို့ ရွှံ့ထူထူလမ်းထဲကို မောင်းဝင်လာတဲ့ ထရပ်ကား တစင်းနောက်ကို ကောင်လေးတွေ ပြေးလိုက်နေကြတယ်။ ထရပ်ကားရောက်တာနဲ့ `အချက်ပြ´လိုက်သလို အမှိုက်သမားတွေဟာ အုပ်စုလိုက် တံစဉ်တွေ ကိုင်ပြီး ၀ိုင်းအုံလာကြတော့တယ်။ ထရပ်ကားရပ်တာနဲ့ တပြိုင်နက် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးများဟာ ကားထဲမှာ ပါလာတဲ့ အမှိုက်တွေကို အပြင်ကို ဆွဲထုတ်ကြတယ်။ အိမ်တွင်းအမှိုက်သရိုက်တွေထည့်ထားတဲ့ ပလပ်စတစ်မျိုးစုံဟာ လူအုပ်စုတွေရဲ့ အပေါ်ကို ပြိုကျလာတော့တယ်။

ထရပ်ကားကို တွဲလောင်းခိုထားတဲ့ ကောင်လေးတွေကလည်း ပြန်သုံးလို့ရနိုင်တဲ့ ပစ္စည်းမှန်သမျှကို ဖမ်းဆွဲနေကြတယ်။

အင်္ကျီဗ လာကျင်းနေတဲ့ ကိုခင်မောင်မြင့် ဆိုသူက သူ့ခေါင်းကိုခါပြီး `လူတွေဟာ ဒီလို မနေသင့်ပါဘူး၊ ဒါပေမယ့် ဗမာပြည်မှာနေတာထက်တော့ သာပါသေးတယ်´လို့ ပြောပါတယ်။

အသက် (၄၀) ရှိပြီဖြစ်တဲ့ ကိုခင်မောင်မြင့်ဟာ ထိုင်းနိုင်ငံကိုမလာခင်က ထရပ်ကား မောင်းခဲ့ပါတယ်။ ခုတော့ အမှိုက်ပုံကို အိမ်လုပ်ပြီးနေကြတဲ့ မိသားစု ၆၀ လောက်ရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။ မိဘနဲ့ သားသမီးတွေ အတူလက်တွဲပြီး မြို့ရဲ့ အမှိုက်သရိုက်အပေါ်မှာ အမှီပြုလုပ်ကိုင်စားသောက်နေထိုင်ကြတယ်။ ပြန်လည် အသုံးချလို့ရနိုင်တဲ့ ပစ္စည်းမှန်သမျှကို သူတို့ရဲ့ ပုခုံးမှာလွယ်ထားတဲ့ ဆန်အိတ်ထဲ ထိုးထည့်ကြပါတယ်။ နှာခေါင်းနဲ့ အနံ့ခံစမ်းသပ်ကြည့်ပြီး ကောင်းနေသေးတဲ့ စားစရာတွေကိုတော့ နောက်မှစားဖို့ အိတ်တလုံးထဲမှာ ထည့်သိမ်းထားကြပါတယ်။

ကိုခင်မောင်မြင့်က ဒီမှာ အခုလိုအလုပ်လုပ်ခြင်းအားဖြင့် မြန်မာပြည်ဘက်မှာထက် ၀င်ငွေပိုကောင်းတယ်လို့ ဆိုပါတယ်။

`ဗမာပြည်မှာ ကျွန်တော်တို့မိသားစုအတွက် လိုအပ်တဲ့ဝင်ငွေ ဖူလုံအောင် မရနိုင်ပါဘူး၊ ကုန်ဈေးနှုန်းတွေက တနေ့ထက် တနေ့ ပိုပြီးမြင့်တက်လာနေပါတယ်။ စားဝတ်နေရေး ခက်ခဲပါတယ်၊ ဒီမှာဆိုရင် ကျွန်တော် တနေ့ ဘတ် ၄၀  ရနိုင်ပါတယ်´ လို့ ပြောပါတယ်။ ဘတ် ၄၀ ဆိုတာ မြန်မာငွေ ၁၀၀၀ကျော်ရှိပါတယ်။

အသက်၂၆ နှစ်အရွယ် မအေးဌေးကလည်း အခန်း တခန်းသာ ရှိတဲ့ တဲအပြင်မှာ သူ့ရဲ့ တူနှစ်ယောက်၊ ကလေး ၃ ယောက်နဲ့ ထိုင်ရင်း ထိုင်းနိုင်ငံကို သူဘာကြောင့် လာရတယ်ဆိုတဲ့အကြောင်းကို ပြုံးရွှင်စွာ ပြောပြပါတယ်။

`ဗမာပြည်မှာ စားဝတ်နေရေး အင်မတန်ကျပ်တည်းပါတယ်၊ ကျောင်းစရိတ်လည်း ကြီးလို့ ကျောင်းမနေနိုင်သူတွေ ရှိပါတယ်။ အလုပ်အကိုင်လည်း မရှိဘူး။ ကရင်ပြည်နယ်မှာ ကျမ နေတုန်းက လယ်ထဲမှာ နေ့စားအလုပ် လုပ်ခဲ့ပါတယ်။ ကျမရဲ့ တနေ့လုပ်ခက ဆန်ဘိုးပဲ ရတယ်။ ဒီမှာ တနေ့ ဘတ် ၄၀ ကနေ ဘတ် ၆၀အထိ ရတယ်။ ဗမာပြည်ထက် နှစ်ဆ သုံးဆရပါတယ်´

မအေးဌေးရဲ့ တူနှစ်ယောက်ကတော့ သူတို့ ကျောင်းမတက်ချင်တဲ့အကြောင်း၊ အမှိုက်ကောက်ပြီး တနေ့ ဘတ် ၂၀ ရတာကို ပိုသဘောကျကြောင်း ပြောပါတယ်။ ဒါပေမယ့် `မိုးပြာကျောင်း´ရှိနေပြီ ဖြစ်တဲ့အတွက် ကလေးတွေဟာ ဗမာပြည်မှာထက် စာရင် အခြေခံပညာသင်ဖို့ အခွင့်အလမ်း ပိုမိုရရှိနိုင်ပါပြီ။

ဝင်ငွေနည်းတာနဲ့ ကလေးစစ်သားများ အတင်းအကျပ် စုဆောင်းတာတွေဟာ ကလေးတွေကို မိဘတွေက ကျောင်းမှ ထုတ်ထားခြင်းရဲ့ အဓိကအကြောင်းရင်းပဲလို့ ဆိုကြပါတယ်။

 “မြန်မာပြည်၏ ပညာရေးအကျပ်အတည်းသည် မြန်မာစစ်အစိုးရ၏ အလွန်တရာနည်းပါးလှသော ပညာရေးအသုံးစရိတ် ကြောင့် ဖြစ်သည် ”လို့ ဗြိတိသျှအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန အင်တာနက်ဝက်ဘ်ဆိုက်မှာ ဝေဖန်ထားပါတယ်။

မြန်မာစစ်အစိုးရဟာ ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းရဲ့ ဒဿမ ၃ ရာနှုန်းကိုပဲ  ပညာရေးမှာ သုံးပါတယ်။ ကလေး တယောက်ရဲ့ ပညာရေးအတွက် တနှစ်မှာဒေါ်လာ ဆင့် ၃၀ (မြန်မာငွေ ၄၀၀ကျပ်) လောက်ပဲ သုံးတယ်လို့ ဆိုလိုတာပါ။ ပညာရေးဌာနအနေနဲ့ နောင် အနာဂတ်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ ကြီးမားတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

ကိုသက်နိုင်က `အမှိုက်ပုံမှာ အလုပ်လုပ်တဲ့ မိဘအများအပြားဟာ ကလေးတွေရဲ့ ပညာသင်စရိတ်ကို မတတ်နိုင်ကြဘူး´လို့ ပြောပါတယ်။

ဒါပေမယ့် ကျောင်းဆက်လက် တည်တံ့ဖို့ လိုအပ်တဲ့ တလ ဘတ်ငွေ တသောင်းလောက်ကို ရမယ် ဆိုရင်တော့ ကျောင်းကို ဆက်လက်ဖွင့်ထားပြီး  ကလေးတွေကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံနဲ့ ၀ိဇ္ဇာပညာတွေကို သင်ကြားပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

`မိုးပြာကျောင်း´ဟာ ကျေးရွာလူထု စုစည်းတွေ့ဆုံရာ နေရာလည်း ဖြစ်နေပါပြီ။ အမျိုးသမီးတွေက ကျောင်းပတ်ပတ်လည်
ဝိုင်းထိုင်ပြီး ကလေးတွေ စာဖတ်တာ သီချင်းဆိုတာတွေကို နားထောင်ကြသလို အမျိုးသားတွေက အနီးအနားမှာ Red Bull အားဖြည့်ဖျော်ရည်နဲ့ ဆန်အရက်ရောသောက်ရင်း  ဘောလုံးပွဲ အကြောင်း ပြောကြတယ်။ တခါတရံ မယ်တော်ဆေးခန်းက ကျောင်းကျန်းမာရေးဆိုင်ရာ ဆေးဆရာတွေ စုပေါင်းပြီး ကလေးတွေကို သံချဆေးနဲ့ ဗီတာမင် အားတိုးဆေးတွေလည်း တိုက်ကျွေးကြပါတယ်။

အောင်မြင်တဲ့ စာသင်ကျောင်းတကျောင်းဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတဲ့သူကတော့ မြန်မာအလုပ်သမားများ ပညာရေးကော်မတီရဲ့ ဥက္ကဌလည်းဖြစ်၊ မဲဆောက် ဆသူးလေကျောင်းရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ နော်ဖောရေ့ဖြစ်ပါတယ်။

သူက `ပထမဦးဆုံး ရွှေ့ပြောင်းကလေးများကျောင်းကို မဲဆောက်မြို့ပြင်က ယိုယွင်းနေတဲ့သစ်သား အဆောက်အဦး နှစ်ခုမှာ စပြီးဖွင့်ပါတယ်။ အဲဒီတုန်းက ကျောင်းသားဦးရေ ၂၀ ပဲ ရှိပါတယ်´လို့ ပြောတယ်။

အခုတော့ ၄၉ ကျောင်းနဲ့ ကျောင်းသား ၆၀၀၀ ကျော်သွားပါပြီ။ ကျောင်း ၃၇ ကျောင်းကတော့ သူတို့ ကော်မတီရဲ့ လက်အောက်မှာ ရှိပါတယ်။

`၂၀၀၅ ခုနှစ်မှာ ထိုင်းအစိုးရက ရွှေ့ပြောင်း ကလေးငယ်များအပါအ၀င် ကလေးတွေအားလုံး အခမဲ့ ပညာသင်ကြားနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်´လို့ နော်ဖောရေ့က ပြောပြပါတယ်။

ဒါပေမယ့် ရွှေ့ပြောင်း မိသားစုတွေအနေနဲ့ သူတို့ရဲ့ကလေးတွေကို ထိုင်းကျောင်းတွေကို အပ်ဖို့  စရိတ်အလွန်ကြီးကြောင်းနဲ့ ကလေးတွေအတွက် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားများရဖို့ အလွန် ခက်ခဲကြောင်း သူက ထောက်ပြခဲ့ ပါတယ်။ ဒါပေမယ့်  ရွှေ့ပြောင်းကျောင်းများကို အကူအညီအထောက်အပံ့များ ပေးတဲ့အတွက် ထိုင်းနိုင်ငံပညာရေးဌာနကို ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။

ဆသူးလေကျောင်းမှာ ကျောင်းသား ၄၀၀ ရှိပါတယ်။ ကျောင်းသားတွေထဲမှာ အသက်အငယ်ဆုံးက ၅ နှစ်၊ အကြီးဆုံးက ၁၉ နှစ် ဖြစ်ပါတယ်။ ကျောင်းခန်းအသစ်တွေမှာ ကွန်ပျူတာ၊ စာကြည့်တိုက်နဲ့ ကျောက်သင်ပုန်း အဖြူ (White board) တွေ ရှိပါတယ်။ ကျောင်းသား ၆၀ရာခိုင်နှုန်းက ဗမာလူမျိုးများဖြစ်တဲ့အကြောင်း၊ တခြားတိုင်းရင်းသားများဖြစ်တဲ့ မွန်၊ ရခိုင်နဲ့ ကရင်များလည်း အများအပြားပါဝင်တဲ့အကြောင်း နော်ဖောရေ့က ပြောပါတယ်။

“ ကျမတို့ကျောင်းသားတွေထဲမှာ  နတ်ကိုးကွယ်သူတွေလည်းပါသလို  ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင် တွေလည်း ပါပါတယ်” လို့ သူက ပြောတယ်။

“ကျမတို့က ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်နဲ့ ကရင်စာတွေ သင်ပေးပါတယ်” လို့ သူက ပြောပြပါတယ်။

နော်ဖောရေ့က သူ့ကျောင်းသားတွေ ၁၀ တန်းပြီးရင် ပညာဆက်လက်မသင်နိုင်မှာကို စိုးရိမ်ပူပန် နေပါတယ်။ သူတို့မှာ တရားဝင် အသိအမှတ်ပြုထားတဲ့  လက်မှတ်တွေ လိုအပ်နေတယ်။  ရွှေ့ပြောင်း ပညာရေးအတွက် အဓိက လိုအပ်တာ တွေကတော့  ရန်ပုံငွေ၊ လုံခြုံရေး၊ ကျောင်းအသစ်များ၊ ရွှေ့ပြောင်းလုပ်သားများက သက်ဆိုင်ရာနယ်မြေ ပညာရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထောက်ခံပြောဆိုမှုများ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျမတို့ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရပါတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် ကျမတို့ ဘာမှမတတ်နိုင်ပါဘူး။ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ထိုင်းကျောင်းဆရာတွေ၊ ရပ်ရွာလူထုနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေ အပေါ်မှာ မှီခိုအားထားနေ ရပါတယ်” လို့ နော်ဖောရေ့က ပြောတယ်။

အခုအချိန်မှာတော့  မဲဆောက်က အမှိုက်ပုံကြီးမှာ မုတ်သုန်မိုး သည်းသည်းမဲမဲ ရွာနေပြီဖြစ်လို့ ထရပ်ကားနဲ့ ပါလာတဲ့ အမှိုက်တွေဟာ အကုန်ရောထွေးပြီး ပျစ်ချွဲချွဲတွေ ဖြစ်ကုန်ပါပြီ။

ဝါးတိုင်တွေ  ပလပ်စတစ်အမိုးအကာတွေနဲ့ ဖန်တီးထားတဲ့ တဲအိမ်လေးရဲ့ ဘေးမှာ ရပ်နေတဲ့ သန့်ရှင်းရေးအလုပ်သမား ခေါင်းဆောင် ကိုခင်မောင်မြင့်က  မဲမှောင်နေတဲ့ မိုးသားတွေကိုကြည့်ရင်း

“ကျွန်တော်တို့မှာ ဘာမှများများ မရှိပါဘူး၊ ကျွန်တော်တို့လိုချင်တာက ကျွန်တော်တို့ကလေးတွေ ပညာသင်ကြားရဖို့ ဖြစ်ပါတယ်။ အကူအညီရရင် ကျွန်တော်တို့ကလေးတွေအတွက် ဒီမိုးပြာကျောင်းကို ဆက်ဖွင့်ထားပါမယ်”  လို့ ပြောပါတယ်။[Top]

(၂၀၀၆ ခုနှစ် စက်တင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Phil Thornton ၏ School for Scavengers ကို ဆီလျော်အောင် ပြန်ဆိုပါသည်)

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.