#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အကြီးအကျယ်အိပ်မောကျခြင်း
ဒိုမိနစ် ဖော်လ်ဒါ

အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲတခုက အပူအပင်ကင်းပြီး ချမ်းမြေ့သာယာနေကြတဲ့ အထက်တန်းလွှာလူတန်းစားရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သရုပ်ဖော်ပြသနေပုံအကြောင်း …

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီး သန္တာရွှေ ရဲ့ မင်္ဂလာဆောင် အခမ်းအနား မှတ်တမ်းတင်ဗီဒီယိုရုပ်ရှင်ကို အမေရိကန် ရုပ်မြင်သံကြားဌာနတခုဖြစ်တဲ့ စီအင်န်အင်န်က မကြာခင်က ထုတ်လွှင့်ပြသသွားခဲ့ပါတယ်။

“အရှက်ကင်းမဲ့သော လူချမ်းသာတစု၏ လူမှုဘ၀များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ဖို့အတွက် ရှေ့ပြေးအဖြစ်နဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ပြသလိုက်လေသလားလို့တောင် ထင်မိပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ အဲဒီမင်္ဂလာပွဲကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စံအိမ်ဂေဟာမှာ ဂျူလိုင်လက ကျင်းပခဲ့တာပါ။ ဧရာဝတီမဂ္ဂဇင်းက သူ့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ “ဗမာပြည်၏ တော်ဝင်မင်္ဂလာအခမ်းအနား”လို့  အမည်ပေးပြီး တင်ခဲ့ပါတယ်။

ဟောင်ကောင်မှာ အခြေစိုက်တဲ့ အေးရှားဝိခ် (Asiaweek) အပတ်စဉ်မဂ္ဂဇင်းကလဲ ၁၉၉၀ ပြည့်လွန် နှစ်များတုန်းက ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ မင်းမျိုးမင်းနွယ်တွေအဖြစ် အရူးထခဲ့ကြပုံတွေကို ဝေဝေဆာဆာ ဖော်ပြခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင်ဆိုတာ အခုလက်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထက်အရင် စစ်အုပ်စုကို ခေါင်းဆောင်ခဲ့တဲ့သူပါ။ ၁၉၉၂ ခုနှစ် ဧပြီလမှာ သူ့လက်ထဲက အာဏာကို ပြန်အသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို ပြန်အသိမ်းမခံရခင်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာ ဂေါက်ကွင်းတကွင်းမှာ သူ့ကိုယ်သူ ရှေးခေတ်က ဗမာ့ စစ်သူရဲကောင်း ဘုရင်ကြီးတယောက် ဝင်စားသူအဖြစ် ကြွေးကြော်ပြီး သူ့လူတွေကို ဂေါက်တံနဲ့ လိုက်ရိုက်ခဲ့တယ်လို့ သတင်းစကားတွေ ထွက်ခဲ့ဖူးပါတယ်။

ဗမာပြည်ရဲ့ နောက်ဆုံးရှင်ဘုရင်အစစ် သီပေါမင်းကို ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တွေက ၁၈၈၅ ခုနှစ်မှာ ဖမ်းဆီးပြီး အိန္ဒိယနိုင်ငံ ရတနာဂီရိ ကို ပို့ခဲ့ပါတယ်။ ရတနာဂီရိ မှာပဲ ၁၉၁၆ ခုနှစ်က ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ ဗမာပြည်ကို အနိုင်ကျင့် သိမ်းပိုက်ခဲ့တဲ့ ဗြိတိသျှတို့ဟာ လုပ်ရဲကိုင်ရဲရှိပြီး ပါးနပ်တဲ့ သီပေါရဲ့ မဟေသီ စုဖုရားလတ်ကို `Soup Plate´လို့ ရိုင်းရိုင်းစိုင်းစိုင်း အမည်ပြောင်တခု ပေးခဲ့ကြပါတယ်။

စာရေးသူဟာ အေးရှားဝိခ်ကို ၂၀၀၁ ခုနှစ်အတွင်းမှာ သတင်းဆောင်းပါးတွေ ပို့လေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဦးနေဝင်း မသေသေးပါဘူး။ စာရေးသူအနေနဲ့ မင်းမျိုးမင်းနွယ်ဇာတ်လမ်းတွေနဲ့ များများစားစား ပတ်သက်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ဗမာ့ ကောလာဟလတွေနဲ့တော့ အကျွမ်းတဝင် ရှိခဲ့ပါတယ်။

ဦးနေဝင်းဟာ လေယာဉ်တစင်းအတွင်းမှာ ရှင်ဘုရင်ဝတ်စုံကိုအပြည့်အစုံဝတ်၊ သစ်သားမြင်းရုပ်ကြီးကိုစီးပြီး ရွှေတိဂုံဘုရားကို သုံးပတ် ပတ်တဲ့အကြောင်းလိုမျိုး ကောလာဟလတွေကို အများကြီး ကြားဖူးပါတယ်။

မင်းမျိုးမင်းနွယ် အလွန်ဖြစ်ချင်တဲ့ ဦးနေဝင်းဟာ မိန်းမတွေအများကြီးယူခဲ့ရာမှာ အစွန်အဖျား အနွယ်တော်တွေထဲက တယောက်ကိုပါ လက်ထပ်ခဲ့ပါသေးတယ်။ ဗြိတိသျှမင်းသမီးတပါးဖြစ်တဲ့ အလက်ဇန္ဒရားနဲ့တွေ့တုန်းက အိနြေ္ဒမဆည်နိုင်အောင် ပျာယာခတ်နေခဲ့ပါတယ်။ မင်းမျိုးမင်းနွယ်တွေရဲ့ အသုံးအဆောင်တွေကိုလည်း အလွန်ကြိုက်တတ်တယ်။ အထူးသဖြင့် ကျောက်သံပတ္တမြားတွေကို သဘောကျပါတယ်။

လက်ဆောင်ရထားတဲ့ ငွေကြေးနဲ့ ကျောက်သံပတ္တမြားတွေ လွှမ်းခြုံထားတဲ့ ဗိုလ်ချုပ်မှူးကြီးမိသားစုရဲ့ ရုပ်ပုံတွေဟာ တကယ် အံ့သြစရာကောင်းပါသလား။ ၁၉၈၀ ခုနှစ်များတုန်းက စာရေးသူဟာ ရန်ကုန်မြို့က စထရင်းဟိုတယ်နဲ့ အင်းယားလိပ်ဟိုတယ်တို့မှာ ပြုလုပ်ခဲ့တဲ့ အထက်တန်းလွှာ မင်္ဂလာဆောင်တွေကို မြင်ခဲ့ဖူးပါတယ်။ ဟိုတယ်အပြင်ဘက်က ဆင်းရဲသားပြည်သူတွေရဲ့ ဘဝနဲ့တော့ လုံးဝဆန့်ကျင်ဘက်ပါ။

တော်ဝင် မင်္ဂလာဆောင်ကိုကြည့်ပြီးတော့ စာရေးသူစိတ်ထဲ ခံစားရတာရှိပါတယ်။ ဒီခံစားမှုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရိုင်းစိုင်းတဲ့ ပြသမှုကြောင့် ပေါ်ပေါက်လာရတာ မဟုတ်ပါဘူး။ ရှင်ဘုရင်ရူး ဇာတ်လမ်းတွေကို အရင်က လေးလေးနက်နက် သဘောမထားမိ ခဲ့လေခြင်းဆိုပြီး နောင်တရတာကြောင့်လည်း ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ဒီမင်္ဂလာပွဲက အခိုင်အမာထုတ်ဖော်ပြောပြလိုက်တဲ့ အချက်တခုကို မြင်သိလိုက်ရတာကြောင့် ခံစားရတာပါ။

ဒီဗီဒီယိုကားကို လေးလေးနက်နက် ကြည့်တဲ့သူတယောက်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နအဖ စစ်အစိုးရဆီမှာ မိမိချမ်းသာရေးနဲ့ မိမိအာဏာတည်မြဲရေးဆိုတာထက် ပိုကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေလိမ့်မယ်လို့ ဘယ်လို ယုံကြည်နိုင်ပါ့မလဲ။

ဒီဗီဒီယိုကားဟာ လက်ရှိဗမာ့အသိုင်းအဝိုင်းက အထက်တန်းလွှာ လူတန်းစားတွေရဲ့ဘဝ ဘယ်လောက် အေးငြိမ်းသာယာနေသလဲ ဆိုတာကို ပထမဆုံးအကြိမ် တစေ့တစောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ဦးတည်ထားတဲ့ လမ်းကြောင်းပေါ်မှာ သူတို့ ရောက်နေပြီဆိုတာကို လက်ခံကြဖို့နဲ့ သူတို့အပေါ် မယုံမကြည်ဖြစ်နေကြတာတွေကို ဖျောက်ဖျက်ပစ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို စစ်အစိုးရက အမြဲတမ်း တောင်းဆိုခဲ့ပါတယ်။ အောက်တိုဘာလတုန်းက ပြည်တွင်းပြည်ပ သတင်းစာဆရာအများအပြားကို မြန်မာပြည်တွင်း ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဒီအကြိမ်ဟာ အရေအတွက်အများဆုံးပါပဲ။ ဒီသတင်းစာဆရာတွေကို အခြေခံဥပဒေအသစ် ရေးဆွဲနေတဲ့ အမျိုးသားညီလာခံဆီ သွားရောက်ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။

တအံ့တသြ ဖြစ်မသွားကြပါနဲ့။ ဒီညီလာခံကြီးကို ၁၉၉၃ ကတည်းက စခဲ့တာပါ။ ဒီညီလာခံနဲ့ ပတ်သက်လို့ ၁၉၉၄ ခုနှစ် ဧပြီလ အတွင်းမှာ စာရေးသူရောက်ခဲ့စဉ် တွေ့မြင်ခဲ့ရတာလေးတချို့ကို နဲနဲပြောပြပါရစေ။ ညီလာခံခန်းမထဲက ကိုယ်စားလှယ်တော်ဆိုသူ အတော်များများဟာ ညီလာခံကျင်းပနေစဉ်မှာ အိပ်ပျော်နေကြပါတယ်။ (အိပ်မနေကြသူ တချို့လည်း ရှိပါတယ်။ သူတို့ကတော့ ဂျပန်အပြာကာတွန်းစာအုပ်တွေကို ကြည့်နေကြတဲ့ ကိုယ်စားလှယ်တော် တချို့ပါ)။ အိပ်နေသူတွေဟာ ဟောက်သံများထွက်ပြီး အိပ်မောကျနေကြတာ ဖြစ်ပါတယ်။ ဟောက်သံအကျယ်ဆုံး ထွက်နေတဲ့ နေရာကတော့ ဗိုလ်ချုပ်မျိုးညွန့်နဲ့ အခြားဗိုလ်ချုပ်များ နေရာယူထားကြတဲ့ ရှေ့ဆုံးအတန်းပဲဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မျိုးညွန့်ဟာ သာသနာရေးဝန်ကြီးဌာနဝန်ကြီးဖြစ်ပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌလည်း ဖြစ်ပါတယ်။ ပညာကောင်းကောင်း မသင်ခဲ့ရတဲ့ ဗိုလ်ချုပ်မျိုးညွန့်ဟာ ဒီမိုကရေစီရေးအတွက် ဆန္ဒပြခဲ့ကြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့ ၁၉၈၈ ခုနှစ်တုန်းက ရန်ကုန်တိုင်း တိုင်းမှူးဖြစ်ခဲ့သူပါ။

အခြေခံဥပဒေ ရေးဆွဲတဲ့အကြောင်း ပြောရမယ်ဆိုရင် ညီလာခံခန်းမကြီးထဲမှာ တာဝန်ရှိသူ စစ်ဗိုလ်ချုပ်ကြီးများ အိပ်မောကျနေခဲ့ ကြတယ်လို့ပဲ ပြောရပါမယ်။ တကယ်တော့ အမျိုးသားနိုင်ငံရေးထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အဓိကဦးစားပေးထားတဲ့ အခြေခံဥပဒေကို ၁၉၉၀ ခုနှစ်များကတည်းက ရေးဆွဲထားခဲ့ပြီးပါပြီ။ ဥပဒေအသစ်အရဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရှင်ဘုရင်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျန်းမာရေးအခြေအနေ ကောင်းခဲ့ရင်တော့ စနစ်သစ်အတွင်းမှာ ပထမဦးဆုံးသော သမ္မတ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

ဦးနေဝင်းလည်း ၁၉၇၀ ခုနှစ်များအတွင်းမှာ ဒီနည်းပရိယာယ်အတိုင်း ကျင့်သုံးခဲ့တာပါပဲ။ ဒါပေမယ့် အာဏာသိမ်းပြီး ၁၂ နှစ်အကြာမှာ လုပ်ခဲ့တာပါ။ အခုလက်ရှိ စစ်အာဏာရှင်များကတော့ အာဏာရတာ ၁၈ နှစ်ရှိပါပြီ။ အခုထက်ထိ အခြေခံဥပဒေသစ်လည်း မရှိသေးဘူး။ နိုင်ငံရေးပြောင်းလဲတိုးတက်မှုလည်း ဘာမှ မတွေ့ရသေးပါဘူး။

၁၉၄၈ ခုနှစ်မှာ ဗြိတိသျှတွေ ထွက်မသွားခင်က ရေးဆွဲခဲ့တဲ့ဥပဒေနဲ့ ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီက ရေးဆွဲခဲ့တဲ့ ဥပဒေ ၂ ခု ကပေးတဲ့ အတွေ့အကြုံဆိုးတွေနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ်ပူပန်နေကြပါတယ်။ အတွေ့အကြုံတွေက သင်ခန်းစာယူဖို့လည်း သူတို့ လုံးဝဆန္ဒမရှိသလို အခြေခံဥပဒေကိုလည်း အဆောတလျင် မပြီးစီးချင်ကြဘူး။ ဘာကြောင့်လဲဆိုတာကိုတော့ သူတို့ ရှင်းမပြဘူး။

အခုပြုလုပ်နေတဲ့ ဒီမိုကရေစီ လမ်းပြမြေပုံနဲ့ပတ်သက်ပြီး ဘာမှ အခက်အခဲ အနှောင့်အယှက်မရှိဘူးဆိုရင်တောင်မှ အခြေခံဥပဒေ “မူကြမ်း” ဟာ နောက်နှစ်အထိ မပြီးနိုင်သေးပါဘူး။ အခြေခံဥပဒေရေးဆွဲပြီးရင် လူထုဆန္ဒခံယူပွဲ လုပ်ရဦးမယ်။ ဒီဆန္ဒခံယူပွဲက တနှစ်ကြာပါမယ်။ ၂၀၀၈ ကိုရောက်သွားပါမယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရတာက အနည်းဆုံး တနှစ် အချိန်ယူရပါမယ်။ ရွေးကောက်ပွဲပြီးရင်တော့ ၂၀၀၉ ခုနှစ်မှာ စစ်တပ်ကြီးစိုးတဲ့ အစိုးရတခု ပေါ်ပေါက်လာပါမယ်။ အနည်းဆုံးတော့ အရေးပါတဲ့ ဝန်ကြီးဌာနတွေကို စစ်အရာရှိဟောင်းတွေကပဲ ယူထားမှာပါ။

နအဖစစ်အစိုးရကို ၁၉၈၈ ခုနှစ်မှာ စတင်ဖွဲ့စည်းစဉ် ပါဝင်ခဲ့တဲ့ ဝါအရင့်ဆုံး ဗိုလ်ချုပ်ကြီး ၄ ယောက်ထဲက အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက်ပဲကျန်ပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်တင်ဦးတို့က သေသွားကြပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အတိုက်အခံ အပြောဆုံး ဒေါ်အောင်ဆန်းစုကြည်နည်းတူ နေအိမ်အကျယ်ချုပ် ကျခံနေရတယ်။။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အခြေခံဥပဒေရေးဆွဲနေတဲ့ အမျိုးသားညီလာခံမှာ ပါဝင်တက်ရောက်ခြင်းမရှိပါဘူး။

ယခုအကြမ်းဖျင်းဖော်ပြခဲ့တဲ့ လုပ်ငန်းစဉ်တွေအတိုင်း အမြန်ဆုံးအကောင်အထည်ပေါ်လာမယ်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုဖြစ်ဖြစ် ၂၀၀၉ ခုနှစ်မတိုင်မီမှာ လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ရိုးသားတဲ့စိတ်ဓာတ် ဒါမှမဟုတ် တိုင်းပြည်ကောင်းကျိုးအတွက် မဆုတ်မနစ် ဆောင်ရွက်မယ့်စိတ်ဓာတ်ကို တွေးဆနေတဲ့သူတွေအနေနဲ့တော့ ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ သမီးမင်္ဂလာဆောင်ဗီဒီယိုကို ဖွင့်ကြည့်သင့်ပါတယ်။     ။ [Top]

(၂၀၀၆ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Dominic Faulder ၏ The Big Sleep ကို ဆီလျော်အောင် ပြန်ဆိုသည်)

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.