#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ရာဘတောမှာ မောမိတယ်
ကြည်ဝေ

ဆန်ပြာတဲ့ စကောဝါကျင့်ကျင့်ထဲမှာ ထည့်ထားတဲ့ အအေးသောက်ပိုက်တံထုပ်ထဲက ပိုက်တံတချောင်းကို ယူလိုက်ပြီး  ဘာမီတွန်လို ပန်းရောင်ဆေးပြား သေးသေးလေး(ရာဘ ဆေးပြား တနည်းWY) တွေကို တပြားပြီးတပြားထည့်ရင်း သူဟာ အပြင်ဘက်ကို ငေးကြည့်လိုက် ဆေးပြားထည့်လိုက် လုပ်နေတယ်။ ဒါဟာ သူ့ရဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ် အသေးအဖွဲလေး တွေထဲက တခုပါပဲ။

အိမ်အလုပ်နည်းနည်းအားပြီဆိုတာနဲ့ အိမ်ပေါ်ကနေအောက်ထပ်ကို ဆင်းလာပြီး ပိုက်တံလေး တွေထဲကို ရာမ ဆေးပြားတွေထည့်နေကျ။ အိမ်ရှေ့ကနေ လှမ်းမြင် နေရတဲ့ တောင်ကတုံးတွေစီကိုပဲ ငေးငေး။ မျက်နှာချင်းဆိုင်အိမ်ရှေ့က မေမြို့ ပန်းခင်းဆီကိုပဲ ငေးငေး သူဘယ်လောက်ပဲ ငေးငေး ပိုက်တံတချောင်း ရာမ ဆေးပြား ဆယ်ပြားဆို ဆယ်ပြားစီပဲ ထည့်တယ်။ ပိုလည်းမပို လိုလည်း မလိုအောင် တိတိကျကျ ထည့် နိုင်တယ်။

ထည့်နိုင်ဆို သူက အဲဒီလို ရက်ပေါင်းများစွာ ထည့်နေကျ။ တနေ့ကို ပိုက်တံပေါင်း ငါးဆယ်ကျော် ကနေ တရာကျော်လောက်ထိ ပြီးအောင် ထည့်တယ်။ ဈေးဝယ် လာရင်လည်း ပိုက်တံ တချောင်းကို ငွေကျပ်တသောင်းနဲ့ ရောင်းပေးတယ်လို့ ပါးမို့နီနီ မျက်လုံးမှေးစင်းစင်းနဲ့ အသက် ၁၇ နှစ်အရွယ် အားလိက  ပြောပြပါတယ်။

ရာဘဆေးပြားတွေကို ပိုက်တံထဲ ထည့်ရောင်းတဲ့ အလုပ်ကို သူလုပ်ခဲ့တာ လေးနှစ်ကျော်ပါပြီ။ သူ ကျောင်းမနေဖူးပါဘူး။ ရှမ်းပြည်မြောက်ပိုင်းက နမ့်လန်ဆိုတဲ့  သူတို့ရွာမကျမြို့မကျ နယ်ဒေသလေးမှာ စာသင်ကျောင်းတကျောင်း ရှိပါတယ်။ ဒါပေမဲ့ ဆရာမရှိ၊ ကျောင်းတက်မယ့် ကျောင်းသား မရှိလို့ ရွာထဲက လူတွေလည်း သူ့လိုပဲ စာမတတ်ကြဘူးလို့ သူက ပြောပြပါတယ်။

''ဗမာစာ မတတ်၊ အင်္ဂလိပ်စာ စာမတတ်ရင်လည်း ဒီရွာက လူတွေ WY ထုတ်တတ်ကြတယ်။ ဘိန်း အရောင်းအ၀ယ်လည်း ကောင်းကောင်းလုပ်တတ်တယ်၊ ထမင်းငတ်တဲ့သူ မရှိပါဘူး'' လို့ သူ့ရဲ့အလုပ်ကို ဂုဏ်ယူစွာနဲ့ ပြောပြပါတယ်။

သူအမြင်မှာတော့  ဆေးပြားတွေကို စက်နဲ့ထုတ်ပြီးရောင်းချနိုင်တာ ဂုဏ်ယူစရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင် တုန်းက သူတို့မိဘတွေဟာ ဒီနေ့ခေတ်လို ဆေးခြောက်ကို အက်စစ်တမျိုးမျိုးနဲ့ ပုံသေရောစပ်ပြီး ဆေးပြားရိုက်စက်နဲ့ ထုတ်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူးလို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလတုန်းကတော့ သူတို့ မိသားစုဟာ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းဆတ်မြို့နယ်ထဲမှာ ဘိန်းစိုက်ကြတယ်။ ခုထဲလည်း ဟိုမှာ ကျန်ခဲ့တဲ့ အမျိုးတွေ စိုက်နေကြတယ်လို့ သူ့ပြောစကားအရ သိရပါတယ်။

သူတို့မိသားစု ဒီကိုပြောင်းလာပြီး ဆေးပြားရောင်းကြတာ လေး၊ငါးနှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ ရောက်စတုန်းကတော့  သူတို့အရှေ့ပိုင်းက ဆေးပြားတွေကို ဒီဒေသထိ တာဝန်ယူပြီး ဖြန့်ပေးတဲ့ အလုပ်ကို စလုပ်ကြည့်တယ်။ အဆင်ပြေတာနဲ့ ဆက်လုပ်ဖြစ်သွားတယ်လို့ သူက ပြောပြပါတယ်။

ဒီနေ့ခေတ်မှာတော့ ရာဘဆေးပြားဈေးကွက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရော တောင်ပိုင်းသာမက နေရာဒေသ အတော်များများမှာ  ပိုကျယ်ပြန့်လာသလို ဆေးပြား ထုတ်လုပ်သူတွေကလည်း နေရာဒေသ အနှံ့အပြားမှာ တနိုင်တပိုင် ထုတ်လုပ်လာနိုင်ကြပါပြီလို့ သူက ပြောပြပါတယ်။

သူတို့မိသားစု လေးယောက်မှာ သူ့အမေကလွဲရင် အားလုံး ဒီလုပ်ငန်းကိုပဲ မှီခိုလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ သူ့ဘေးမှာ ရေသန့်ဘူးထဲ ပိုက်နှစ်ပြီး ဆေးပြားရှူနေတဲ့ သူ့မောင်လေး အသက် ၁၆ နှစ်အရွယ် အိုက်ထွေးကတော့ သူ့ထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းတယ်လို့ သူက မောင်ဖြစ်သူရဲ့ ဘယ်ဘက်ပုခုံးကို ပုတ်ရင်းပြောပြပါတယ်။

အိုက်ထွေးဟာ  ၀ နယ်မှာတုန်းကလည်း ဘိန်းစိုက်တယ်၊ ဆေးခြောက်ရှူတယ်၊ အရောင်းအ၀ယ်လည်း ရံ့ဖန်ရံခါလုပ်ပါ တယ်။ ဒါပေမယ့် ခုတော့ ဆေးပြားတမျိုးတည်းကိုပဲ  အရောင်းအ၀ယ်လုပ်တယ်လို့ သူက ဆိုပါတယ်။

သူက ယောက်ကျားလေးလည်းဖြစ်တော့  လန်ဒန်ဘူးခွံတွေကို ထိပ်ပိုင်းခေါင်းဖြတ်၊ ဆေးပြားတွေ ထည့်ထားတဲ့ ပိုက်တံ လေးတွေကို ထိုးစိုက်ထည့်ပြီး ကြုံရာနေရာမှာ ကြုံသလို ရောင်းတယ်။ မှာတဲ့သူရှိရင် အိမ်တိုင်ရာရောက် လိုက်ရောင်းပေး တယ်။ အနီးအနားက ရွာတွေ အထိ သူ့ဖခင်နဲ့ အတူ လိုက်ရောင်း ပါတယ်။ နမ်းရန် ဒေသ၊နားမွန်၊နားဖိုင်ထိ သူ့ဆီကနေ ပုံမှန်မှာဝယ်နေတဲ့ ဖောက်သည်တွေ အများကြီး ရှိတယ်လို့ သူ့ပြောပြချက်အရ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဘက်မှာ ဆေးပြားတပြားကို ၅၀၀ကျပ်၊ ၇၀၀ကျပ်လို့သိရပါတယ်။ မြောက်ပိုင်းဒေသ ဘက်မှာတော့ ဒီမှာတော့ ရာဘတပြားကို ၁၀၀၀ ကျပ်ပဲ ရတယ်။  ဒုဌာဝတီမြစ် အနောက်ဘက်ပိုင်းကျော်လို့ နောင်ချိုကျော်ရင် တပြားကို ကျပ် ၁၅၀၀ ပေါက်ဈေးရှိသွားပြီ။ မေမြို့ကျော်ရင်  ၂၀၀၀ ကျပ်ဈေး၊ မန္တလေးဆိုရင် တပြားကို ၂၅၀၀ ကျပ်ဈေး။ တခါတလေ  ၃၀၀၀ ကျပ်ထိ ဈေးရတယ်လို့ အိုက်ထွေးက  ဆိုပါတယ်။

(ယခုအခါမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း (စစ်အစိုးရ အခေါ်အရ အနက်ရောင်နယ်မြေ၊ ပြီးတော့ အညိုရောင်နယ်မြေ) ကနေ ရှမ်းပြည်နယ်ရဲ့ အဖြူရောင်နယ်မြေထိပါ မူးယစ်ဆေးဝါးတွေကို တွင်တွင် ကျယ်ကျယ် ၀ယ်ယူရောင်းချနေကြတာ တွေ့မြင်ရသလို ရန်ကုန်မြို့လည်ခေါင်မှာလည်း နီးစပ်ရာ ဖောက်သည်တွေဆီမှာသာမက ကွမ်းယာဆိုင်နဲ့ ဆေးဆိုင်တွေ မှာပါ တပြားကို ကျပ် ၃၀၀၀ ကျပ်ကနေ ၅၀၀၀ကျပ် ဈေးထိ ပေါက်ဈေးရှိပြီး လိုသလောက် ၀ယ်ယူနိုင်တာ တွေ့မြင်ရပါတယ်။)

သူဟာဆိုင်ကယ်တစီးနဲ့ ဟိုဟိုဒီဒီသွားရောက်ရောင်းချပေမယ့် မျက်နှာစိမ်းကိုတော့ တခါမှမရောင်းခဲ့ဘူးလို့ ပြောပြပါတယ်။ သူတို့ဒေသကို မျက်နှာစိမ်း ဧည့်သည်တွေလာရင် ချက်ချင်းသိပေမယ့် အချို့မြို့တွေမှာ တော့ မျက်နှာစိမ်းတွေ့ရင် အရောင်း အ၀ယ်မလုပ်တော့ဘဲ ချက်ချင်းလှည့်ပြန်လာခဲ့တယ်လို့ သူက ပြောပါ တယ်။

ရာဘဆေးပြားသုံးစွဲသူတွေဟာ အမျိုးသားဆိုလျှင် အလုပ်ကို ရက်ဆက် မမောမပန်း ကောင်းကောင်း လုပ်နိုင်တယ်။ လိင်ကိစ္စကိုလည်း စိတ်မ၀င်စားတော့ဘူးလို့ သူက ပြောပြပါတယ်။ အမျိုးသမီးတွေကတော့ အဲဒီဆေးပြားသောက်ပြီးရင် လိင်ကိစ္စကို ပိုစိတ်ဝင်စားလာတတ်တယ်လို့ သူက ဆိုပါတယ်။

သူတို့ နယ်မှာတော့ လူ ၁၀၀မှာ ၇၀ ကျော်က ရာဘဆေးကို ဘိန်းထက်ပို သဘောကျကြတယ်လို့ သူက ပြောတယ်။ ဒါပေမယ့် ဆေးပြားသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကိုတော့ သူကိုယ်တိုင်မသိသလို၊ ဘယ်သူကမှလည်း စိတ်ဝင်တစားမေးမြန်းနေကြတာ မရှိပါဘူးလို့ သူက ဖြေပါတယ်။

“ ဘာဖြစ်လို့လဲဆိုတော့ သူက ဘိန်းလို မသောက်ရ မနေနိုင်အောင် စွဲတာ၊ ရင်းထတာမျိုးမရှိဘူး၊ လောင်းကစားသမားတွေ ဆိုရင်လည်း ဆေးသောက်ပြီး သုံးလေးရက်ထိ မအိပ်ဘဲ ကစားနိုင်တယ်။ သစ်ခုတ်တဲ့ သူတွေဆိုရင်လည်း ဆေးသောက် ထားရင် ပင်ပန်းတဲ့ ဒဏ်ကို ခံနိုင်တယ်” လို့ သူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ဆေးပြားရိုက်စက်တလုံးကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသကနေ ကျပ်၂၈ သိန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ ပြောပြပါတယ်။

တရုတ်ပြည်က ၀င်တဲ့ စက်တွေကို အသုံးများကြပြီး တနာရီမှာ ဆေးပြားရေ ၅၀၀ ထွက်တဲ့ စက်ရှိသလို ဆေးပြားရေ ၈၀၀၊ ၁၀၀၀ ကနေ ဆေးပြားရေ ၁၅၀၀ ထိ ထွက်တဲ့ စက်လည်း ရှိတယ်။ ထုတ်လုပ်နိုင်စွမ်း အပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားမှု ရှိတယ်လို့ သူကပြောပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း  ဒုဌာဝတီမြစ်အရှေ့ပိုင်းကစပြီး တောင်ပိုင်းဒေသတချို့နဲ့ အရှေ့ပိုင်းဒေသတချို့ မှာလည်း ရာဘဆေးပြားကို စက်တွေနဲ့ တွင်တွင်ကျယ်ကျယ်ထုတ်လုပ်လာကြတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

ရှမ်းပြည်နယ်တခုလုံးမှာ နေထိုင်ကြတဲ့ သူတွေရဲ့ တ၀က်ကျော်ကျော်ဟာ မူးယစ် ဆေးဝါး ထုတ်လုပ်ရေး၊ ရောင်းချရေး စတဲ့ လုပ်ငန်းတွေကိုပဲ ဆောင်ရွက်လာကြတဲ့အတွက်  ရှမ်းပြည်နယ်နဲ့ မူးယစ်ဆေးဝါး လုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက တွဲနေခဲ့တာဖြစ်သလို စစ်အစိုးရလက်ထက်မှာ ဘိန်းစိုက်ပျိုးမှုကို မတားမြစ်နိုင်တဲ့အပြင် ဘိန်းဖြူစိုက်ပျိုးခြင်းနဲ့ မူးယစ်ဆေးဝါးများထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းဟာလည်း ယခင်ကထက် သုံးဆခန့် ပိုမိုတွင်ကျယ်လာခဲ့တယ်လို့ သူက သုံးသပ်ပြ ပါတယ်။

စစ်တပ်အနေနဲ့ အရောင်းအ၀ယ်ကြမ်းတဲ့ ဒေသတွေကို တနှစ်တကြိမ် ပုံမှန်ဝင်လေ့ရှိတယ်လို့ ကြားသိ ရပါတယ်။ စစ်ကြောင်းဝင်တယ်ဆိုရင်တော့ သေနတ်သံတွေ ၀ုန်းဒိုင်းကျဲပြီး လောင်းကစားဝိုင်းတွေကအစ ဘိန်းစားတွေအဆုံး အားလုံးကို ၀င်ရှင်းသွားကြတာဖြစ်ပေမယ့် မူးယစ်ဆေးဝါးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့ အထိတော့ ထိထိရောက်ရောက် ၀င်လေ့မရှိဘူးလို့ ဒေသခံတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းဝင်မယ်ဆိုရင်လည်း ကြိုတင်သတင်းပို့ထားတယ်။ ရှောင်ချိန်ရပါတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

ရာဘဆေးပြားတွေဟာ  ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေကနေ စတင်ခဲ့တာဖြစ်ပေမယ့် ယခုအခါ  ဒုဌာဝတီမြစ် အနောက်ပိုင်း ဒေသ ၊ ရှမ်းမြောက်ပိုင်း အဖြူရောင်ဒေသတွင်သာမက မြန်မာပြည်မကြီးထဲမှာပါ တွင်ကျယ်လာတာ တွေ့မြင်ကြရတယ်။

“အစိုးရ သတ်မှတ်ထားတဲ့ ရှမ်းပြည်ရဲ့ အနက်ရောင်နယ်မြေ၊ အညိုရောင်နယ်မြေနဲ့ အဖြူရောင် နယ်မြေ တွေမှာ လွတ်လွတ်လပ်လပ်ရောင်းဝယ်လာကြတာ လေးငါးဆယ်နှစ်လောက်ရှိပြီ၊ ဒီဘက်မှာတော့ ဒီဆေး ရောင်းတာ ပြဿနာ မရှိဘူး၊ ပြည်မကြီးမှာလည်း အရင်ကထက်စာရင်တော့ အများကြီးလုပ်လာနိုင်ကြပါ တယ်။ ရန်ကုန်မှာဆိုရင်လည်း ပစ္စည်းအမြဲ ရနိုင်တဲ့ နေရာတွေ တော်တော်များများရှိလာတယ်” လို့ ရှမ်းပြည် မြောက်ပိုင်းမှ ကုန်သည်တဦးက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူခြင်းတွေရှိပေမယ့် မူးယစ်ဆေးဝါး သယ်ယူ၊ ရောင်းဝယ်မှုတွေဟာ တနှစ်ထက်တနှစ်အရေအတွက် တိုးလာတာပဲ ရှိတယ်လို့ သူက ပြောပြ ပါတယ်။ သုံးစွဲသူတွေလည်း တိုးလာခဲ့တယ်၊ ဈေးကွက်လည်း ကျယ်ပြန့်လာခဲ့ပါတယ်။

“ဒီဒေသမှာ  စစ်တပ်မရှိဘူး၊ ရဲ မရှိဘူး။ လောင်းကစားဝိုင်းတွေနဲ့ဘိန်းအရောင်းအ၀ယ်ပဲ ရှိတယ် ဆိုတော့ စစ်ကြောင်းဝင် မယ်လို့ သတင်းမရမချင်း အရောင်းအ၀ယ်ကို အေးအေးဆေးဆေးလုပ်လို့ရတယ်” လို့ အဲဒီကုန်သည်က ပြောပါတယ်။

ဒီဒေသမှာ ရာဘဆေးပြား၊ ဘိန်းမဲ ၊ ဆေးခြောက်စတဲ့ မူးယစ်ဆေးဝါးများအပြင် မူးယစ် ဆေး အချို့ကို လွတ်လွတ် လပ်လပ်ပဲ ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။

ရှမ်းးပြည်နယ်တွင်းမှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရောင်းချသုံးစွဲနေခြင်းဟာ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူတွေ အတွက် အလွန်နစ်နာပျက်စီးစေတယ်၊ အထူးသဖြင့် ကလေးငယ်တွေအတွက် အလွန်အန္တရာယ်ကြီးတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

မိဘတွေက မူးယစ်ဆေးဝါး အရောင်းအ၀ယ်လုပ်၊ အချို့က ဘိန်းစိုက်ပျိုးထုတ်လုပ်နေကြတော့ ကလေးငယ်တွေကလည်း မူးယစ်ဆေးဝါးတွေနဲ့ ယဉ်ပါးနေကြပြီး၊ သုံးစွဲတတ်လာတာကြတယ်လို့ ဒေသခံတဦးက  ပြောပြပါတယ်။

“ဒီဒေသမှာ ရှိတဲ့ ကလေးတွေ ဘယ်ကလေးမှ စာသင်ခန်းထဲ မရောက်တော့ဘူး၊ အသက် ၁၀နှစ် အရွယ် ကလေးလောက် ကစပြီး ရာမ စွဲကြတယ်။ သူတို့တွေက  ဗမာစာမတတ်၊ အင်္ဂလိပ်စာ မတတ်လဲ အရေး မဟုတ်ဘူုး၊ ဘိန်းစိုက်စားလို့ရတယ်၊ ဘိန်းရောင်းစားလို့ ရတယ်၊ လောင်းကစားလုပ်စားကြမယ်ဆိုတဲ့ အသိက စွဲနေပြီ” လို့ သူက ပြောပြပါတယ်။

“ဒီက လူငယ်တွေဟာလည်း သေစာရှင်စာတောင် မတတ်ဘဲ၊  မူးယစ်ဆေးဝါး  အရောင်း အ၀ယ် လုပ်ငန်း တွေ၊လောင်း ကစားပွဲတွေကြားမှာနဲ့  ဘိန်းစိုက်ပျိုးရေး လုပ်ငန်းတွေထဲမှာပဲ ကြီးပြင်းလာကြတယ်။ သူတို့ကလည်း ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေပဲ လုပ်နေကြတုန်းပဲ ဆိုတော့ နောင် ဆယ်နှစ်ကြာရင် ဒီဒေသကြီး တခုလုံး ဘယ်လိုဖြစ်နေမယ်ဆိုတာကို တွေးဆကြည့်မိရင်း ကျနော် ငိုချင်တယ်၊ ကျနော် ရှမ်းလူမျိုးစစ်စစ်ဖြစ်တယ် ကျနော် ဘိန်းမရှူဘူး၊ မူးယစ်ဆေးဝါးလုပ်ငန်း တွေကို အားမပေးဘူး၊ ကျနော်တို့ လူမျိုးတွေအတွက် အလုပ်လုပ်ပေးတယ်” လို့ သူက ဆိုပါတယ်။

သူဟာ ရှမ်းပြည်ရှိ ရှမ်းလူငယ်အဖွဲ့ထဲက တဦးပါ။

“ကျနော်တို့ ရှမ်းလူမျိုးတွေကို ဘိန်းစားတွေလို့ ပြောခံရတိုင်း ရင်ထဲက နာတယ်။ မခံနိုင်ဘူး။ တကယ်တော့ ဒီအလုပ်တွေ လုပ်နေကြတာ ရှမ်းတွေ မဟုတ်ပါဘူး” လို့ သူက အံကိုတင်းတင်းကြိတ်ပြီး သွားကြားထဲက ထွက်လာတဲ့ လေသံနဲ့ စကားဆိုပါတယ်။

 

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.