#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

မြေမှာပေါက်သည့် ငွေပဒေသာပင်
ခွန်ဆမ်| သြဂုတ် ၃၊ ၂၀၀၇

သူတို့ မြန်မာ့မြေပေါ်တွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာခဲ့ပြီ။ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ ကြာခဲ့သည်မှ အချို့မှာ ရာစုနှင့်ချီ၍ တည်ရှိနေခဲ့သော အပင်များလည်း ဖြစ်သည်။ အကြီးစား သစ်ထုတ်လုပ်ရေး စက်ကြီးများက သူတို့ပေါက်ရောက်ရာဒေသ အတွင်း ထိုးဖောက်ဝင်ရောက် လာခဲ့ပြီး သစ်ပင်များကို အပင်လိုက် မ ထုတ်ခဲ့ကြသည်။ နောက်တော့ နယ်စပ်ဖြတ်ကျော် ကာ တရုတ်နိုင်ငံအတွင်းသို့ ပြောင်းရွှေ့ရောက်လာခဲ့ကြသည်။

သစ်ပင်များလည်း နိုင်ငံရေမြေပြောင်းကာ အသက်ရှင် နေကြရသည်။ မြန်မာနိုင်ငံရှိ အချို့သောသဘာဝမြတ်နိုးသူများက တော့ ဆိုကြမည်။ ဤသစ်ပင်များသာ လွမ်းတတ်လျှင်ဖြင့် အမိမြေ အိမ်ကို လွမ်းနေကြပေလိမ့်မည်ဟု ဆိုကြပါလိမ့်မည်။ သို့သော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ လုပ်ငန်းရှင် များအတွက်မူ ဤသစ်ပင်များသည် ငွေအိုးကြီး ဖြစ်နေသည်။ ငွေမှ နည်းနည်းနောနော တန်ဖိုးရှိသည်မဟုတ်၊ အလွန် အဖိုးတန်သော စီးပွားရေးလုပ်ငန်းကြီးလည်း ဖြစ်နေသည်။

အမြစ်မှ ထုတ်ယူ၍ တရုတ်နိုင်ငံတွင် ပြန်စိုက်ရန်ရောင်းချနေကြသော ဤသစ်ပင်များကို မြန်မာဘာသာဖြင့် ရေထင်းရှူးဟု ခေါ်ကြပြီး၊ ရုက္ခဗေဒအမည်အရ podocarpus nerrifolia ဟုခေါ်သည်။ podocarpaceae မျိုးစုဝင် သစ်မျိုး ဖြစ်သည်။ ဤသစ်ပင်က သစ်ပင်ကြီးမျိုးဖြစ်၍ အမြဲစိမ်းနေတတ်သည်။ ရေရှည်အချိန်ယူ ကြီးထွားလာသော သစ်ပင်မျိုးဖြစ်၍ အနိမ့်ပိုင်း မြေပြန့် ဒေသများ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း မြေပြန့်လွင်ပြင်များ တွင် တွေ့ရှိရတတ်သည်။

ဤအပင်မျိုးကို တရုတ်နိုင်ငံတွင် ကံကောင်းစေသည့် အပင်မျိုးဟု လူအများက ယူမှတ်ထားကြပြီး ဘေဂျင်း၊ ရှန်ဟိုင်း၊ ဂွမ်ဒေါင်းနှင့် အခြားသော မြို့ကြီးများရှိ ချမ်းသာကြွယ်ဝသူ တရုတ်များက မြန်မာနိုင်ငံမှ မှာယူတင်သွင်းကာ ၎င်းတို့ဥယျာဉ် များအတွင်း အပင်လိုက် ပြန်စိုက်ကြသည်။ နွေဦးရာသီတွင် အရွက်များကြွေသကဲ့သို့ ဤအပင်များက သူတို့အပေါ် ကံကောင်းခြင်းမိုး ရွာသွန်းဖြိုးစေလိမ့်မည်ဟုလည်း မျှော်လင့်ယုံကြည်ကြသည်။ ဤအပင်များကို အဆင့်မြင့်အာဏာပိုင်များ ထံ လက်ဆောင်အဖြစ်ပေးရန် အတွက် ၀ယ်ယူသွားကြကြောင်းလည်း တရုတ်-မြန်မာနယ်စပ်ရှိ မြန်မာကုန်သည်များက ဆိုကြပါသည်။

တရုတ်နိုင်ငံ၏ မုတ်သုန်ရာသီရှိသည့် ဒေသတခုဖြစ်သော ယူနန်ပြည်နယ်၏ တောင်ဘက်စွန်း စစ်ဆောင်ပနားဒေသတွင် လည်း ဤအပင်များ ပေါက်ရောက်ကြပါသည်။ သို့သော် ဤရေထင်းရှူးအပင်များကို မခုတ်ရ ကန့်သတ်ထားသော တားမြစ် ထိန်းသိမ်းထားသည့် အပင်များ ဖြစ်နေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းနှင့် တရုတ်နိုင်ငံတို့တွင် ဤအပင်မျိုး ရှားပါးလှသောကြောင့် ဤသစ်ပင်မျိုးကို တရုတ်ယွမ်ငွေ တစ်သိန်း (အမေရိကန်ဒေါ်လာအားဖြင့် ၁၃,၀၀၀ ခန့်) ပေး၍ ၀ယ်ယူနေကြပြီး ပို၍ သက်တမ်းရင့်သော အပင်ဆိုလျှင် ဈေးကောင်း ပို၍ ရနိုင်သည်။

ဤသစ်ပင်များကို အမြစ်ထိ တူးဆွထုတ်ယူခ၊ တရုတ်နိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်ခ စရိတ်နှင့် အခွန်အခ၊ အခြား ကုန်ကျငွေများ ပေါင်းလိုက်ပါက မြန်မာကျပ်ငွေ ၅ သန်းမှ ၆ သန်း (အမေရိကန် ဒေါ်လာ အားဖြင့် ၃,၄၀၀ မှ ၄,၆၀၀ အထိ) အရင်းရှိနိုင်သည်ဟု လားရှိုးမြို့အနီး နောင်ချိုအခြေစိုက် မဟာကြွယ် ကူးသန်း ရောင်းဝယ်ရေးကုမ္ပဏီမှ အရာရှိတဦးက ပြောပြပါသည်။ ဤသို့ ပို့နိုင်ရန်အတွက် အပြီးအစီး ရက် ၃၀ ခန့် အချိန်ယူရပါသည်။ မဟာကြွယ် ကုမ္ပဏီအနေဖြင့် ဤသို့သော ရေထင်းရှူးအပင်မျိုး အပင် ၃၀ ခန့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး နောက်ထပ် အပင် ၇၀ ခန့် ရောင်းချရန်လည်း ခွင့်ပြုချက် ရရှိထားပါသည်။

သတင်းများအရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဖြစ်သူနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဗိုလ်မှူးချုပ် အောင်သန်းထွဋ်နှင့် နေပြည်တော်ရှိ သစ်တောဝန်ကြီးဌာနက (၂၀၀၆-၂၀၀၇) ခုနှစ်အတွင်း ဤရေထင်းရှူး သစ်ပင်မျိုး ၂,၀၀၀ ကျော် ပြည်ပတင်ပို့ရန် ခွင့်ပြုထားရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဤသို့သော သစ်ပင်များကို အမြစ်မှတူးထုတ်ရန်၊ ထုတ်ပိုးရန်နှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်မှာ လွယ်ကူလှသော ကိစ္စတော့ မဟုတ်လှပါ။ ကချင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦး ဖြစ်သူ ခွန်ဆိုင်း၏ အဆိုအရ အမြစ်တူးထုတ်ရာတွင် မကျွမ်းကျင်မှုနှင့် သယ်ယူပို့ဆောင်ရေးတွင် အထစ်အငေါ့များကြောင့် အပင်များစွာ လမ်းတွင်သေဆုံးရကြောင်း သိရပါ သည်။ သူက ဤအပင်များကိစ္စအတွက် မြောက်ပိုင်းရှမ်းပြည်နယ်အတွင်းတွင် ကွင်းဆင်းသုတေသနပြုလေ့လာခဲ့သူလည်း ဖြစ်ပါသည်။

ဤသစ်ပင်များ ငွေတွင်းကြီးသဖွယ် ဖြစ်နေသည်မှာ မဟာကြွယ်ကဲ့သို့သော ကုမ္ပဏီများအတွက်မျှသာ မဟုတ်ပါ။ စစ် အစိုးရအတွက်လည်း အခွန်များရစေပြီး အခြားသောသူများအတွက်လည်း အခြားအဖိုးအခများ၊ ရှောင်လွှဲမရနိုင်သော လာဘ်ပေးလာဘ်ယူကိစ္စများမှတဆင့် ငွေဝင်လမ်းဖြောင့်နေကြပါသည်။ ငွေသီးသော ပဒေသာပင်သဖွယ် ဖြစ်နေကြပါ သည်။

အစီရင်ခံချက်များအရ မြန်မာအစိုးရ၏ သစ်တောဌာနက ဤသစ်ပင်တစ်ပင်အတွက် အခွန်အဖြစ် ကျပ်တစ်သိန်း (အမေရိကန်ဒေါ်လာ ၇၇) ကောက်ခံပြီး အစိုးရက သစ်ပင်လုံးပတ်နှင့် အရှည်အပေါ်မူတည်၍ အမေရိကန်ဒေါ်လာ (၁,၂၂၅ မှ ၂,၄၀၀) နှင့် ညီမျှသော တန်ဖိုးကိုလည်း တောင်းယူပါသေးသည်။

ထို့အပြင် ဒေသဆိုင်ရာအစိုးရအရာရှိများကလည်း ဤသစ်ပင်တင်ပို့မှုမှ ငွေညှစ်ယူနေကြပါသေးသည်။ နောင်ချိုမှ တရုတ် နိုင်ငံသွားရာ နယ်စပ်မြို့ဖြစ်သော မူဆယ်အထိ စစ်ဆေးရေးဂိတ် ၈ ခုကို ဖြတ်ကြရပြီး ဖြတ်သန်းခ၊ အခွန် စသဖြင့် အမျိုးမျိုး ဝေစုခွဲနေကြပါသေးသည်။

အချို့သော အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း ဤစီးပွားရေးတွင် ပတ်သက်နေကြ ကြောင်း သတင်းများက ဆိုကြပါသည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ် အိုလံပစ်ပွဲမတိုင်မီကာလတွင် ပြင်ဆင်မှုအနေဖြင့် “အစိမ်းရောင်မုန်တိုင်း” ဟု အမည် ပေးထားသည့် သစ်တောပြန်လည်ပျိုးထောင် စိုက်ပျိုးရေးအစီအစဉ်တခုကို ချမှတ်ဆောင်ရွက်နေပါသည်။ တရုတ်နိုင်ငံရှိ ကော်မတီက ကစားပွဲများအတွက်ပြင်ဆင်နေစဉ် ကာလတွင် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်ကလည်း အိုလံပစ်ပွဲတော်ကို အသုံးချ၍ ပို၍ကျန်းမာရေးနှင့် ညီညွတ်စေမည့် သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေးအတွက် လူအများ လေးစားလိုက်နာကြစေရန် တိုက်တွန်းနှိုးဆော်မှုများပြုလုပ်နိုင်ရန် မျှော်မှန်းထားကြပါသည်။

ဤသို့ဆောင်ရွက် နိုင်ရန် တရုတ်နိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာထားပါသည်။ ဤသို့သစ်ပင် များ ပြန်လည်ပျိုးထောင်စိုက်ပျိုးနေသည့်အချိန်၌ မြန်မာနိုင်ငံမှ သစ်ပင်များကိုနှုတ်၍ ပြန်စိုက်ပျိုးနေသည့် အဖြစ်မှာ အပြော တမျိုး အလုပ်တမျိုး သဖွယ် ဖြစ်ပါသည်။

တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်စေမည့် ကိစ္စများမှာ သေချာသည်ကတော့ မြန်မာနိုင်ငံဘက်က ရှုံးရမည့်ကိန်းပင် ဖြစ် ပါသည်။ အကြောင်းမှာ ရေထင်းရှူးသစ်ပင်များသည် ရေနှင့် မြေဆီထိန်းသိမ်းရေးအတွက် အရေးပါသောကြောင့်ဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ခွန်ဆိုင်းက ပြောပါသည်။

မည်သို့ပင် ဆိုစေကာမူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အဓိကကျွန်းသစ်ဝယ်ယူနေသည့် ဖောက်သည် ဖြစ်နေပါသည်။ လန်ဒန်အခြေစိုက် Global Witness အဖွဲ့၏ လေ့လာစောင့်ကြည့်ချက်အရ ၂၀၀၄ ခုနှစ်တွင်ပင် မြန်မာနိုင်ငံမှ ကျွန်းသစ် ကုဗ မီတာ ၁ သန်းကျော် တင်သွင်းခဲ့ပါသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျွန်းသစ်တင်ပို့မှု၏ ၉၅% ခန့်မှာ တရားမ၀င် ဖြတ်သန်းရောင်းချ ခဲ့ကြခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ထိုအဖွဲ့၏ အစီရင်ခံစာက ဆိုပါသည်။

“တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံကနေ ရသမျှ သဘာဝအရင်းအမြစ်တွေကို ယူမှာပဲ” တရုတ်နိုင်ငံနယ်စပ်တွင် နေထိုင် နေသူတဦးက ပြောပြပါသည်။ “မြန်မာနိုင်ငံက ကုန်သည်တွေ၊ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေ၊ စစ်အစိုးရ၊ ပြည်သူ့စစ်အဖွဲ့ တွေကလည်း တန်ဖိုးရှိသမျှဟာကို ထုတ်ရောင်းနေကြမှာပဲ” ။ [Top]

၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ခွန်ဆမ်ရေးသားသော Where Money Grows On Trees ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.