စစ်အစိုးရအာဏာမြဲရေး ကုလသမဂ္ဂ ကူညီနေသလား
ရဲနည်
မြန်မာပြည်အရှေ့ဖျား ကျေးလက်ဒေသက အဖိနှိပ်ခံပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်း တွေဟာ စစ်အစိုးရအာဏာမြဲရေးအတွက် ကူညီပေးနေသလိုဖြစ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင် ခံစာကို ဧပြီလ ၂၅ ရက် မှာ ကုလသမဂ္ဂက ပြန်လှန်မေးခွန်းထုတ်လိုက်ပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့က ကုလသမဂ္ဂလုပ်ငန်းတွေအပေါ်သုံးသပ်ချက်ဟာ မမှန်ကန်တဲ့အပြင် ပကတိ အခြေအနေနဲ့ ကွဲလွဲနေပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးရုံး ညှိနှိုင်းရေးမှူးက သတင်းထုတ်ပြန်ချက်၊ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
“အဲ့ဒီအစီရင်ခံစာကိုရေးသားကြတဲ့သူတွေဟာ သူတို့အခိုင်အမာပြောဆိုနေတဲ့အကြောင်းအရာတွေကို အစီရင်ခံစာ မထုတ်ပြန်မီ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြီးတော့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးရုံး ညှိနှိုင်းရေးမှူးနဲ့တောင်မှ ဆွေးနွေးသုံးသပ်မှုမလုပ်ခဲ့တာ ၀မ်းနည်းစရာကောင်းပါတယ်။ မြန်မာပြည်သူ တွေရဲ့ ဆင်းရဲဒုက္ခ တွေ လျော့နည်းပပျောက်သွားအောင်လုပ်ဆောင်တဲ့နေရာမှာ လူသားချင်းစာနာထောက်ထားတဲ့ အခြေခံ စည်းမျဉ်းတွေ အတိုင်း ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်နေတယ်”လို့ အဆိုပါသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်“နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေအပေါ် မြန်မာအစိုးရက ကန့်သတ်တားမြစ်ချက်တွေကို ကြည့်ရင် သူတို့ရဲ့လိုအပ်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောက်ရွက်မှ အကောင်အထည် ဖော်လို့ဖြစ်နိုင်မယ့်လုပ်ငန်းတွေမှာ အဲ့ဒီအခြေခံစည်းမျဉ်းတွေကို ဘယ်လိုကိုက်ညီအောင်လုပ်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်”လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြန်လည်တုန့်ပြန်ပြောဆိုပါတယ်။
“အမိန့်ဖြင့်အကောင်အထည်ဖော်သော ဖွံ့ဖြိုးရေးလုပ်ငန်း သို့မဟုတ် ဆင်းရဲမွဲတေမှုနိုင်ငံရေးနှင့် ကရင်ပြည်နယ်ကို ထိန်းချုပ်ရေး” လို့ အမည်ရတဲ့ ကရင်လူ့အခွင့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာက ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအ၀င် အန်ဂျီအို တွေ ရဲ့အကူအညီနဲ့ အကောင်အထည်ဖော်နေတဲ့ စစ်အစိုးရရဲ့ဖွံ့ဖြိုးရေးအစီအစဉ်တွေဟာ ဖိနှိပ်ရေး လက်နက်တခု ဖြစ်လာပြီး ဆင်းရဲမွဲတေမှုကို ပိုပြီးဖြစ်စေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလူသားချင်းစာနာထောက်ထားတဲ့အကူအညီပေးရေးရည်ရွယ်ချက်တွေဟာ စစ်အစိုးရလက်အောက်က ဖွံ့ဖြိုးရေး အမည်ခံလုပ်ငန်းတွေကို ပိုမိုကျယ်ပြန့်လာစေပြီး စစ်အာဏာကိုဆက်လက်ထိန်းချုပ်နိုင် အောင်လုပ်ပေးတာနဲ့ တူနေ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဒီလိုပြောတာဟာ အကူအညီပေးနေတာတွေအားလုံးကို ဆန့်ကျင်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအကူအညီတွေဟာ `ထိခိုက်မှုအနည်းဆုံးနဲ့ အကျိုးအမြတ်အများဆုံး´ ဖြစ်အောင် အကောင်အထည်ဖော်သင့်ပါတယ်လို့ အဆိုပါ အဖွဲ့က ပြောပါတယ်။
“အခုကိစ္စဟာ `အကူအညီပေးရေး မပေးရေး´ ကို ငြင်းခုန်နေတာ မဟုတ်ပါဘူး။ အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဘယ်လိုအကောင်အထည်ဖော်သင့်သလဲဆိုတာကို ပြောနေတာဖြစ်ပါတယ်”လို့ ကရင် လူ့အခွင့်အရေးအဖွဲ့ ကို တည်ထောင်သူ ကီဗင် ဟပ်ပါးက ပြောပါတယ်။
ဥပမာ မစိုက်မနေရ ကြက်ဆူပင်စိုက်ပျိုးရေးစီမံကိန်းတွေအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်မှ ရန်ပုံငွေတွေကို လွှဲပြောင်းရယူခဲ့တယ်။ အဲ့ဒီစီမံကိန်းဟာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ၊ မတရားငွေညှစ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီစီမံကိန်းဟာ စစ်တပ်အတွက် အသုံးပြုမယ့် ဇီဝဒီဇယ် ထုပ်လုပ်ဖို့ဖြစ်တယ်လို့ အစီရင်ခံစာက ထောက်ပြဝေဖန်ပါတယ်။
အဲ့ဒီအပြင် အာရှနဲ့ပစ္စဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက နိုင်ငံဖြတ်ကျော်ဖောက်လုပ်မယ့် “အာရှ အမြန်လမ်းမကြီး” ဖွံ့ဖြိုးရေးစီမံကိန်းအတွက် စစ်အစိုးရကို အကူအညီပေးခဲ့ပါတယ်၊ ကရင်ပြည်နယ်ထဲမှာ အကောင် အထည်ဖော်နေတဲ့ အဲ့ဒီစီမံကိန်းဟာ လျော်ကြေးမပေးဘဲ လယ်ယာမြေတွေကို အဓမ္မသိမ်းပိုက်တာတွေ၊ ဒေသခံရွာသား တွေကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက အဲ့ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိပုံမရဘူး ထင်ပါတယ်။
“အာရှအမြန်လမ်းမ ဖောက်လုပ်ရေးစီမံကိန်းမှာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခံရတယ်ဆိုတဲ့ သတင်းတွေ၊ တိုင်တန်း ချက်တွေကို လက်ခံရရှိခဲ့ခြင်းမရှိပါဘူး”လို့ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းဌာန ဒါရိုက်တာ ဘယ်ရီ ကေဗယ်က အင်တာပရက်စ် သတင်းဌာနကို ပြောခဲ့ပါ တယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့က ဟပ်ပါးကတော့ တချို့ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ရန်ပုံငွေတွေကို ဘယ်လို အသုံးပြုသလဲ၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို သိရှိရဲ့လားဆိုတဲ့ ကရင်လူ့အခွင့် အရေးအဖွဲ့က မေးမြန်းစုံစမ်းတာတွေကို ဖြေကြားဖို့ပျက်ကွက်ခဲ့ကြတယ်လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေပေမယ့် စစ်အစိုးရနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတာကာ အန်ဂျီအိုတွေက စိတ်အားထက်သန်နေတာကိုလည်း ကရင်လူ့အခွင့်အရေး အဖွဲ့က စိုးရိမ်နေပါတယ်။
“ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်လို အဖွဲ့အစည်းတွေက နိုင်ငံရေးအကြောင်းမဆွေးနွေးဘဲ ဆင်းရဲမွဲတေမှုကို တိုက်ဖျက် မယ်ဆိုပြီး စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောနေတယ်”လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီအရင်ခံစာရေးသားသူ စတီဗင် ဟျူးလ်က ဘန်ကောက်မြို့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ အကူအညီပေးနေတဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ဝေဖန်နေတဲ့ အုပ်စုတွေဟာ တိုင်းပြည်မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီတဲ့ကြိုးပမ်းမှုတွေဟာ အချည်းနှီးပဲ၊ စစ်အစိုးရကို ဖယ်ရှား ပစ်ရေးဆိုတဲ့ ရည်မှန်းချက်ကိုတောင်မှ ပျက်ပြားစေတယ်လို့ ယူဆခဲ့ကြကြောင်း ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကြီးက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောဆိုဖူးပါတယ်။
“မြန်မာနိုင်ငံ - လူသားချင်းစာနာထောက်ထားသောအကူအညီအတွက် ခြိမ်းခြောက်မှုအသစ်”လို့ အမည်ပေးထားတဲ့
အဲ့ဒီအစီရင်ခံစာကို ရေးသားတဲ့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ကြီးက ဥရောပသမဂ္ဂကို ရည်ညွန်းပြီး “နိုင်ငံ တကာ အသိုင်းအ၀န်းက စည်းကမ်းချက်တွေမထားဘဲ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးရေးလုပ်ငန်း တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ဗြိတိသျှအစိုးရတွေဟာ ကရင်ပြည်နယ်ရှိ အိုးအိမ်မဲ့ ရွှေ့ပြောင်းနေထိုင်နေကြရတဲ့ ရွာသားတွေကို ထိုင်းနိုင်ငံကတဆင့် နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာ ထောက် ထားတဲ့အကူအညီပေးရေးကို တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ကြတယ်လို့ ကရင် လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
မကြာသေးခင်ကမှ ဗြိတိသျှအစိုးရဟာ သူ့ရဲ့မူဝါဒတွေကို အစဉ်တစိုက်ဝေဖန်ခဲ့တာအပေါ် တုန့်ပြန်တဲ့အနေနဲ့ နိုင်ငံ တကာဖွံ့ဖြိုးရေးဌာနမှတဆင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးအတွက် ကူညီထောက်ပံ့ငွေအနည်းငယ်ပေးဖို့ ကြေညာခဲ့ပါတယ်။
တဘက်မှာတော့ ကုလသမဂ္ဂဟာ တိုင်းပြည်အတွင်းက ဒုက္ခအရောက်ဆုံးပြည်သူတွေကို ကူညီနိုင်ဖို့ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မာဂရက် ၀ရှ်စတရွမ် ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ စစ်အစိုးရအရာရှိ အတော်များများနဲ့ ဧပြီလအစောပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။
ဒီအတိုင်းသာဆို ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးရည်ရွယ်ချက်နဲ့ မြန်မာပြည်ထဲဝင်လာတဲ့ ကုလသမဂ္ဂရဲ့ ငွေတွေ တကယ်ပဲ ရည်ရွယ်သလို လိုအပ်သူတွေထံရောက်သလား၊ စစ်အစိုးရအိတ်ကပ်ထဲ အလျူပေးလိုက်သလားဆိုတာကတော့ ရှေ့ဆက်လည်း မေးခွန်းထုတ်နေရမှာဖြစ်ကြောင်းပါ။ ။ [Top] |