#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အကျပ်အတည်းထဲက ကေအန်ယူ
အောင်ဇော်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဟာ မကြာသေးခင်နှစ်တွေအတွင်း စိန်ခေါ်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီစိန်ခေါ်မှုတွေဟာ သူတို့ရဲ့ယုံကြည်ချက်ကို အကဲစမ်းမှုသက်သက်ဖြစ်တယ်၊ ကေအန်ယူဟာ ညီညီညွတ်ညွတ် ရပ်တည်မယ်ဆိုရင် အဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ်လို့ ကေအန်ယူခေါင်းဆောင်တွေ အမြဲယုံကြည်ခဲ့ပါတယ်။

လွန်ခဲ့တဲ့လတွေအတွင်း ကရင်ပြည်နယ်က ဖြစ်ရပ်တွေဟာ ကေအန်ယူခေါင်းဆောင်ပိုင်းကို ပိုပြီး ဘေးကြပ်နံကြပ် ဖြစ်စေခဲ့ပါတယ်။ ကေအန်ယူရဲ့တော်လှန်ရေးယုံကြည်ချက်ဟာ ဘယ်တုန်းကနဲ့မှမတူဘဲ အကဲစမ်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မတ်လအတွင်းက တိုးတက်တဲ့ ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ) ၀င်များက ထိုင်းနယ်ခြားစောင့် ရဲအရာရှိနှစ်ဦးကို ပြန်ပေးဆွဲခဲ့ပါတယ်။ ဒီကေဘီအေဟာ ၁၉၉၅ ခုနှစ်မှာ ကေအန်ယူမှခွဲထွက်ပြီး စစ်အစိုးရနဲ့ပူးပေါင်း သွားခဲ့တယ်။ အဲ့ဒီကတည်းက ကေအန်ယူတွေ တချိန်ကထိန်းချုပ်ထားတဲ့ဒေသတွေမှာ ဒီကေဘီအေဟာ သူ့ရဲ့ဩဇာနဲ့ စီးပွားရေးနယ်ချဲ့မှုတွေ လုပ်လာပါတယ်။

ထိုင်းမြေပေါ်မှာနေထိုင်ကြတဲ့ ကေအန်ယူခေါင်းဆောင်တွေနဲ့ ကေအန်ယူကို ဖိအားပေးဖို့အတွက် ထိုင်းရဲအရာရှိ နှစ်ယောက်ကို ဒီကေဘီအေက ပြန်ပေးဆွဲခဲ့တာလို့ တချို့ကရင်သတင်းရပ်ကွက်တွေက ယုံကြည်နေကြပါတယ်။ ကေအန်ယူ ထိပ်တန်းခေါင်းဆောင်တဦးပိုင်တဲ့ မဲဆောက်က ဓာတ်ဆီဆိုင်ကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်တာဟာ “ငြိမ်းချမ်းရေးပွဲစားတွေ” လုပ်တာဖြစ်တယ်လို့ တချို့က ပြောကြတယ်။

စစ်အစိုးရဟာ ကေအန်ယူပြဿနာကို ဖြေရှင်းစရာတောင်မလိုပါဘူး။ ကရင်လူမျိုးအချင်းချင်းတိုက်နေတာကို ဘာဖြစ်လာမလဲလို့ ဘေးကရပ်ကြည့်ပြီး အမြတ်ထုတ်ရုံပါပဲ။ ဒီလိုဖြစ်နေတာဟာ ကေအန်ယူကို အင်အားချိနဲ့စေပြီး စစ်အစိုးရအတွက်တော့ ဂရုစိုက်ဖို့မလိုတဲ့ ရန်သူဖြစ်သွားတာ သေချာပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဗိုလ်ချုပ်ကြီးမြ ကွယ်လွန်သွားတာဟာ လောလောဆယ် ကေအန်ယူခေါင်းဆောင်တွေအကြား ထင်းစည်းပြေမှုရဲ့ အဓိကအကြောင်းရင်းတရပ်ဖြစ်ပြီး အဖွဲ့တွင်း ရည်ရွယ်ချက်မတူတဲ့အုပ်စုတွေ ပေါ်ထွက်လာပါတယ်။

မကြာသေးခင်က ကေအန်ယူတပ်မဟာ ၇ ရဲ့တပ်မှူး ဗိုလ်မှူးချုပ်ထိန်မောင်ဟာ စစ်အစိုးရနဲ့နားလည်မှုယူခဲ့ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ ကေအန်ယူတပ်မဟာ ၇ နယ်မြေရှိ ထိုကော်ကိုးကျေးရွာမှာ ဌာနချုပ်ဖွင့်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ထိန်မောင်ရဲ့ ခွဲထွက်အဖွဲ့မှ နောက်လိုက်အချို့ ကေအန်ယူနဲ့ပြန်လည်ပူးပေါင်းခဲ့ပေမယ့် ဗိုလ်မှူးချုပ်ထိန်မောင်အဖွဲ့ဟာ ခပ်ယဲ့ယဲ့ဖြစ်နေတဲ့ ကေအန်ယူနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ညီညွတ်မှုကို လှုပ်ခါသွားအောင် လုပ်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ရာထူးကို တလောကမှ တိုးမြှင့်ခန့်ထားခံရတဲ့ ဗိုလ်မှူးကြီးဂျော်နီဟာ တပ်မဟာ ၇ ရဲ့တပ်မှူး ဖြစ်လာပါတယ်။ ဗိုလ်မှူးချုပ်ထိန်မောင် ခွဲထွက်သွားတာဟာ ကေအန်ယူကို သိသိသာသာထိခိုက်မသွားပါဘူးလို့ သူက ပြောပါတယ်။ “ဗိုလ်မှူးချုပ်ထိန်မောင်ထွက်သွားတာ ကောင်းပါတယ်၊ လက်ညှိုးမကောင်းရင် လက်ညှိုးကိုဖြတ်ပစ်ရမှာပဲ”လို့ သူက ပြောခဲ့တယ်။

စစ်ရေးအတွေ့အကြုံများတဲ့ ဗိုလ်မှူးကြီးဂျော်နီဟာ ယုံကြည်ချက်အပြည့်ရှိနေပေမယ့် အဖွဲ့တွင်းပဋိပက္ခတွေကြောင့် စိတ်မသက်မသာ ဖြစ်နေပုံရပါတယ်။ စစ်တပ်ဟာ ဗိုလ်မှူးကြီးဂျော်နီနဲ့ သူ့တပ်ရင်းကိုလည်း ဥပဒေဘောင်တွင်း
ဝင်လာစေချင်နေတယ်။ သူ့ကိုဆွဲဆောင်နိုင်သူကို ဆုငွေ ထိုင်းဘတ် သန်းနဲ့ချီပြီးပေးမယ်လို့ ကောလာဟလတွေလည်း ထွက်နေပါတယ်။

ကျန်နေတဲ့ကရင်ခေါင်းဆောင်တွေကို ဥပဒေဘောင်တွင်း ၀င်ရောက်လာအောင် စည်းရုံးပေးဖို့ တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ဗိုလ်မှူးချုပ်ထိန်မောင်ကို မကြာသေးခင်က ပြောခဲ့ပါတယ်။ အဲ့ဒီကရင်ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးချုပ်ထိန်မောင် လက်အောက်မှာလုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီးဂျော်နီလည်း ပါပါတယ်။

ဗိုလ်မှူးကြီးဂျော်နီဟာ အခုချိန်ထိ ရပ်တည်ချက်ခိုင်မာဆဲပါပဲ။ ဒါပေမယ့် သူပြောတဲ့စကားတွေထဲမှာ “စစ်မှန်တဲ့ ငြိမ်းချမ်းရေး”၊ “တွေ့ဆုံဆွေးနွေးရေး”၊ “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရေး” စတဲ့ ထူးခြားတဲ့ နိုင်ငံရေးအသုံးအနှုန်းတွေ ပါဝင်နေပါတယ်။ စစ်တပ်ကိုရန်သူအဖြစ် သူက ခေါ်ဝေါ်သုံးစွဲနေသေးတာဟာ ကေအန်ယူ အတွက် ကောင်းတဲ့လက္ခဏာတရပ် ဖြစ်နိုင်ပါတယ်။

သူဟာ ကေအန်ယူရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်းပြောတတ်သလို စစ်တပ်နဲ့ပတ်သက်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောတတ်သူ ဖြစ်ပါတယ်။

“မြန်မာတွေက ဒီလောက်တော်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ကလည်း နည်းနည်းတော့ ညံ့တယ်ဗျ”လို့ သူက ပြောပါတယ်။ စစ်တပ်က ထောက်လှမ်းရေးကောင်းပြီး သူ့ဘက်ပါအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သိပါတယ်။ “ဘယ်သူအားနည်းလဲ၊ ဘယ်သူအားကြီးလဲဆိုတာကို ရန်သူက သိတယ်”လို့ သူက ပြောပါတယ်။

ဗိုလ်မှူးကြီးစိုးစိုးဟာ မြန်မာစစ်တပ်နဲ့ ဆက်သွယ်ရေးတာဝန်ယူရတဲ့ ကေအန်ယူအရာရှိ ဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်းနဲ့ ရှင်းရှင်းပြောတတ်တဲ့ ဗိုလ်မှူးကြီးဂျော်နီထက်စာရင် သူပြောတဲ့စကားတွေက သံတမန်ပိုဆန်ပြီး ညက်ညောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အမြဲတံခါးဖွင့်ထားပါတယ်လို့ ဗိုလ်မှူးကြီးစိုးစိုးက ပြောပါတယ်။ “ကျနော်တို့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အဲ့ဒီနည်းဟာ အကောင်းဆုံးနည်း ဖြစ်တယ်”လို့ သူက ဆိုပါတယ်။

၂၀၀၃ ခုနှစ်မှာ ဆက်သွယ်ရေးမှူးကောင်း တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးစိုးစိုးဟာ ရန်ကုန်ကိုသွားပြီး ၀န်ကြီးချုပ်ခင်ညွန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်း စစ်အစိုးရနဲ့ ဗိုလ်ချုပ်မြတို့အကြား နောက်တနှစ်အကြာမှာ ပြုလုပ်ခဲ့တဲ့တရားဝင် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲဟာ ကေအန်ယူနဲ့ စစ်အစိုးရအကြား နောက်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာတာကို ဗိုလ်မှူးကြီးစိုးစိုးက လွယ်လွယ်နဲ့စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီနည်းလမ်းဟာ တန်းတူဆွေးနွေးမှု ရှိဖို့လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး အလားအလာကိုမတွေ့ရဘဲ အချိန်တွေကုန်ခဲ့တာကို သတိပြုမိသလို ကေအန်ယူအဖွဲ့တွင်း မညီမညွတ်ဖြစ်နေတာကို ကုစားလို့ရနိုင်ပါ့မလားလို့ သူက စိုးရိမ်နေပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ ကေအန်ယူဥက္ကဌ စောဘသင်စိန်ဟာ ကျန်းမာရေးမကောင်းပါဘူး။ အဖွဲ့ရဲ့ခေါင်းဆောင်မှုနေရာနဲ့ ထိပ်ပိုင်းရာထူးအဆင့်ဆင့် ဆက်ခံရေးဟာ ကေအန်ယူအဖွဲ့အတွက် အဓိကခေါင်းခဲနေရတဲ့ ကိစ္စတခုဖြစ်ပါတယ်။ နှစ်ပေါင်းများစွာက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကေအန်ယူရဲ့အမာခံ မဲဆောက်မြို့မှာ ကေအန်ယူရဲ့ဩဇာ ကျဆင်းနေပါတယ်။

ကေအန်ယူရဲ့ အမာခံနယ်မြေတွေမှာ ဒီကေဘီအေက ခြေကုပ်ရယူလျက်ရှိပါတယ်။ အခုလအစောပိုင်းက လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် ညဘက်အိမ်ပြင်မထွက်ဖို့ ကေအန်ယူက သူတို့ရဲ့မဟာမိတ်တွေကို ညွန်ကြားထားတယ်။

၁၉၉၅ ခုနှစ်မှာ ဒီကေဘီအေနဲ့ မြန်မာစစ်တပ် ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကေအန်ယူရဲ့ မာနယ်ပလောဌာနချုပ် ကျဆုံးပြီးနောက် မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအန်ယူဟာ အကြီးအကျယ် အထိနာခဲ့ပါတယ်။ တချိန်က ဓနအင်အားကြွယ်ဝခဲ့တဲ့ ကေအန်ယူဟာ အခုအခါ ၀င်ငွေအနည်းငယ်သာရှိပြီး နိုင်ငံခြားအကူအညီလည်း မရရှိပါဘူး။ သူ့ရဲ့တပ်သားတွေကို လစာနဲ့လက်နက်ခဲယမ်း ထောက်ပံ့ဖို့ဆိုတာတော့ စိတ်ကူးယဉ်လို့ မရပါဘူး။

လတ်တလောမှာ ကေအန်ယူရဲ့ အရပ်ဘက်ခေါင်းဆောင်တွေက အဲ့ဒီအားနည်းချက်ကို ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကို အများက လေးစားလျက်ပါပဲ။ ဒါပေမယ့် ဖဒိုမန်းရှာဟာ စစ်အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ပိုပြီးပါးနပ်ဖို့လိုတယ်လို့ အဖွဲ့တွင်းက ယုံကြည်နေကြပါတယ်။ ဖဒိုမန်းရှာဟာ ယခင်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရခေါင်းဆောင်ပိုင်းက သူနဲ့မတွေ့ချင်ကြဘူး။

နှစ်ဘက်တွေ့ဆုံဖြစ်ရင် ငြိမ်ချမ်းရေးအတွက် အဖြေတခုရနိုင်တယ်လို့ ဗိုလ်မှူးကြီးစိုးစိုးက မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ “ကျနော့်ရဲ့အလုပ်က စစ်အစိုးရနဲ့ အဆက်အသွယ်လုပ်ဖို့ပဲဖြစ်တယ်”လို့ သူက ပြောပါတယ်။ ဒါဟာလည်း လက်တွေ့မှာ မလွယ်မှန်း သိနေပါပြီ။ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက စစ်အစိုးရဘက်က အဆက်အသွယ် မလုပ်တော့ဘူးလို့ သူက ပြောပါတယ်။

နောက်ဆုံးတော့ “သွေးခွဲပြီး အနိုင်ယူရေး”ဆိုတဲ့ စစ်အစိုးရရဲ့ မဟာဗျူဟာက သူအကြောက်ရဆုံးရန်သူတော်ကြီးကို အနိုင်ယူသွားမလားလို့ စောင့်ကြည့်လေ့လာနေသူတွေနဲ့ ကေအန်ယူရဲ့ မဟာမိတ်တွေက စိုးရိမ်လျက်ရှိပါတယ်။ ကေအန်ယူဟာ ပြန်လည်စုစည်းပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဂိုဏ်းကွဲမှုတွေနဲ့ အချင်းချင်းမယုံကြည်မှုတွေက ကေအန်ယူရဲ့ တော်လှန်ရေးသန္နိဌာန်ကို ဖျက်ဆီးနေသရွေ့တော့ သူတို့ရှုံးတော့မှာ သေချာပါတယ်။     ။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.