#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဥပေက္ခာကမ္ဘာထဲက ကလေးများ
ရဲနည်နှင့် စိုင်းဆစ်ပ်

ထိုင်းနယ်စပ်မြို့ လမ်းတွေပေါ်က မြန်မာကလေးငယ်တွေဟာ အရွယ်မရောက်သေးသူများနဲ့မှ လိင်ဆက်ဆံ ပျော်ပါးလိုကြတဲ့ “ကလေးမုဆိုး”တွေရဲ့ အဖမ်းရလွယ်တဲ့ သားကောင်ဘဝ ရောက်ကုန်ကြရပြီ။

ထိုင်းနဲ့မြန်မာ နယ်ခြားသောင်ရင်းမြစ်ပေါ်က မြူနှင်းတွေ လွင့်ပျယ်သွားတဲ့ အရုဏ်မနက်တိုင်း ငယ်ရွယ်နုနယ်တဲ့  မြန်မာကလေးများဟာ မြစ်ရဲ့ နောက်ကျိနေတဲ့ ရေနဲ့ ကမ်းစပ်ရွှံ့နွံတွေကို ဖြတ်သန်းရင်း ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ဘက်ဆီ  အလုပ်လုပ်ဖို့အတွက် ဦးတည်လာခဲ့ကြပါတယ်။

အနောက်ဘက်ကို နေမင်းကြီး ၀င်ပြီဆိုရင်တော့ မြန်မာပြည်ဘက်ကို သူတို့လေးတွေ ပြန်ကြရပြန်ရော။ အလာတုန်းက ထက်တော့ နဲနဲပိုပြီး ငွေရွှင်လာတာ အမှန်။ တနေ့တာ လုပ်ခ ဘတ်ငွေ၊ ဒါမှမဟုတ် ကျပ်ငွေ မဆိုစလောက်ကလေးတွေ ပိုက်လို့ပေါ့။

ပုံမှန်ဆိုရင်တော့ အေးအေးချမ်းချမ်းပါပဲ။ ဒါပေမယ့် တခါတလေကျတော့လည်း မဲဆောက်မြို့ရဲ့ လမ်းတွေပေါ်မှာ ကျက်စားလေ့ရှိကြတဲ့ နိုင်ငံခြားသား “ကလေးမုဆိုး”တွေရဲ့ လှည့်ဖျားမှုအောက်မှာ အမြတ်ထုတ်ခံကြရတယ်။

မြန်မာပြည်ဘက်ကို ယူသွားမယ့် လူသုံးကုန်ပစ္စည်းတွေကို မဲဆောက်နဲ့မြ၀တီကို ဆက်သွယ်ပေးထားတဲ့ “ချစ်ကြည်ရေး တံတား” ပေါ်ကနေ ထမ်းပိုး သယ်ပို့ပေးရတာ သူတို့ရဲ့ အလုပ်ပါ။ သူတို့အားလုံးဟာ တရားမ၀င် လာရောက်အလုပ်လုပ်နေ ကြတဲ့သူတွေဖြစ်မှန်း ထိုင်းရဲတွေက သိနေကြပေမယ့်  မသိကျိုးကျင် ပြုထားလေ့ ရှိကြပါတယ်။ ကလေးတွေအနေနဲ့လည်း ထိုင်းရဲတွေကို “ကလေးမုဆိုး” တွေလောက် ကြောက်စရာ မလိုပါဘူး။

မနက်တိုင်း မြင်တွေ့နေကျ မြင်ကွင်းတခုပါ။  အသက် ၇ နှစ်မှ ၁၆ နှစ်ကြား မြန်မာကလေး ၂၀ လောက်ဟာ ချစ်ကြည်ရေး တံတားနားက ကားဂိတ်မှာ ဆူညံပွက်လောရိုက်နေပါတယ်။ ပါးစပ်ကလည်းပြော၊ လက်ကလည်း ခရီးသည်ရဲ့ အထုပ်ကို ဆွဲ၊ မဟန်ဘူးထင်ရင် နောက်တယောက် ပြောင်းရအောင် မျက်လုံးကိုလည်း ကစားရသေး။ အပြေးအလွှား၊ အလုအယက်၊ အလုပ်တခေါက် ရဖို့အတွက်။ ဒီဘက်ကနေ တံတားဟိုဘက်ထိပ် မြ၀တီဘက်ခြမ်းအထိ ထမ်းပို့ပေးမှ ကျပ် ၂၀၀ မျှသော အသပြာကို သူတို့ရကြတာပါ။ တနေကုန် အလုပ်ရပါမှ ကျပ် ၁၄၀၀ - ၁၅၀၀ အများဆုံး။ “ကလေးမုဆိုး” တွေအတွက် မဟုတ်တာ လုပ်ပေးလို့ရတဲ့ ငွေနဲ့ နှိုင်းလို့ကတော့ မယှဉ်သာသည်ပေါ့။ ဒါတောင် အဲဒီဈေးကွက်မှာက ၀ယ်သူ့သဘော။ ၀ယ်သူပေးတဲ့ဈေးက အတည်။ တဂျူတီကို ဘတ် ၂၀-၃၀။ မြန်မာငွေနဲ့ဆိုရင် ၈၀၀ ကျပ်။

သူတို့လေးတွေအားလုံးဟာ မြန်မာပြည် တနံတလျားက ကလေးတွေဖြစ်ကြပါတယ်။ အလုပ်အကိုင် လွယ်လွယ်ကူကူ ရနိုင်တယ်ဆိုတဲ့ ထိုင်း-မြန်မာနယ်စပ်ကို သတင်းကြားနဲ့ လူကြီးမိဘတွေ ပြောင်းရွှေ့လာကြရာမှာ ပါလာကြပြီးတော့ မြန်မာဘက်ခြမ်း မြ၀တီမှာ နေထိုင်နေကြတာပါ။ မဲဆောက်နဲ့ မြ၀တီမြို့ပေါ်က လမ်းတွေဟာ သူတို့တွေရဲ့ ပညာသင်ကြားရာ ကျောင်းတွေပဲပေါ့။ “ မိသားစု ထမင်းနပ်မှန်အောင် စားရဖို့က ပိုအရေးကြီးတယ်လေ” တဲ့။ သူတို့လေးတွေထဲက တယောက်ရဲ့ ခံယူချက်ဖြစ်ပါတယ်။

ဒီလိုနဲ့ မတ်လရဲ့ ပူပြင်းလှတဲ့ နေ့တနေ့မှာ အနောက်နိုင်ငံသားတယောက်ဟာ သူတို့အုပ်စုကို လာရောက် မိတ်ဖွဲ့ပြီး မုန့်ပဲသားရေစာတွေ ၀ယ်ကျွေးခဲ့ပါတယ်။

“သူက နောက်တခါ ပြန်လာမယ်လို့ ပြောသွားပြီး နှစ်ပတ်ကြာတော့ ပြန်ရောက်လာတယ်” လို့ ကလေးငယ်တယောက်က ပြောပါတယ်။

ဒီတခါမှာတော့ အဲဒီအနောက်နိုင်ငံသားဟာ ကလေးတွေထဲက တချို့ကို သူနဲ့အတူတူ မြစ်ထဲမှာ ရေကူးရအောင်လို့ ဖိတ်ခေါ် လာခဲ့တယ်။ မိန်းကလေးတွေကိုတော့ သူက စိတ်ဝင်စားပုံမရဘူး။ မဖိတ်ခေါ်ခဲ့ဘူး။ အဲဒီလူနဲ့အတူ ရေကူးကစားခဲ့ကြတဲ့ ကလေးတွေရဲ့ ပြန်လည်ပြောပြချက်တွေအရ အဲဒီလူဟာ သူတို့ကို မဖွယ်မရာ လိင်အပြုအမူတွေလုပ်ဖို့ တိုက်တွန်းခဲ့ပြီး ဓါတ်ပုံတွေ ရိုက်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြစ်ပြီးနောက် သိပ်မကြာခင်မှာပဲ အင်္ဂလိပ်စာသင်တဲ့ ဆရာတယောက် ကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးရာမှာ မြစ်ကမ်းနဘေး ခြုံဖုတ်ထဲ ကလေးသုံးယောက်နဲ့ လုံးထွေးနေတာ တွေ့ရသလို သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာထဲမှာ ကလေးတွေရဲ့ အပြာဓါတ်ပုံတွေလည်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

မဲဆောက်မှာ “ကလေးမုဆိုး”တွေ ခြေရှုပ်နေကြတယ်။ မဲဆောက်ဟာ ကလေးမုဆိုးတွေရဲ့စားကျက်ဖြစ်နေပြီ ဆိုတာကို လူတိုင်းလိုလို ကြားဖူးနေခဲ့ကြပေမယ့် ဒီအဖြစ်အပျက်ကြောင့် တမြို့လုံးကို  အထိတ်တလန့် ဖြစ်သွားခဲ့ပါတယ်။ တခါမှ အခုလို ဖမ်းဟယ်ဆီးဟယ် ဆိုတာမျိုး မရှိခဲ့ဖူးတော့ ...။

“ဒီမြို့မှာ ဒီလိုမျိုးဖြစ်တယ်ဆိုတာဟာ ကျမအဖို့တော့ ပထမဦးဆုံးအကြိမ် ကြားဖူးတာပါပဲ”

လူကုန်ကူးခံရတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုဖြစ်တဲ့ “အမျိုးသမီးများ ဘ၀တိုးတက်ရေး အဖွဲ့[Social Action for Women] ရဲ့ ဒါရိုက်တာဖြစ်သူ အေးအေးမာ ပြောခဲ့တာပါ။

“မဲဆောက်မြို့ဟာ  ကလေးမုဆိုးတွေရဲ့ ကျက်စားရာ နေရာသစ်တခု ဖြစ်လာနေသလိုပဲ” လို့ သူက ပြောတယ်။

ထိုင်းနိုင်ငံရဲ့ အထင်ကရ ချုလာလောင်ကွန် [Chulalongkorn University] တက္ကသိုလ်ကြီးက မနှစ်တုန်းက အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာထဲမှာ ထိုင်းနိုင်ငံထဲကို နယ်ကျော်ပြီး ရောက်နေကြတဲ့ “လမ်းပေါ်က နိုင်ငံခြားသား ကလေးတွေ” ရင်ဆိုင်ကြုံတွေ့ ရနိုင်တဲ့ အန္တရာယ်တွေကို မီးမောင်းထိုးပြထားပါတယ်။

ကုန်တိုက်တွေ၊ စနေ တနင်္ဂနွေမှာဖွင့်တဲ့ ဈေးတွေ၊ ဘူတာရုံတွေ၊ ကားဂိတ်တွေ၊ အရက်ဆိုင်တွေနဲ့ ဆင်းရဲသားရပ်ကွက် တွေမှာ ကျက်စားလေ့ရှိကြတဲ့ အိုးမဲ့အိမ်မဲ့ ကလေးတွေဟာ “ကလေးမုဆိုး”တွေနဲ့ “လူကုန်ကူးသူ” တွေရဲ့ သားကောင်ဖြစ်ဖို့ အတွက် အဆင်သင့်အနေအထားမှာ ရှိနေကြပါတယ်လို့ အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ လေ့လာဆန်းစစ် တွေ့ရှိချက်တွေအရ သိလာတဲ့  စိုးရိမ်စရာအနေအထားတွေကို ကိုးကားပြီး အစီရင်ခံစာက ဖော်ပြထားပါတယ်။

လမ်းပေါ်က တရားမ၀င် ကလေးအများစုဟာ ကမ္ဘောဒီးယား၊ လာအို၊ တရုပ်ပြည်ရဲ့ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့က ဖြစ်ကြပါတယ်။ မြန်မာကလေးတွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်၊ မဲဆောက်နဲ့ တောင်ပိုင်း ရနောင်းတို့ကနေတဆင့် ခေါ်ဆောင်လာခြင်း ခံခဲ့ကြရတာပါ။ ကလေးအားလုံးတော့ “သားကောင်” အဖြစ်ကို ရောက်သွားကြတာ မဟုတ်ပါဘူး။ တချို့က လမ်းပေါ်မှာပဲ ဖြစ်သလို ရုန်းကန်လှုပ်ရှား ရှာဖွေစားသောက်နေထိုင်ကြရပါတယ်။ ဒါမှမဟုတ်  သူတောင်းစား ဖြစ်သွားရတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းက  ငါးလုပ်ငန်းမှာ တချို့တလေ အလုပ်လုပ်ကြရတယ်။

ထိုင်းနိုင်ငံက တာဝန်ရှိသူတွေဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ အဲဒီ ကလေးမုဆိုးတွေ လက်ထဲကို ကလေးတွေ မရောက်ရလေအောင် ကြိုးစားလုပ်ဆောင်ကြပါတယ်။ အဲဒီလူတွေကို ခြေရာခံဖော်ထုတ်ပြီး အရေးယူ ဆောင်ရွက်တာမျိုးတွေလည်းရှိကြပါတယ်။ ဒါပေမယ့်  အဲဒီဒုစရိုက်ကောင်တွေကို နှိမ်နင်းနိုင်ဖို့ထုတ်ထားတဲ့ ဥပဒေတွေကပဲ နှိမ်နင်းဖို့အားထုတ်ကြသူတွေကို မကြာခဏ အခက်အခဲ ပြန်ဖြစ်စေတာမျိုး ကြုံကြရတယ်။

ချင်းမိုင်မှာ အခြေစိုက်တဲ့ “ထိုင်းနိုင်ငံမြောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့” [Anti-Trafficking Unit Northern Thailand] ဆိုတဲ့ ကလေးပြည့်တန်ဆာ ပပျောက်ရေးကိုပါ လုပ်ဆောင်နေတဲ့ အဖွဲ့ရဲ့ မန်နေဂျာ  ဆူရီယာ ကဆမ်သီရီဆ၀ပ် က ဒုစရိုက်ကောင်တွေကို အောင်အောင်မြင်မြင် တရားစွဲဆိုနိုင်ဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေကပဲ အနှောင့်အယှက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကလေးတွေဟာ သူတို့ တွေ့ကြုံလာခဲ့ရတာတွေကို ရုံးတော်ရှေ့မှာ မထွက်ဆိုချင်ကြဘူး။ သူတို့အတွက် အန္တရာယ်ရှိလာ နိုင်တာမို့ သူတို့ကြောက်ကြတယ်။ ပိုဆိုးတာက ငွေရေးကြေးရေးအရရော၊ လိင်ပိုင်းဆိုင်ရာအရပါ သူတို့တွေဟာ မတရား အသုံးချခံလိုက်ရတယ်ဆိုတာကို သူတို့ သဘောမပေါက်ကြတာပဲ။ သူတို့လိုတဲ့ငွေကို ရဖို့အတွက် သူတို့ရဲ့ ခန္ဒာကိုယ်ကို ရောင်းချပြီး ရင်းတာဟာ လက်မခံနိုင်စရာမဟုတ်ဘူးလို့ သူတို့က ယူဆထားကြတယ်”လို့  ဧရာဝတီကို ဆူရီယာက ပြောပြပါတယ်။

ထိုင်းနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်မှ  တရားရုံးတော်ရှေ့မှာ ကိုယ်တိုင်ထွက်ဆိုနိုင်ပါတယ်။ အခြား ကမ္ဘာ့ နိုင်ငံများထက် ၃ နှစ်ပိုပါတယ်။ အသက်မပြည့်သေးသူ တရားလိုများနဲ့ သက်သေများရဲ့ ထွက်ဆိုချက်တွေကို ဗီဒီယို တိပ်ခွေနဲ့ ရိုက်ကူးပြီး ရုံးတော်ကို တင်ပြနိုင်တယ်လို့လည်း ဥပဒေ ပြဋ္ဌာန်းပေးထားပါတယ်။ အဲဒီလို ရိုက်ကူးတဲ့နေရာမှာ စိတ်ပညာရှင်တယောက်ရဲ့ ရှေ့မှာသော်၎င်း၊ စိတ်ရောဂါအထူးကုဆရာဝန်တယောက်ရဲ့ ရှေ့မှာသော်၎င်း၊ တာဝန်ရှိသူ လူမှုဝန်ထမ်း အရာရှိတယောက် ယောက်ရဲ့ရှေ့မှာသော်၎င်း၊ ဖြစ်ရမယ်လို့လည်း ပြဋ္ဌာန်းချက်မှာ ပါပါတယ်။

ဒါပေမယ့် “၂၀၀၅ ခုနှစ် ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ” ဆိုတဲ့ အမေရိကန် အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားတာကတော့ “ထိုင်းတရားသူကြီးများဟာ ဗီဒီယို တိပ်ခွေနဲ့ တင်ပြလာတဲ့ ထွက်ဆိုချက်တွေကို လက်မခံခဲ့ကြ ပါဘူး” တဲ့။ “ဥပဒေပိုင်းဆိုင်ရာပြဿနာများနဲ့  တရားခွင်မှာလို တရားလိုနဲ့ တရားခံတို့ကို တိုက်ရိုက် ပြန်လှန်မေးခွန်း မထုတ်နိုင်” တာတွေကို အကြောင်းပြတယ်လို့  ဆိုထားပါတယ်။

အရွယ်မရောက်သေးသူများအပေါ် မမှန်မကန် အသုံးချခိုင်းစေနေသူများကို တိုက်ဖျက်ဖို့ ကြိုးစားအားထုတ်နေကြတဲ့ သူတွေအတွက် နောက်အခက်အခဲတခုက ကလေးတွေကိုယ်နှိုက်က သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကာအကွယ်ဆိုတာတွေကို အားမကိုးရဲကြခြင်း၊ လက်မခံကြခြင်းပဲ ဖြစ်ပါတယ်။

ချင်းမိုင်မှာ အခြေစိုက်တဲ့ “ကလေးများဘ၀ တိုးတက်ရေး စေတနာ့ဝန်ထမ်းအဖွဲ့” [Volunteer for Children Development Foundation] ရဲ့ဒါရိုက်တာဖြစ်သူ အာနုချောင် ဟွန်စောင် [Anuchon Huansong]က “မတော်မတရားပြုကျင့်ခံရတာကို တိုင်ဖို့သွားခါမှ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာသူတွေအဖြစ် ရဲကဖမ်းပြီး နယ်စပ်ပြန်ပို့ခဲ့ရင် ... ဘယ့်နဲ့လုပ်မလဲ ... သူတို့ ကြောက်တာပေါ့ ”လို့ ပြောပါတယ်။

ဒါဟာ အဓိပ္ပါယ်မဲ့ မဟုတ်ပါဘူး။ အခြေအမြစ် ခိုင်ခိုင်လုံလုံ ရှိပါတယ်။ မကြာခဏဆိုသလို လမ်းပေါ်က ကလေးတွေကို ရဲတွေက ဖမ်းပြီး ကလေးထောင်ထဲထည့်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့လိုက်ဆိုတဲ့ အမိန့်ကြောင့် နယ်စပ်ရောက်၊ အဲဒီမှာ ပြဿနာ။ ကိုယ့်နိုင်ငံကပဲ ကိုယ့်ကို တိုင်းပြည်ထဲ ပြန်အ၀င်မခံတဲ့အခါကျတော့ အလိုလိုနေရင်း “နိုင်ငံမဲ့လူသား” ဖြစ်သွားပါလေရော။ အဲဒီအခါမှာ သူတို့အတွက် ရွေးစရာက ထိုင်းနိုင်ငံထဲကို တရားမ၀င် ပြန်ဝင်ဖို့လမ်းပဲ ရှိတော့တယ်။

ကိုယ့်ပြည်ထဲ ကိုယ်ပြန်ဝင်ခွင့်ရပေမယ့် မြန်မာကလေးတွေမှာ ပြန်သွားစရာ “အိမ်” မရှိသူတွေက ခပ်များများ။ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရောက်ရှိကျင်လည်ကျက်စားနေကြတဲ့ ကလေးအများစုဟာ တိုက်ပွဲတွေကြောင့် ဘယ်တုန်းကမှ အေးအေး ချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်ခွင့် မရခဲ့ကြတဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ဖြစ်ကြပါတယ်။ တချို့ဆို မိဘမဲ့တွေပါ။ တိုက်ပွဲတွေမှာ ကျဆုံးကုန်ကြတာပါ။ အချို့ကျတော့လဲ မိဘတွေတော့ ရှိကြပါရဲ့။ ဒါပေမယ့် ဆေးစွဲနေကြလို့ သူတို့ကို တာဝန်မယူနိုင်ကြပြန်ဘူး။ “ကလေးတွေမှာ ပြန်စရာအိမ် မရှိကြဘူး၊ အဲဒီတော့ သူတို့လေးတွေကို လိုက်လံဖမ်းဆီး နေမဲ့အစား သူတို့ရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ပိုပြီး အာရုံစိုက် လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်” လို့ အာနုချောင်က ပြောပါတယ်။

အဓိကက ကျန်းမာရေး ဖြစ်ပါတယ်။ ဒီကလေးတွေရဲ့ အခြေအနေဟာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အပါအ၀င် တခြား လိင်ဆက်ဆံမှုကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ရဖို့အတွက် အင်မတန်မှ လွယ်ကူနေပါတယ်။

ကလေးပြည့်တန်ဆာ၊ ကလေး အပြာဓာတ်ပုံ၊ လိင်မှုကိစ္စအတွက် ကလေး လူကုန်ကူးမှု အဆုံးသတ်ရေးအဖွဲ့ (ECPAT - End Child Prostitution, Child Pornography and Trafficking of Children for Sexual Purposes) ဆိုတဲ့ ကမ္ဘာအနှံ့ လှုပ်ရှား နေတဲ့ အဖွဲ့က ဒီလို သဘောထားမှတ်ချက် ပေးပါတယ်။

“အနိုင်ကျင့်ပြီး လိင်ဆက်ဆံတာကို ခံနေရပြီဆိုမှတော့ ကွန်ဒွန်လေးတော့ သုံးကြပါဗျာ ဆိုတာမျိုး တောင်းဆိုနိုင်တဲ့ အနေအထား ဘယ်မှာရှိနိုင်ပါ့တော့မလဲ။ ပိုဆိုးတာက ဒီကလေးတွေမှာ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ ဗဟုသုတ ဘာမှ မရှိကြဘူး။ ပညာပေးအစီအစဉ် ဆိုတာတွေနဲ့လည်း ဘယ်လိုမှ မနီးစပ်။ ဒီတော့ စိတ်ချရတဲ့ လိင်ဆက်ဆံမှု  ဆိုတာကို ဘယ်လို သိနိုင်ပါ့မလဲ”တဲ့။

လမ်းပေါ်က တရားမ၀င်ကလေးတွေရဲ့ အကြောင်းမလှတဲ့ အဖြစ်အပျက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက
စိတ်ဝင်စားမှုမရှိကြခြင်းဟာလည်း အနှောင့်အယှက်တခုပါ။

“သူတို့တွေကို ထိုင်းနိုင်ငံသားတွေမှ မဟုတ်တာပဲဆိုပြီး ဥပက္ခာဆက်ပြုထားမယ်ဆိုရင် ဒီကလေးတွေကို လူကုန်ကူးနေ တာတွေ၊ အတင်းအကျပ်ပြည့်တန်ဆာလုပ်ခိုင်းပြီး စီးပွါးရှာနေကြတာတွေဟာ ပြဿနာတခုအဖြစ်နဲ့ ရှေ့ဆက်ပြီး ရှိနေဦးမှာ အသေအချာပဲ”။

ဂူးလ်ဂျွန် ဂျီးမ်ရမ် [Guljohn Jeamrum] ရဲ့ မှတ်ချက်ဖြစ်ပါတယ်။ သူ့ကိုကရူငေါင် [Kru Ngaow] လို့လည်း လူသိများကြ ပါတယ်။ ကလေးစောင့်ရှောက်ရေးအဖွဲ့တခုဖြစ်တဲ့ Child Life Foundation  ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။  တချိန်တုန်းက လမ်းပေါ်ကတရားမ၀င်ကလေးများ  ဖြစ်ခဲ့ကြသူ ၁၀၀ ကျော်ကို အခုလောလောဆယ်မှာ တာဝန်ယူ ထိမ်းသိမ်းစောင့်ရှောက်နေတဲ့ အဖွဲ့ပါ။ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့မှာ အခြေစိုက်ပါတယ်။

ဒီကလေးတွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားမှု မရှိကြတဲ့အထဲမှာ ဘန်ကောက်မြို့နဲ့ ရန်ကုန်မြို့က အစိုးရပိုင်းအထိပါတယ်လို့ ဆိုရပါလိမ့်မယ်။ ကလေးတွေကို လူကုန်ကူးနေကြသူတွေ၊ အတင်းအဓမ္မ လိင်ကျွန်အဖြစ် သွတ်သွင်းပြီး စီးပွါးရှာစားနေကြ သူတွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး တိုက်ဖျက်ဖို့ ဆိုတာမျိုး စိတ်ကူးထဲတောင် ရှိမယ် မထင်ပါဘူး။

ထိုင်းနိုင်ငံမှာ တရားမ၀င် ရောက်ရှိနေထိုင်နေကြတဲ့ လမ်းပေါ်က ကလေးတွေရဲ့ အရေအတွက်ဟာ အစိုးရရဲ့ စာရင်းဇယား တွေထဲမှာ မရှိပါဘူး။ အန်ဂျီအိုအဖွဲ့အစည်းတွေ အနေနဲ့ကလည်း ခန့်မှန်းခြေလောက်ပဲ ပြောနိုင်ကြတယ်။  ၂ သောင်း လောက်တော့ ရှိမယ်လို့  အများက လက်ခံထားကြပါပြီ။ ဒီကလေးတွေကို ဘယ်နိုင်ငံကမှ ဂရုမထားကြဘူး။ မသိမမြင်သလို လျစ်လျူရှုထားကြတယ်။ သူတို့လေးတွေဟာ  ဥပေက္ခာကမ္ဘာထဲမှာ အကာအကွယ်မဲ့ ရှင်သန် လှုပ်ရှားနေကြရသူတွေပါ။     ။

(၂၀၀၆ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီမဂ္ဂဇင်းမှ ရဲနည်နှင့် စိုင်းဆစ်ပ်တို့၏ Forgotten Children ကို ဆီလျော်အောင် ဘာသာပြန်ပါသည်) [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.