#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဘူးသီးတောင်က ဘဝသစ် ကျေးရွာ၊ နေစရာလား သေတွင်းလား
ကြည်ဝေ

ဆိုက်ကားသမား ကိုသက်မောင်တယောက် ရခိုင်ပြည်နယ် ဘူးသီးတောင်မှာရှိတဲ့ `ဘ၀သစ်´ ကျေးရွာဆီကို မိသားစုလိုက် ရွှေ့ပြောင်းလိုက်ပါသွားဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဆိုပါတယ်။

`ဘူးသီးတောင်လိုက်မယ်ဆိုရင် အစိုးရက ငွေတသိန်းပေးတယ်တဲ့။ အဲဒီငွေတသိန်းကို လိုချင်လို့ လိုက်မှာပါ။ ဒီမှာနေပြီး စားစရာမရှိ နေစရာမရှိ ငတ်သေမဲ့အတူတူ ဟိုမှာ နေစရာလည်းပေးမယ် ပိုက်ဆံလည်းပေးမယ်ဆိုတော့ ဘာဖြစ်ဖြစ် မထူးတော့ဘူးဆိုပြီး လိုက်ဖို့ဆုံးဖြတ်လိုက်တယ်´ လို့ ကိုသက်မောင်က ပြောပြပါတယ်။

ဘူးသီးတောင်ဆိုတာ ရခိုင်ပြည်နယ်စပ်ဒေသဖြစ်ပြီး ဘင်္ဂဒေ့(ရှ်) နိုင်ငံဘက်ကသူတွေ လာရောက် ကျူးကျော်နေထိုင်တဲ့ ဒေသဖြစ်တဲ့အတွက် စစ်အစိုးရက `ဘ၀သစ်´လို ရွာသစ်တွေ တည်ထားတယ်လို့ ကြားသိရပါတယ်။ ယခင်နှစ်တွေတုန်း ကတော့ ထောင်နှစ်ကြီးသမားတွေကို နှစ်လျှော့ပေးပြီး ဘ၀သစ်ရွာမှာ သွားနေခိုင်းတယ်လို့ အကောက်ခွန်အရာရှိတဦးက ပြောပြပါတယ်။ လောလောဆယ် အနေအထားအရ ဘူးသီးတောင်မှာ သွားရောက်နေထိုင်မယ်ဆိုရင် ငွေတသိန်းနဲ့ နေစရာ ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ရန်ကုန်ဆင်ခြေဖုံးမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေကို စည်းရုံးနေပါတယ်။

ကိုသက်မောင်တို့လို ဝမ်းရေးခက်ခဲသူတွေ သွားရောက်ကြပေမယ့် ဟိုမှာလည်း အဆင်မပြေဘူးလို့ ဘူးသီးတောင်မှာ
တာဝန်ထမ်းဆောင်ခဲ့ရသူ အစိုးရ၀န်ထမ်းတဦးက ပြောပြပါတယ်။

`ဘူးသီးတောင်မှာလည်း စားရေးသောက်ရေး အဆင်မပြေကြတဲ့အတွက် ကိုယ့်မိသားစုအတွက်ရထားတဲ့ အိမ်နဲ့ ခြံမြေ ကိုတောင် ကုလားတွေဆီမှာ ပြန်ရောင်းစားရသူတွေနဲ့ ကုလားတွေဆီမှာ ပြန်ပြီး အလုပ်သမားဝင်လုပ်နေရသူတွေနဲ့။ အများစုဟာ စားရေးသောက်ရေး အဆင်မပြေကြတဲ့အပြင် ငှက်ဖျားကြောင့် သေဆုံးကြရတယ်လို့လည်း ကြားရပါတယ်´လို့ သူက ဆိုပါတယ်။

အဆိုပါ ဒေသဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအပြင် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုန်းမြင့်တဲ့ ဒေသတခု လည်း ဖြစ်ပါတယ်။ လုပ်ကိုင်စားသောက်နိုင်တဲ့ အနေအထားမျိုးမရှိတာကြောင့် သွားရောက်သူအများစုဟာ ပြန်လမ်းမရှိတဲ့ နေရာကို သွားနေရသလိုသာဖြစ်တယ်လို့ အကောက်ခွန်အရာရှိတဦးက ဆိုပါတယ်။

တိုက်ပွဲဖြစ်ရင်လည်း  အတုံးအရုံး သေဆုံးကြတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့်လည်း ဘူးသီးတောင်သွားမှ ထမင်းစား ရမယ့်အနေအထား၊ နေစရာရမယ့် အနေအထားမျိုးတွေရှိတဲ့ လူအချို့ကတော့ ဘူသီးတောင်သွားဖို့ စာရင်းပေးရမယ့် နေရာဆီကို စုံစမ်းပြီး အရောက်သွားကြတယ်လို့ လှည်းကူးမြို့မှာ နေထိုင်သူများရဲ့ ပြောစကားအရ သိရပါတယ်။

`ဘူးသီးတောင်လိုက်မယ်ဆိုရင် စာရင်းပေးထားရတယ်၊ ကြယ်ငါးပွင့် သဘောင်္ကြီးနဲ့ တပတ်တခါ မှန်မှန်လာခေါ်ပါတယ်။ လိုက်မယ်ဆိုရင် ငွေတသိန်းရမယ်။ ဒါပေမယ့် တနှစ်မပြည့်မချင်း ဘယ်လိုအကြောင်းနဲ့မှ ပြန်မလာရဘူးဆိုတာကိုတော့
ခံဝန်ချက်လက်မှတ်ထိုးခိုင်းတယ်´လို့ လှည်းကူးမြို့မှာ နေထိုင်သူတဦးက ဆိုပါတယ်။

`ကျွန်တော်တို့မိသားစု ထမင်းအစား ထမင်းရည်သောက်နေရတာ ကြာပြီ။ ထမင်းနပ်မှန်အောင် မစားရတဲ့နေ့တွေ များလာ တဲ့အတွက် ကလေးလေးယောက်စလုံး ချိနဲ့နေကြတယ်။ ဒီမှာ ဒီလိုပဲနေသွားရင်လည်း အားလုံးသေကုန်မှာပဲ။ မထူးတော့ ဘူး။ ငွေတသိန်းရရင် ဟိုမှာ လုပ်ကိုင်စားလို့များ ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ သွားဖို့ ဆုံးဖြတ်လိုက်တာပါ´လို့ ကိုသက်မောင်က ပြောပြပါတယ်။

ကိုသက်မောင်ဟာ တနေ့ကိုဝင်ငွေနှစ်ထောင်ကျော်ရှိသူပါ။ ဒါပေမယ့် ထမင်းနပ်မမှန်ပါဘူး။ ကလေးလေးယောက်ရှိပါတယ်။ ကျောင်းနေအရွယ်ကလေး သုံးယောက်ကို ကျောင်းမထားနိုင်သေးပါဘူး။ မိသားစုစားစရိတ်အတွက် တနေ့လိုငွေဟာ ကျပ် ၂၀၀၀ ကျော် ဖြစ်ပါတယ်။ ဆိုက်ကားကို မနက် ၇ နာရီကနေ ည ၈ နာရီထိနင်းပေမယ့် အများဆုံးရတဲ့နေ့ဟာ ကျပ် ၃၅၀၀ ထက် မပိုဘူးလို့ ဆိုပါတယ်။ အလုပ်ပါးတဲ့ နေ့တွေမှာ ၁၈၀၀ ကျပ်တောင် မပြည့်ဘူးလို့ ပြောပြပါတယ်။ အုံနာကြေးက တနေ့ ကို ကိုးရာကျပ်ပါ။ ဆိုက်ကားနင်းရာ အင်းစိန်မြို့နယ်အထိ လှည်းကူးကနေ လာရတဲ့ခရီးစရိတ်က တနေ့ကို နှစ်ရာကျပ် ကုန်ပါတယ်။ ထမင်းဘူုး မယူနိုင်တဲ့အတွက် ထမင်းစရိတ် တနေ့ကို ခြောက်ရာကုန်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ငွေအနည်း ငယ်နဲ့ စားသောက်ရတာဖြစ်ပြီး ကလေးတွေ နာမကျန်းဖြစ်တဲ့အခါမှာ ဆေးကုသဖို့ ပိုက်ဆံမရှိတတ်ပါဘူး။ အိမ်ခန်းငှားခ လည်း အဆင်မပြေတော့ နေစရာမရှိဘူးလို့ ဆိုပါတယ်။

၂၀၀၅ နှစ်ကုန်ပိုင်းကစပြီး အခြေခံလူတန်းစားအများစုဟာ ထမင်းအစား ထမင်းရည် ပြောင်းသောက်လာရတယ်လို့ ရွှေပြည်သာမှ ထမင်းရည်ရောင်းချပေးတဲ့ ထမင်းဆိုင်တဆိုင်က ပြောပြခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုအရှိန်အဟုန်ကို စစ်အစိုးရအနေနဲ့ မထိန်းနိုင်တဲ့အပြင် အစိုးရ
ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးလိုက်တဲ့နောက် လူထုရဲ့ စားဝတ်နေရေး အခက်အခဲဟာ ပိုမိုကျပ်တည်းလာပါတယ်။

၂၀၀၆ မေလဆန်းကစပြီး အခြေခံလူတန်းစား စားသုံးတဲ့ ငစိန်ဆန်အပါအ၀င် ဆန်ကြမ်းဈေးဟာ တပြည်ကို ခြောက်ရာ
ဝန်းကျင် ဖြစ်လာခဲ့ပြီး ဆန်ကွဲတပြည် လေးရာထိဖြစ်လာခဲ့ပါတယ်။ ၀န်ထမ်းတွေ လစာတိုးမြင့်လာခဲ့သလို အခြေခံ ကုန်ပစ္စည်းတွေဟာလည်း ၁၅ ရာနှုန်းကနေ ၃၅ ရာနှုန်းအထိ ဈေးမြင့်တက်လာတဲ့အတွက် လူထုဟာ အကျပ်အတည်း များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဇူလိုင်လမှာ စစ်အစိုးရက ဆန်အရောင်းဆိုင်တွေကို အမိန့်အာဏာနဲ့ ဖိအားပေးပြီး အထူးဆန်ဆိုင်များ ဖွင့်ခိုင်းခဲ့ပေမယ့် ဆန်ဈေးများ ကျဆင်းသွားခြင်းမရှိတဲ့အပြင် ကုန်ဈေးနှုန်းဟာ ယခင်လတွေကထက် နှစ်ဆခန့် မြင့်တက်လာခဲ့တယ်လို့ ကုန်စည်ဒိုင်များရဲ့ စာရင်းများအရ သိရပါတယ်။

လစာနည်း ၀န်ထမ်းတဦးဖြစ်တဲ့ ချော်တွင်းကုန်းမြို့နယ်က ကိုစိုးသိန်းက `လစာတိုးတဲ့ လမှာတင် ကုန်ဈေးနှုန်းကလည်း တက်တာဆိုတော့ မစားလောက်တာ မစားလောက်တာပါပဲ။ မိန်းမကလည်း မုန့်ထုတ်တဲ့ စက်ရုံတရုံမှာ ၀င်လုပ်ပါတယ်။ ဒါပေမယ့် လုံးဝ မစားလောက်ပါဘူး။ စောစောပိုင်းကတော့ ဟိုဟာလေး ပေါင်၊ ဒီဟာလေးပေါင်ပြီး စားနေတာ ခုဆို ပေါင်စရာက လူပဲကျန်တော့တယ်´လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်ပေါင်း လစာက ခြောက်သောင်းဝန်းကျင်။ ကျောင်းနေတဲ့ ကလေးတယောက်နဲ့ အမေအိုတယောက် ရှိပါတယ်။ တနေ့ကို ကားခက နှစ်ယောက်ပေါင်း ကျပ်ငါးရာလောက် ကုန်ပြီး။ သုံးယောက်စလုံး ထမင်းဘူးယူတဲ့အတွက် လက်ရှိစားစရိတ်ကလည်း တနေ့ကို ငွေကျပ် သုံးထောင်လောက် ကုန်တယ်လို့ဆိုပါတယ်။ အိမ်ငှားနေရတဲ့အတွက် နောက်ထပ်ခြောက်လစာအိမ်ငှားခကို ဘယ်လိုရှာရမှန်းမသိလို့ စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။ သူကတော့ ဘူးသီးတောင် ဘက်သွားကြတာဟာ ထွက်ပေါက်မဟုတ်တဲ့အပြင် သေတွင်းပဲလို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပေမယ် လူထုရဲ့ဝင်ငွေကတော့ တက်လာခြင်းမရှိတာ တွေ့မြင်ရပါတယ်။ နေ့စားအလုပ်သမားတယောက်ရဲ့ဝင်ငွေဟာ တနေ့ကို ကျပ် ၁၀၀၀ နှုန်း - ၁၂၀၀ ကျပ်နှုန်း ရှိပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ
ဝန်ထမ်းတွေရဲ့ လစာကလည်း အနည်းဆုံး ကျပ် နှစ်သောင်းကနေ အမြင့်ဆုံးကျပ်နှစ်သိန်းအထိ ရှိတယ်လို့ သိရပါတယ်။

`အခြေခံမိသားစုတစုအတွက် တလတာလိုငွေက အနည်းဆုံး ခြောက်သောင်းကနေ တသိန်းဝန်းကျင်လောက် ရှိတယ်။ ဒါတောင် တနေ့ထက်တနေ့ ဈေးတွေက တက်လာတော့ ဒီလမှာ ခြောက်သောင်းရှိရင် စားလောက်တယ်လို့ ပြောနိုင်ပေမယ့် နောက်လကျတော့ ခြောက်သောင်းနဲ့ မလောက်တော့ဘူး။ ရှစ်သောင်းလောက်ရှိမှ စားလောက်တော့တယ်´လို့ မိသားစုဝင် သုံးဦးသာရှိတဲ့ အစိုးရ၀န်ထမ်းတဦးက တွက်ပြပါတယ်။

အစိုးရ၀န်ထမ်းတွေရဲ့ လွန်ခဲ့တဲ့ ဧပြီလက စတင်ခံစားခွင့်ရခဲ့သော လစာနှုန်းထားတွေက အနည်းဆုံး ကျပ်နှစ်သောင်းကနေ ကျပ်နှစ်သိန်းအထိ ရှိပါတယ်။ ပြန်တမ်းဝင်အရာရှိဖြစ်မှသာ ကျပ်ကိုးသောင်းကနေ စတင်ရရှိတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ကောက်ယူခဲ့သော စာရင်းဇယားအရ ၀န်ထမ်းပေါင်း ၁၀၆၆၇၇၀ ဦးရေ ရှိတယ်လို့သိရပါတယ်။ ပြန်တမ်းဝင် အရာရှိက ၀န်ထမ်းအားလုံးရဲ့ ၁ ဒဿမ ၆ ရာနှုန်းလောက် ရှိပါတယ်။

`အစိုးရ၀န်ထမ်းတွေကတော့ ဒီလိုပဲ အံကြိတ်ခံကြရတာပဲ။ စားမလောက်လို့ အစိုးရအလုပ်ကထွက်ပြီး အပြင်မှာ လုပ်စား ပါမယ်ဆိုတော့လည်း အလုပ်ကထွက်ရင် ထောင်သုံးနှစ်ဆိုတော့ မထွက်ရဲဘူး´လို့ အစိုးရ၀န်ထမ်းတဦးက ပြောပြပါတယ်။

အခြေခံလူတန်းစားတွေသာ မကပါဘူး၊ အစိုးရ၀န်ထမ်းတွေမှာလည်း စားဝတ်နေရေး အခက်အခဲကြီးမားလှတဲ့အပြင် ခြိမ်းခြောက်တာတွေ ဖိအားပေးတာတွေ စတဲ့ နှိပ်ကွပ်မှုအမျိုးမျိုးကို လည်စင်းခံနေရတဲ့ဘ၀မှာ ဘူးသီးတောင်လို ပြန်လမ်း မရှိဆိုတဲ့ နေရာမျိုးကို ရွေးချယ်ရဲတာ မထူးဆန်းပါဘူးလို့ အဆိုပါ အစိုးရ၀န်ထမ်းက ဆိုပါတယ်။

ဘူးသီးတောင်လိုက်မယ်လို့ ဆုံးဖြတ်ပြီးသူ မြောက်ဥက္ကလာပမြို့နယ်မှ မမီးမီးတို့ မိသားစုဟာလည်း စားစရာမရှိလောက် အောင် ကျပ်တည်းတဲ့အပြင် နေစရာအိမ်ခန်းစရိတ်ပါ မတတ်နိုင်တော့တဲ့အတွက် နောက်ဆုံး ဒီလမ်းကို ရွေးချယ်ရခြင်း ဖြစ်တယ်လို့ ပြောပြပါတယ်။

“ကျမ အမျိုးသားက လက်သမားဆရာဆိုတော့ အလုပ်က ပုံမှန်မရှိဘူး။ ကျမက မင်္ဂလာဒုံက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ နားရက်မရှိ တနေ့ကို မနက် ၇ နာရီကနေ ည ၁၀ နာရီထိ လုပ်တာတောင်မှ တလကို နှစ်သောင်းခွဲပဲ ရပါတယ်။ ဒါတောင် ဒီအလုပ်ရဖို့ မနည်းကြိုးစားထားရတယ်။ ဒါပေမယ့် ဒီအလုပ်ဝင်ငွေကလည်း ကုန်ဈေးနှုန်းတွေ အရမ်းတက်လာတော့ အဆင်မပြေပါဘူး။ ရှေ့လဆိုရင် အိမ်ငှားခလည်း ထပ်ပေးရမှာ ပိုက်ဆံလည်းတပြားမှ မရှိဘူး။ ခုဆိုရင် အရမ်းကျပ်တည်းပါတယ်”လို့ သူက ပြောပြပါတယ်။

သူ့မှာ ဆယ်နှစ်အရွယ် သမီးတယောက်နဲ့ ခြောက်နှစ်အရွယ်ကလေးတယောက် ရှိပါတယ်။ ကလေးကျောင်းစရိတ်အတွက် လည်း ချေးငှားပြီးထားရတဲ့အတွက် ကြွေးပူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ လာမယ့်လမှာ အိမ်ခန်းခ ပေးရမှာဖြစ်တယ်။ ဒါကြောင့် နေစရာလည်း ရမယ်၊ ငွေတသိန်းလည်း ရမယ်ဆိုလို့ ဘူးသီးတောင်သွားမှာ ဖြစ်ပါတယ်။ ရမယ့် ငွေတသိန်းကို လည်း တချို့တ၀က်ကို ကြွေးဆပ်ခဲ့ရမှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“လူတိုင်းအလုပ်လုပ်ပေမယ့် လူတိုင်း ထမင်းဝနေတယ်မထင်ပါနဲ့။ အလုပ်လုပ်ရင်း ငတ်နေကြတာပဲ”လို့ ၀န်ကြီးဌာနတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ညွှန်ကြားရေးမှူးတဦးက ခုလိုပြောပြပါတယ်။ အစိုးရ၀န်ထမ်း ၆၅ ရာနှုန်းဟာ ထမင်းမ၀သူများ ဖြစ်ကြပြီး ၄၀ ရာနှုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်က ထွက်ချင်ပေမယ့် ထွက်ခွင့်မရသူများ ဖြစ်တယ်လို့ သိရပါတယ်။

ထမင်းမ၀တ၀ စားခွင့်ရနေသူတွေလည်း တနေ့တခြားများပြားလာသလို ထမင်းငတ်သူတွေကလည်း ထမင်းစားခွင့်ရဖို့ အတွက် ထွက်ပေါက်တခုခုတွေ့မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သေတွင်းတခုဖြစ်တဲ့ ဘူးသီးတောင်ဘက်ကို ပြောင်းရွှေ့ လိုကြခြင်းဖြစ်တယ်လို့ ရန်ကုန်မြို့ပေါ်မှ စာရေးဆရာတဦးက သုံးသပ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေဆဲ စစ်ဗိုလ်ကြီးတဦးကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ်။ “အလကား အလုပ်အကိုင်မရှိတဲ့ ကလေကချေတွေကို အစိုးရက ခရီးစရိတ် အကုန်ခံ၊ နေစရာ ဖန်တီးပေးပြီး ပို့ပေးတာပါ။ ဒါတောင်မှ အစိုးရက တအိမ်ထောင် တသိန်းပေးပြီးပို့တာ။ ဟိုမှာ နေစရာလည်းပေးတယ်။ စိုက်ပျိုးရေးလုပ်ပြီး နေမယ်ဆိုရင်နေလို့ ရပါတယ်။ သိတဲ့အတိုင်းပဲ ကလေကချေတွေဆိုတော့ ဟိုရောက်တော့လည်း လက်ကြောမတင်းတော့ ရောက်ပြီး မကြာခင် ငတ်ကြတာပဲ။ အဲဒီလိုလူတွေ သေတော့ကော တိုင်းပြည်အတွက် ဘာနစ်နာစရာရှိလဲ”။ [Top]

(ဆောင်းပါးပါ အမည်များသည် အမည်ရင်းများ မဟုတ်ပါ။ ဆောင်းပါးပါ အချက်အလက်အချို့နှင့် ကုန်ဈေးနှုန်းများသည် အခြေအနေနှင့် အချိန်အခါအလိုက် အပြောင်းအလဲများ ရှိနိုင်ပါသည်)။
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.