#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ကမ္ဘာကြီးအတွက် အနာဂတ္တိဟောစာတမ်းတခု
အောင်သူငြိမ်း

အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို လူအများက ကြို၍ တွက်ချက်ကြသည်။ မိမိ၏ အနေအထားကို လိုက်လျောညီထွေဖြစ်အောင် ကြို၍ပြင်ဆင်ကြသည်။ ဤသို့ဖြင့် ဗေဒင်ဆရာများရှိလာသည်။ ရှေ့ဖြစ်ဟောဆရာများရှိလာသည်။ ယတြာချေကြသည်။ ဖုန်းရွှေနည်းများကို လုပ်လာကြသည်။ ဤသို့ လူတဦးချင်း၏အနာဂတ်ကို တွက်ချက် ပေးသူများမှသည်၊ ကမ္ဘာတခုလုံး၏ လားရာတိမ်းညွတ်ချက်များကို သိပ္ပံနည်းကျ တွက်ချက်လေ့လာသော အနာဂတ်ဝါဒီပညာရှင်များလည်း ရှိလာခဲ့သည်။ အနာဂတ်ကို  လေ့လာသော ပညာရပ်ဌာနများ (Future Studies) လည်း တိုးတက်သော နိုင်ငံကြီး များတွင် ပေါ်ပေါက်လာခဲ့သည်။

မြန်မာစာဖတ်ပရိသတ်များအတွက်ဆိုလျှင်တော့ အယ်လ်ဗင်တော်ဖလာတို့ ဇနီးမောင်နှံသည် မစိမ်းလှ။ လူသိများကြသည်။ သူတို့က “အနာဂတ် သွေးလန့်မှု” (Future Shock) ဟူသော စာအုပ်ကို ရေးဖူးသည်။ ဤစာအုပ်တွင် အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို ကြို၍တင်ပြ ဖူးသည်။ မြန်မာစာရေးဆရာအချို့ကလည်း အကျဉ်းဘာသာပြန်ခဲ့ဖူး ကြသည်။ ထို့အပြင် ဆရာမြသန်းတင့်ကလည်း ဂျွန်နိုင်စ်ဘစ်နှင့် ပက်ထရစ်ရှာ အဘာဒင်း (John Naisbitt and Patricia Aburdene) တို့ ရေးသားသော (၂၀၀၀) ခုနှစ် ကမ္ဘာ၏ လားရာကြီးများ (Mega-trend 2000: Ten New Directions for the 1990s) အကြောင်းကို အကျဉ်းမိတ်ဆက်ပေးခဲ့ဖူးသည်။ ယခုလည်း စိတ်ဝင်စားဖွယ် အစီရင်ခံစာတခုကို မိတ်ဆက်ပေးလိုသည်။

(၂၀၂၀) စီမံချက်
အမေရိကန်နိုင်ငံတွင် အမျိုးသားထောက်လှမ်းရေးကောင်စီ (National Intelligence Council) ဟူသော အဖွဲ့တခု ရှိသည်။ သူတို့အဖွဲ့၌ အနာဂတ်တွင်ဖြစ်လာနိုင်သော လားရာများကို ကြိုတင်တွက်ဆသော စီမံချက်ရှိသည်။ သူတို့က ကမ္ဘာတလွှားရှိ သုတေသနဌာနများ၊ ပညာရှင်များ၊ တက္ကသိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ အနာဂတ်ကို ကြိုခန့်မှန်းသည်။ ဖိုးကပ်စ် (Forecast)လုပ်သည်ဟု ခေါ်သည်။ ထို့နောက်
မူဝါဒရေးရာအရ သက်ရောက်မှုရှိလာနိုင်ခြေများကို အမေရိကန်အစိုးရသို့ အကြံပြုတင်ပြသည်။ အမေရိကန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံတခု ဖြစ်သည်နှင့်အညီ သိပ္ပံနှင့် နည်းပညာ၊ စစ်အင်အား၊ ဓနအင်အား၊ မဟာဗျူဟာ၊ သံတမန်ရေးရာ၊ ထောက်လှမ်းရေးရာ စသည်ဖြင့် အရာအားလုံးကို ရှေ့ပြေးနေအောင် ကြို၍ပြင်ရသည်။ သို့ဖြင့် ဤကဲ့သို့သော အစီရင်ခံစာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုဖော်ပြမည့် အစီရင်ခံစာသည် ဤအဖွဲ့က (၂၀၂၀) ခုနှစ်အတွက် ကြို၍ခန့်မှန်းထားသော ကမ္ဘာကြီး၏အနာဂတ်ကို ကြိုတင်မြေပုံထုတ်ခြင်း (Mapping the Global Future: Report of the National Intelligence Council's 2020 Project) ဟူသော အစီရင်ခံစာဖြစ်သည်။

သူတို့က ဉာဏ်ကြီးရှင်ပီသသည်။ ကမ္ဘာတ၀ှမ်းလုံးကို စူးစမ်းသည်။ သဘာဝ ပတ်ဝန်းကျင်မှ နေ၍ နည်းပညာ၊ ဘာသာရေး၊ လူဦးရေ အပြောင်းအလဲ အချက်အလက် အားလုံးကို စူးစမ်းသည်။ လုံခြုံရေးဆိုင်ရာအချက်များနှင့် အပြန်အလှန်တုံ့ပြန်ဖြစ်ပေါ် နေသည့် အခြေအနေ များလည်း မလွတ်စေရ။ ထို့အပြင် ဤအစီရင်ခံစာအတွက် ကမ္ဘာကြီး၏ ဒေသအနှံ့အပြားတွင် ညီလာခံ၊ ကွန်ဖရင့်များကျင်းပ၍ ဆွေးနွေးခဲ့ကြ သည်။ ပညာရှင်များစွာနှင့် တိုင်ပင်အကြံယူသည်။ ဥပမာ - ဆယ်စုနှစ်ပေါင်းများစွာ အနာဂတ် လားရာကို သုံးသပ်ဆောင်ရွက်နေသည့် ရှဲလ်နိုင်ငံတကာကုမ္ပဏီ၏ Scenario Project စီမံချက်မှ ဦးဆောင်သူများပါဝင်သကဲ့သို့ ကုလသမဂ္ဂ၏ ထောင်စုနှစ်ဆိုင်ရာ စီမံချက်မှ ဦးဆောင် နေသူများ၊ အမေရိကန်နိုင်ငံရှိ ရန်းဒ် (RAND) သုတေသန ကော်ပိုရေးရှင်းမှ ပညာရှင်များ၊ ဂိုလ်းမန်းဆက်ခ်ကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန စသည်တို့မှ ပညာရှင်များ ပါကြသည်။ နောက်ဆုံး အယ်လ်ဗင်တော်ဖလာ ၏ ကုမ္ပဏီပင် ဤအစီရင်ခံစာ ရေးရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ခရစ်နှစ် (၂၀၂၀) ဆိုလျှင် ဝေးသည်ဟု ယူဆနိုင်သော်လည်း သူတို့က ဤမျှကြို၍တွက်ဆကြသည်။ အမှန်တွင်ကား ယခုပင်လျှင် (၂၀၀၆) အတွင်း ချင်းနင်းဝင်ရောက်လာပြီဖြစ်၍ နောက်ထပ် (၁၄) နှစ်သာ ကျန်တော့သည်။

ဖြစ်နိုင်ခြေ တိမ်းညွတ်မှု (၄) ခု
အနာဂတ်လားရာများအပေါ် သူတို့၏ဖော်ပြချက်များသည် များစွာ စိတ်ဝင်စားဖွယ် ကောင်းသည်။ သူတို့က ကမ္ဘာကြီးတွင် ဖြစ်လာနိုင်ခြေရှိသော တိမ်းညွတ်မှု (Scenario) (၈) ချက်ကို နောက်ဆုံးရွေးချယ်ထုတ်ခဲ့သည်။ နောက်ဆုံးအားသာချက်၊ အားနည်းချက်  များကို အပြန်ပြန်အလှန်လှန် ဆွေးနွေးကာ နောက်ဆုံးဖြစ်နိုင်သည့် တိမ်းညွတ်ချက် (Scenario) (၄) ခုကို သဘောညီ ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့ကို Scenario လေးခုအဖြစ် အောက်ပါတိုင်း ဖော်ပြသည်။

  • ဒါးဗို့စ်ကမ္ဘာ။ ဒါးဗို့စ်(Davos) ဆိုသည်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်စဉ်ကျင်းပရာ ဆွစ်ဇာလန်နိုင်ငံရှိ ရေခဲနှင်းလျောစီး အပန်းဖြေ စခန်းမြို့ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အလားအလာတိမ်းညွတ်ချက်များကို ဤဖိုရမ်တွင် ဆွေးနွေးလေ့ရှိသည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ လာမည့် (၁၅) နှစ်အတွင်း ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ကမ္ဘာ့စီးပွားရေး ဆက်လက်တိုးတက်နေမည်ဟု သုံးသပ်ကြပါသည်။ သို့သော်လည်း အနောက်တိုင်းမျက်နှာမဟုတ်သော အိန္ဒိယနှင့် တရုပ်ပြည်တို့ ဤဖိုရမ်တွင် ပါဝင်လာကြမည်ဟု သုံးသပ်ထားပါသည်။

 

  • ကမ္ဘာကြီးတွင် အပြောင်းအလဲများစွာရှိသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် လွှမ်းမိုးထားနိုင်သော အနေအထားကို ဆက်လက်ကိုင် စွဲဦးဆောင်ထားနိုင်မည်ဟု သုံးသပ်ကြသည်။ သို့သော်လည်း အခြားအင်အားစုများ ပိုမိုပါဝင်မှုရှိသော ကမ္ဘာဖြစ်စဉ်တခု ဖြစ်ထွန်း လာနိုင်ပါသည်။ သူတို့က ဤအလားအလာကို (Pax Americana) ဟု အမည်ပေးသည်။
  • အစွန်းရောက်ဘာသာရေးအင်အားစုများက ကြီးထွားလာ၍ နိုင်ငံရေးနယ်ပယ် အတွင်း သြဇာလွှမ်းလာနိုင်သော အခြေအနေကိုလည်း တွက်ဆကြပါသည်။ ဤသို့ဆိုပါက အနောက်ကမ္ဘာက လက်ခံထားသော တန်ဖိုးထားမှုများ၊ အခြေခံများ၊ ကမ္ဘာ့စနစ်ကိုလည်း ထိခိုက် လာနိုင်သည်ဟု တွက်ဆကြသည်။ သူတို့က ဤအလားအလာကို (A New Caliphate) ဟု အမည်ပေးသည်။

 

  • ထို့အပြင် လူအများသေကြေစေနိုင်သော တိုက်ခိုက်မှုများဖြစ်လာပြီးနောက် လူအများ၏ ဘ၀အတွင်း ပို၍၀င်ရောက်ထိုးဖောက် ထောက်လှမ်းခံလာရသော အခြေအနေမျိုးကိုလည်း တွက်ဆဖော်ပြကြသည်။ တချိန်က စာရေးဆရာ ဂျော့ခ်ျအိုဝဲလ်ရေးသော ကမ္ဘာမျိုး ဖြစ်လာနိုင်ခြေကိုလည်း ချန်လှပ်မထားခဲ့ပါ။ သူတို့က ဤအလားအလာကို အကြောက်တရားစက်ဝန်း (Cycle of Fear) ဟုခေါ်သည်။ ဤအလားအလာများ အကုန်ဖြစ်လာမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အများဆုံးဖြစ်နိုင်ခြေတွက်ဆချက်များသာ ဖြစ်ပါသည်။ ဤအချက်ကို စာတန်းတွင် အသေးစိတ် ဆွေးနွေးဖော်ပြခဲ့ကြပါသည်။

အာရှအတက်
အာရှနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်အချက်အများအပြားကို ဤအစီရင်ခံစာတွင် တွက်ဆခန့်မှန်းခဲ့ကြပါသည်။ သို့သော်လည်း နေရာအခက်အခဲကြောင့် အကုန် ဖော်ပြလိမ့်မည်မဟုတ်ပါ။ အချို့အချက်များကိုသာ ရွေးချယ်ဖော်ပြလိုပါသည်။ ဤအစီရင်ခံစာ၏ သုံးသပ်ချက်အရ ...

  • ဂလိုဘယ်လိုက်ဇေးရှင်းသည် ရပ်တန့်ရန် အကြောင်းမရှိ။ ဆက်သွားလိမ့်မည်။ ကမ္ဘာကြီးတွင် အချင်းချင်း အပြန်အလှန်ဆက်သွယ် နေကြသော သတင်း၊ နည်းပညာ၊ အရင်းအနှီး၊ ကုန်သွယ်မှု၊ ၀န်ဆောင်မှု၊ လူအများ ကူးလူးသွားလာ မှုများ ပို၍ဆက်လက်ကြီးထွား လာရန်သာ ရှိပါသည်။ သို့သော် ခရစ်နှစ် (၂၀၂၀) ရှိ ဂလိုဘယ်လိုက်ဇေးရှင်းတွင် အနောက်တိုင်းမျက်နှာသွင်ပြင် အပြင် အခြားမျက်နှာများ (ယခုတိုးတက်လာနေသော တရုပ်၊ အိန္ဒိယ၏ မျက်နှာ သွင်ပြင်များ) ပါ ပါဝင်လာလိမ့်မည်ဟု ဆိုပါသည်။

 

  • အကယ်၍ တရုပ်နိုင်ငံအနေဖြင့် ဤအတိုင်းဆက်လက်ဖွံ့ဖြိုးနေပါက သက္ကရာဇ် (၂၀၂၀) တွင် တရုပ်နိုင်ငံ၏ အမျိုးသားထုတ်ကုန်တန်ဖိုး (ဂျီအဲန်ပီ) သည် အမေရိကန်နိုင်ငံမှလွဲ၍ အခြားသောအနောက်နိုင်ငံများကို ကျော်လွန်သွား လိမ့်မည်။ ယခုအခါ ကမ္ဘာပေါ်တွင် အကြီးမားဆုံးစီးပွားရေးက အမေရိကန် နိုင်ငံဖြစ်ပြီး ဂျပန်ကဒုတိယ၊ ဂျာမဏီက တတိယလိုက်နေသည်။ တရုပ် နိုင်ငံက ဂျပန်ကို ကျော်လွန်၍ ကမ္ဘာ၏ ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်လာ လိမ့်မည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ဤနှုန်းအတိုင်း ဆက်လက်တိုးနေ ပါက (၂၀၂၀) တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဥရောပ တနိုင်ငံချင်းနှင့်  အရွယ်တူဖြစ်လာနိုင်ပြီး (၂၀၅၀) တွင် ဥရောပသမဂ္ဂတခု လုံးနှင့် အရွယ်တူ ဖြစ်လာပါလိမ့်မည်။
  • (၂၀၂၀) တွင် တရုပ်နိုင်ငံလူဦးရေက သန်းပေါင်း (၁၄၀၀) ရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံက သန်းပေါင်း (၁၃၀၀) ရှိလာနိုင်သည်။ ဤနိုင်ငံရှိ လူထုများ အနေဖြင့် အနောက်တိုင်းနိုင်ငံများ၏ လူနေမှုအဆင့်အတန်းကို မမှီနိုင်သေး သော်လည်း တိုးတက်လာနေသော လူဦးရေ ပမာဏ၊ ကြီးထွားလာသော စီးပွားရေးပမာဏ၊ ဓနအင်အား၊ နည်းပညာ၊ စစ်အင်အားတို့ဖြင့် ကမ္ဘာ၏ အင်အားချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်လာစေနိုင်သည်ဟု တွက်ဆထား ကြသည်။ ဤသို့ဆိုလျှင် နိုင်ငံတကာဆက်ဆံရေးစနစ်တွင်ပါ အပြောင်းအလဲ ဖြစ်လာနိုင်ခြေ ရှိနေသည်။ ဤသို့ တရုပ်နှင့် အိန္ဒိယ၏  ဖွံ့ဖြိုးလာမှု အခြေ အနေကို (၁၉) ရာစုတွင် ဂျာမဏီ၏တက်လာပုံမျိုး၊ (၂၀) ရာစု ဆန်းပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ တက်လာပုံမျိုးနှင့် တင်စားခိုင်းနှိုင်း တင်ပြထား ပါသည်။ ဤအခြေအနေတွင် ဂျပန်၏ အခန်းကဏ္ဍသည် တရုပ်နှင့်အတူ တိုးတက်နိုင်သောအနေအထား၊ သို့မဟုတ် ချိန်ခွင်လျှာမျှစေရန် သုံးနိုင်သော အနေအထား အဖြစ်လည်း တွက်ချက်ဖော်ပြထားပါသေးသည်။ သို့သော်လည်း အင်အားကြီးနိုင်ငံချင်းဖြစ်သော စစ်ပွဲကြီးမျိုးလည်း လာမည့် (၁၅) နှစ်တွင် ဖြစ်နိုင်ခြေအလွန်နည်းသည်ဟု ဖော်ပြထားပါသည်။

 

  • ဤသို့တက်လာသည်နှင့်အမျှ အခြားဖြစ်လာနိုင်သော စိန်ခေါ်မှုများကိုလည်း ဖော်ပြခန့်မှန်းထားပါသေးသည်။ တခုမှာ စီးပွားရေးတက်လာသည်နှင့်အမျှ လောင်စာစွမ်းအင်လိုအပ်ချက်လည်း အလွန်အမင်းများပြားလာလိမ့်မည် ဟူသော အချက် ဖြစ်ပါသည်။
  • ထို့အပြင် နိုင်ငံတော်မဟုတ်သည့်အင်အားစုများ၏ အရေးပါသော အခန်းကိုလည်း ဖော်ပြထားပါသည်။ အစိုးရနှင့် မသက်ဆိုင်သော အဲန်ဂျီအိုများ၏ အခန်းကဏ္ဍမှာ အရေးပါနေမည်ဖြစ်သည်။ ထို့အပြင် အစွန်းရောက်မူစလင်အင်အားစုများ၏ နိုင်ငံရေးသည်လည်း ပြဿနာတခု ဆက်လက်ဖြစ်နေမည်ဟု သုံးသပ်ထားပါသည်။ အားပျော့ချိနဲ့သော အစိုးရများ၊ စီးပွားရေးမတိုးတက်သော အခြေအနေ၊ ဘာသာရေးအစွန်းရောက်မှု၊ များပြားလာသော လူငယ်ထုများ၏ မကျေနပ်မှုများကြောင့် ကမ္ဘာကြီး၏ အချို့သောဒေသများတွင် မတည်ငြိမ်မုန်တိုင်းထန်လိမ့်ဦးမည်ဟု ဖော်ပြထား သည်။ ၎င်းအပြင် အကြမ်းဖက်မှုပြဿနာသည်လည်း ပင်မခြိမ်းခြောက်မှု အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။ ဤအတွက်ကြောင့်ပင် လူအများ အနေဖြင့် စိုးရိမ်ပူပန်မှုများ၊ အကြောက်တရားများနှင့် နေကြရဖွယ် ရှိပါသည်။

 

  • တတိယဒီမိုကရေစီရေစီလှိုင်းဟု ခေါ်ဆိုနေကြသော ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းများ  အားပျော့သွားမည်ဟု တွက်ချက်ဖော်ပြထားသည်။ ( အကြမ်း ဖက်မှုဆန့်ကျင်ရေးစစ်ပွဲများနှင့် (၁၉၉၀) ခုနှစ်က စတင်ခဲ့သော တတိယ ဒီမိုကရေစီလှိုင်း အားပျော့သွားခြင်းတို့ကြောင့် ဖြစ်သည်။) ထို့အပြင် တပါတီ စနစ်ဖြင့် သွားနေသော တရုပ်နိုင်ငံ၏တိုးတက်လာနေသော အခြေအနေတွင် အာရှပုံစံ ဒီမိုကရေစီ ဆိုသည်မျိုး ခေတ်စားထွန်းကားလာလိမ့်မည်ဟု ဖော်ပြ ထားသည်။ တချိန်က စင်္ကာပူ၊ တောင်ကိုရီးယားကဲ့သို့ အာရှနိုင်ငံများ စီးပွား ဖွံ့ဖြိုးစဉ်က အာရှတန်ဖိုးကို အလေးပေးဖော်ပြခဲ့ကြသည့်အလားတူ တရုပ်နိုင်ငံအတက်တွင်လည်း တရုပ်ပုံစံဖွံ့ဖြိုးတိုးတက်ပုံကို အသားပေး ပြောလာနိုင်သော အခြေအနေကို ဆိုလိုခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ တရုပ်နိုင်ငံအနေဖြင့် စီးပွားရေးပြုပြင် ပြောင်းလဲရေး လုပ်သော်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အတော်နည်းသည်။ တက်လာသော စီးပွားရေး အခြေအနေနှင့် လိုက်လျောညီထွေ နိုင်ငံရေး ပြောင်းလဲရန် ဖြစ်နိုင်-မဖြစ်နိုင် ဆိုသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းဖြစ်နေပါသည်။ သို့သော်လည်း တရုပ်နိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်နေသည်။ ဗဟိုတွင် လူငယ်များကို တိုးချဲ့နေရာပေးလာပြီး အများမှာ အနောက် တိုင်းတွင် ပညာသင်လာသူများဖြစ်သည်။ ထို့အပြင် ဗဟိုတွင် အတိုင်ပင်ခံ အကြံရယူမှု များကို တိုးချဲ့လုပ်လာပါသည်။ အောက်ခြေတွင် ဒေသဆိုင်ရာ ဒီမိုကရေစီ ရွေးကောက်ပွဲများ (Local Election) ကို တိုးချဲ့ ပြုလုပ်လာနေပါသည်။ အကယ်၍ တရုပ်နိုင်ငံစီးပွားတက် နေသည်နှင့်အမျှ ဤပုံစံ (တဖြည်းဖြည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု )က မှန်သယောင် ပြောဆိုလာနိုင်သည်။

မြန်မာ (၂၀၂၀) - မိုးကြီးချုပ်ဦးမည်လော
ဤသို့ တရုပ်နှင့် အိန္ဒိယနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည့်အခြေအနေတွင် ဒေသဆိုင်ရာနိုင်ငံများကလည်း မိမိ၏အဆင့်နေရာအတွက် ပြင်ဆင်နေကြပါသည်။ အေဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း အေဆီယံမျှော်မှန်းချက်အမြင် (၂၀၂၀) ဟူသော စာတမ်းဖြင့် ဖော်ပြထားဖူးပါသည်။ ထို့အပြင် နိုင်ငံတခုချင်းကလည်း လွတ်လပ်သော စီးပွားရေးသဘောတူညီမှု (အက်ဖ်တီအေ) စာချုပ်များ၊ ဒေသတွင်း မဟာမိတ်ဖွဲ့မှုများ၊ မိမိ၏ ကျွမ်းကျင်သောကဏ္ဍကို အားကောင်းစေခြင်းများဖြင့် ပြင်ဆင်နေကြပါသည်။ ထိုင်းနိုင်ငံက မဲခေါင်မြစ်ဝှမ်းရပ်ဝန်းဒေသ၏ ပင်မဗဟိုချက်ဖြစ် စေရန် ပြင်ဆင်နေပါသည်။ ထို့အပြင် ထိုင်းနိုင်ငံကို ဖက်ရှင်မြို့တော်ဖြစ်စေရန် ပြင်နေပါသည်။ တရုပ်နိုင်ငံ ရှန်ဇန်းက အာရှ၏ငွေကြေးဈေးကွက် ဗဟိုချက်မ ဖြစ်လာနိုင်သော အခြေအနေတွင် လက်ရှိဗိုလ် ဖြစ်သော တိုကျို၊ စင်္ကာပူ၊ ဟောင်ကောင်တို့ကလည်း ပြင်ဆင်လာနေရပါသည်။ စင်္ကာပူက အာရှ၏ အနုပညာဈေးကွက် ဗဟိုချက်မ ဖြစ်ရန် ပြင်ဆင်နေပါသည်။ မြန်မာနိုင်ငံကရော ဤအခြေအနေတွင် မည်သို့ပြင်ဆင်မည် ဆိုသည်မှာ  စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ ကြက်ဆူပင်စိုက်ခြင်းသည် အမျိုးသားရေးတာဝန်ဟု ဆိုရုံမျှဖြင့် စီးပွားဖြစ်လာမည်တော့ မထင်ပါ။ မြန်မာနိုင်ငံ၏ အနာဂတ် ဒီမိုကရေစီအလားအလာအတွက်လည်း အတော် စဉ်းစားစရာ ဖြစ်လာပါသည်။ သက္ကရာဇ် (၂၀၂၀) ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အသက် (၇၅) ရှိပြီဖြစ်ပါသည်။ (၁၉၉၀) ရွေးကောက်ပွဲသည် (၂၀၂၀) ဆိုလျှင် အနှစ် (၃၀) ရှိပါတော့မည်။

(၂၀၀၀) ခုနှစ်အဆန်းပိုင်းက ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ဦးစီးသော ထောက်လှမ်းရေး၏ မဟာဗျူဟာလေ့လာရေးဌာနသည် ၂၁ ရာစု အတွင်း မြန်မာနိုင်ငံ၏ ဖြစ်လာနိုင်ဖွယ် အလားအလာများနှင့် ပတ်သက်၍ နိုင်ငံတကာ ပညာရှင်များကို ဖိတ်ခေါ်ကာ ဆယ်မီနာများ ကျင်းပခဲ့ဖူး ပါသည်။ မြန်မာနိုင်ငံကြုံရနိုင်သော စိန်ခေါ်ချက် များနှင့် ပြဿနာများ၊ ပြင်ဆင်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြဖူးပါသည်။ ဤဆယ်မီနာ များမှ အကြံပြုချက်ဖြစ်သော စီးပွားရေးနှင့် နည်းပညာ၊ ပညာရပ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ပြုပြင်ချက်များကို ယခုတိုင် မမြင်ရသေးပါ။ ပျဉ်းမနားသို့ မြို့တော် ပြောင်း ရေးသည် ဤအကြံပြုချက်များတွင် ပါသောကိစ္စမဟုတ်။ ပြီးခဲ့သော တော်လှန်ရေးနေ့ (တပ်မတော်နေ့) တွင်လည်း တပ်မတော်အင်အားရှိရေးကိုသာ ထပ်ခါထပ်ခါ အလေးပေးပြောနေသေးသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟု ကြွေးကြော်နေသေးသည်။

ဤပုံအတိုင်းသွားပါက မြန်မာနိုင်ငံ(၂၀၂၀) သည် မိုးကြီးချုပ်သောအခြေအနေနှင့် မကြုံပါစေနှင့်ဟု ဆုတောင်းနေရရုံသာ ရှိပါတော့မည်။

အကိုးအကား
1. National Intelligence Council (US), Mapping the Global Future: Report of the NIC's 2020 Project, December 2004, Government Printing Office (GPO), Pittsburgh.

2. The Office of Strategic Studies (Ministry of Defence—Myanmar) and Information and Resource Center (Singapore), Conference Report of Myanmar in the 21st Century, 28-29 March 2000, Yangon.
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.