“ထိုင်းနိုင်ငံ ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှု” ရှေ့တလှမ်းတိုးမှာလား ... နောက်တလှမ်းဆုတ်မှာလား
ဇင်လင်း
ထိုင်းနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအားပြိုင်မှုကို နိုင်ငံတကာ နိုင်ငံရေးအကဲခတ်များက အထူးအာရုံစိုက် လေ့လာစောင့်ကြည့် နေကြပါတယ်။ အပေါ်ယံအားဖြင့်ကြည့်ရင်တော့ ၀န်ကြီးချုပ် မစ္စတာသက်ဆင် (Mr. Thaksin Shinawatra) က ဒီနိုင်ငံရေး ပဋိက္ခရဲ့ အဓိက ဇာတ်ကောင်ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ မစ္စတာ သက်ဆင်ကို ၀န်ကြီးချုပ်ရာထူးနေရာက နှုတ်ထွက်ပေးဖို့ အရင်ဆုံးတောင်းဆိုခဲ့သူက သတင်းစာလုပ်ငန်းရှင်ကြီး မစ္စတာဆွန်ဒီ (Mr. Sondhi Limthongkul) ဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတာက မစ္စတာသက်ဆင်နဲ့ မစ္စတာဆွန်ဒီ တို့ဟာ မူလက မိတ်ဆွေရင်းချာတွေဖြစ်ရုံမက မစ္စတာသက်ဆင် ၀န်ကြီးချုပ်ဖြစ်လာအောင် အဓိကပံ့ပိုးသူတွေထဲမှာ မစ္စတာဆွန်ဒီလည်း ပါဝင် ခဲ့တဲ့အချက်ပါပဲ။ ဒါကြောင့် ဒီနိုင်ငံရေးပဋိက္ခဟာ လူပုဂ္ဂိုလ် နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးမသင့်မြတ်မှုက စခဲ့တာလားလို့ ယူဆစရာရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ ထင်တာထက်ပိုပြီး နက်ရှိုင်းနေတာ တွေ့ရပါတယ်။ ‘ဒီမိုကရေစီကို ရှေ့တလှမ်းတိုးဖို့ ကြိုးစားသူများ’ နဲ့ ‘ဒီမိုကရေစီကို ရှေ့မတိုးအောင် ဟန့်တားသူများ’ ရဲ့ ‘နိုင်ငံရေးပဋိက္ခ’ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
 |
 |
ဝန်ကြီးချုပ် သက်ဆင် - Reuters |
သက်ဆင်နှုတ်ထွက်ရေး ဆန္ဒပြပွဲ - AFP |
တကယ်တော့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုဟာ ၁၉၇၃ အောက်တိုဘာမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ၁၉၇၁ နိုဝင်ဘာမှာ အာဏာသိမ်းပြီး တက်လာတဲ့ ထနွန် ကစ်တီကာချွန် (Thanom Kittikachorn) စစ်အစိုးရကို သီတင်းတပတ်ကြာ ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲနဲ့ ၁၉၇၃ အောက်တိုဘာမှာ ဖြုတ်ချနိုင်ခဲ့လို့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ လူထုလူတန်းစားအဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာ ခဲ့တယ်။ လူထုလူတန်းစားအဖွဲ့အစည်းတွေရဲ့ စည်းရုံးလှုံ့ဆော်မှုနဲ့ ၁၉၉၂ မေလမှာ လူထု အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီး အထင်ကရ သမိုင်းမှတ်တိုင်ကြီးတတိုင် စိုက်ထူနိုင် ခဲ့တယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဆူချင်ဒါ (Gen Suchinda Kraprayoon) ကို ချမ်လုံ (Chamlong Srimuang) ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေနဲ့ ဖြုတ်ချခဲ့တဲ့ သမိုင်းတဆစ်ချိုး ကာလဖြစ်ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားပြည်သူတို့ရဲ့ အသက်ပေါင်း များစွာနဲ့ အရင်းတည်ခဲ့ရတဲ့ ပွဲလည်းဖြစ်ပါတယ်။ ဒီတုန်းက မေ ၁၇ မှာ ကျောင်းသား ပြည်သူတို့ သွေးမြေကျခဲ့ရပြီးနောက် မေ ၂၀ မှာ ထိုင်းဘုရင်မင်းမြတ်က ကြားဝင်ဖြေရှင်း
ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆူချင်ဒါကို တိုင်းပြည်က ထွက်ခွါသွားစေခဲ့ပြီး မစ္စတာအာနန် (Anand Panyarachun) ကို ယာယီဝန်ကြီးချုပ်တာဝန် ယူစေခဲ့ ပါတယ်။ ၁၉၉၂ စက်တင်ဘာ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မစ္စတာချွန်လီပိုင် (Chuan Leekpai) ၀န်ကြီးချုပ် ဖြစ်လာခဲ့ ပါတယ်။ ဒါဟာ လူထုက စစ်အာဏာရှင်ကို ဖြုတ်ချပြီး အရပ်သား ခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီ အလှည့် အပြောင်းဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အရပ်ဘက်နိုင်ငံရေး ခေါင်းဆောင်များ အနေနဲ့ ၁၉၉၂ ခုနှစ်ကမှ ဒီမိုကရေစီကျင့်စဉ်ကို စတင်ကျင့်သုံး ခဲ့တာဖြစ်ပါတယ်။ ၁၉၉၅ ဇန်န၀ါရီမှာ ‘ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ ပြုပြင်ပြောင်းလဲမှုတရပ် လုပ်ခဲ့ပါတယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ အသက် ၁၈ နှစ် ပြည့်သူ နိုင်ငံသားတိုင်းကို မဲပေးပိုင်ခွင့်ပြုခဲ့တယ်။ အမျိုးသမီးများကို တန်းတူ အခွင့်အရေး ပေးကြောင်း ပြဌာန်း ခဲ့တယ်။ စစ်တပ်က လွှမ်းမိုးထားတဲ့ အထက်လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ကို လျှော့ချခဲ့တယ်။ ၁၉၉၅ ဇူလိုင်မှာ ရွေးကောက်ပွဲအသစ် ကျင်းပတဲ့အခါ ချတ်ထိုင်းပါတီ (Chart Thai Party) က ပွတ်ကာသီကာ အနိုင်ရပြီး ၇ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့တယ်။ ဘန်ဟန်း ဆီလ်ပါအာချာ (Banharn Silpa-archa) ၀န်ကြီးချုပ်ဖြစ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာမှာ ဆီလ်ပါအာချာ အစိုးရပြုတ်ကျပြီး ချာဗာလစ် ယောင်ချိုင်ယုဒ် (Chavalit Yongchaiyudh) ၀န်ကြီးချုပ်ဖြစ်လာတယ်။ ၁၉၉၇ နိုဝင်ဘာမှာ ၀န်ကြီးချုပ် ချာဗာလစ် ပြုတ်ကျပြီး ချွန်လီပိုင်
ဝန်ကြီးချုပ် ဖြစ်လာပြန်တယ်။ ‘ထိုင်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ အသစ်ကို ၁၉၉၇ စက်တင်ဘာမှာ ချွန်လီပိုင်အစိုးရက အတည်ပြုပေးခဲ့တယ်။
ဒါပေမယ့် ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေးဈေးကွက် ကမောက်ကမဖြစ်ပြီး ထိုင်းနိုင်ငံစီးပွားရေး ပြိုလဲခဲ့ရတယ်။ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ စိုက်ထုတ်ပေးခဲ့တဲ့ စီမံချက်ကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ထိုင်းစီးပွားရေး ဦးပြန်မော့လာတယ်။ စီးပွားရေး ကမောက်ကမကိစ္စကြောင့် ချွန်လီပိုင်အစိုးရ ပြစ်တင်ဝေဖန်ခံရပြီး ၂၀၀၁ ဇန်န၀ါရီရွေးကောက်ပွဲမှာ အရေးနိမ့် ခဲ့ရတယ်။ Thai Rak Thai ပါတီ အနိုင်ရပြီး မစ္စတာသက်ဆင် ၀န်ကြီးချုပ်ဖြစ်လာ ပါတယ်။ ၀န်ကြီးချုပ် သက်ဆင်အစိုးရက နိုင်ငံပိုင်လုပ်ငန်းအများအပြားကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးခဲ့တယ်။
မစ္စတာသက်ဆင်က စင်္ကာပူခေါင်းဆောင် မစ္စတာ လီကွမ်ယူး (Lee Kwan Yew) နဲ့ မလေးရှားခေါင်းဆောင် မဟာသီယာမိုဟာမက် (Mahathiar Muhamed) တို့ကို အလွန်အားကျကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ဖူးတယ်။ အထူးသဖြင့် စင်္ကာပူပုံစံ ပါလီမန်မျိုးကို သူကြိုက်တယ်လို့ ပြောပါတယ်။ စင်္ကာပူပါလီမန်မှာ အတိုက်အခံက ရှိတယ်ဆိုရုံပဲရှိတာဖြစ်ပြီး အားနည်းတယ်။ ဒီမိုကရေစီစနစ်မှာ အတိုက်အခံပါတီ အင်အားစုကို နေရာပေးရတာဖြစ်လို့ ‘ဒီမိုကရေစီစနစ်’ ဖြစ်ကြောင်း နိုင်ငံတကာကို ပြနိုင်ရုံခွင့်ပြုထားတဲ့သဘောပါပဲ။ အာဏာကို ထိထိရောက်ရောက် သုံးနိုင်တဲ့ အင်အားကြီးပါတီတခုက ပါလီမန်ကို ဦးစီးနိုင်တာမျိုးကို သူကြိုက်တယ်လို့ ၀န်ကြီးချုပ် သက်ဆင်က ပြောဖူးတယ်။ မလေးရှားက UMNO (United Malay National Organisation) ပါတီပုံစံပေါ့။
ဒါကြောင့် UMNO ကို စံနမူနာယူပြီး မစ္စတာသက်ဆင်က ပါတီငယ်ကလေးတွေကို သူ့ပါတီထဲ သိမ်းသွင်းခဲ့တယ်။ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် နေရာ ၅၀၀ အနက်က ၄၀၀ ရဖို့ သူကြိုးစားခဲ့တယ်။ အတိုက်အခံပါတီအနေနဲ့ ၀န်ကြီးတယောက်ကို အယုံအကြည်မရှိ အဆိုတင်လိုက်ရင် ပါလီမန်ရဲ့ မဲ ငါးပုံတပုံ (အမတ် ၁၀၀) လိုပါတယ်။ ၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်လိုရင် ပါလီမန်ရဲ့ မဲ ငါးပုံနှစ်ပုံ (အမတ် ၂၀၀) လိုပါတယ်။ Thai Rak Thai ပါတီက အမတ်နေရာ ၄၀၀ သာခဲ့ရင် မစ္စတာသက်ဆင် အနေနဲ့ ပါလီမန်ကို စိတ်တိုင်းကျ ချယ်လှယ်နိုင်ပါလိမ့်မယ်။
၂၀၀၅ ဖေဖော်ဝါရီ ရွေးကောက်ပွဲမှာလည်း Thai Rak Thai ပါတီကပဲ အပြတ်အသတ် နိုင်ပြန်ပါတယ်။ နေရာ ၅၀၀ အနက် ၃၇၄ နေရာ အနိုင်ရပါတယ်။ အဓိက အတိုက်အခံ ဒီမိုကရက်ပါတီက ၉၄ နေရာပဲ ရပါတယ်။ မစ္စတာသက်ဆင် ၀န်ကြီးချုပ်ဆက်ဖြစ်ပါတယ်။ Thai Rak Thai ပါတီအနေနဲ့ ‘တပါတီအစိုးရအဖွဲ့’ ကို လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်ခဲ့တာကြောင့်ရယ် အတိုက်အခံက အင်အားသိပ်နည်းသွားတာကြောင့်ရယ် ပညာတတ် လူလတ်တန်းစားက ဒီမိုကရေစီပိုင်ခွင့်တွေ ကန့်သတ်ချုပ်ချယ်ခံရမယ့် အရေးကို တင်ကြိုမြင်လာကြပါတယ်။ သက်ဆင်က ကျေးလက်နေ တောင်သူလယ်သမား ဆင်းရဲသားလူများစုကြီးရဲ့မဲကို ရရှိအောင်စည်းရုံးနိုင်ခဲ့တာကြောင့် ‘လူများစုကြိုက်ခေါင်းဆောင်’ လို့ ဆိုကြပါတယ်။ ကျေးရွာတိုင်းမှာ အသေးစား ငွေးချေးဘဏ် တည်ထောင်ပေးတာ၊ ဘတ် (၃၀) ဆေးကုသခွင့် အစီအစဉ် လုပ်ပေးတာမျိုးနဲ့ လူကြိုက်များအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၂၀၀၃ ခုနှစ် ၀န်ကြီးချုပ် သက်ဆင်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်ကာလအတောအတွင်း လူ ၂၀၀၀ ကျော် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ဥပဒေမဲ့ လူအစုလိုက်သတ်ဖြတ်မှုအဖြစ် မှတ်တမ်းတင် ရှုံ့ချကြပါတယ်။ မူစလင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း ပြဿနာကို ဖြေရှင်းရာမှာလည်း ကိုင်တွယ်ပုံ ကြမ်းတမ်းတဲ့အတွက် တတ်ဘိုင်ရွာမှာ မူစလင် ၇၈ ယောက် သေဆုံးရမှုအပါအ၀င် အသေအပျောက် များသည်ထက် များပြားလာပါတယ်။ ဒီအတွက် ၀န်ကြီးချုပ် သက်ဆင်ကို တောင်ပိုင်းလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါတယ်။
နောက်ပြဿနာတခုက ၀န်ကြီးချုပ် သက်ဆင်ဟာ သူ့ရာထူးကို အသုံးပြုပြီး သူ့မိသားစုပိုင် ရှင်းကော်ပိုရေးရှင်း (Shin Corp) အလွန်အကျွံ ကြီးပွားချမ်းသာအောင် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်လာခြင်းပါပဲ။ ၀န်ကြီးချုပ် သက်ဆင်ဟာ သူ အာဏာမြဲရေး၊ သူနဲ့ သူ့ဆွေမျိုးသားချင်း သူ့အုပ်စုအကျိုးစီးပွားအတွက် ဒီမိုကရေစီစနစ်ကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အပြန်အလှန် ထိန်းကျောင်းမှုစနစ် (Check and Balance System) ကို ၀န်ကြီးချုပ်က ဖျက်ဆီးခဲ့တယ် လို့လည်း ဝေဖန်လာကြပါတယ်။ သတင်းစာလွတ်လပ်ခွင့် ကိုလည်း နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်တာတွေလုပ်ခဲ့ရုံမက အင်တာနက် သတင်း အချက်အလက် စီးဆင်းမှုကိုလည်း ထိန်းချုပ်ခဲ့တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။
သက်ဆင်အစိုးရအပေါ် သတင်းမီဒီယာများနဲ့ ပညာတတ်အသိုင်းအ၀ိုင်းက ဒီလို ဝေဖန်နေခိုက်မှာပဲ ၂၀၀၆ ဇန်န၀ါရီ ၂၃ မှာ ရှီနာဝါထရာ မိသားစုပိုင် ရှင်းကော်ပိုရေးရှင်း (Shin Corp) ရဲ့ တယ်လီဖုန်းဆက်သွယ်ရေး အစုရှယ်ယာ (၄၉ ဒဿမ ၆ ရာခိုင်နှုန်း)ကို စင်္ကာပူနိုင်ငံပိုင် ထမာဆတ်ကုမ္ပဏီ (Temasek Co.) ထံ ရောင်းချတဲ့သတင်း ထွက်လာခဲ့တယ်။ အကောက်အခွန် ပေးဆောင်ခြင်းမပြုဘဲ အမေရိကန်ဒေါ်လာ
(၁ ဒဿမ ၉ ဘီလျံ )နဲ့ ရောင်းချတာဖြစ်တယ်။ ၂၀၀၆ ဖေဖော်ဝါရီ ၄ ရက်နေ့ ဘန်ကောက် တော်ဝင်ပန်းခြံ (Royal Plaza) မှာ လူထုအင်အား ငါးသောင်းကျော် ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့တယ်။ ဦးဆောင်ဟောပြောသူကတော့ သတင်းစာ လုပ်ငန်းရှင်ကြီး မစ္စတာဆွန်ဒီ (Mr. Sondhi Limthongkul) ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၂၇ ခု ပါဝင်တဲ့ ‘ပြည်သူ့ဒီမိုကရေစီ မဟာမိတ်’ (People's Alliance for Democracy) ပူးပေါင်းပါဝင်လာပြီး မစ္စတာ သက်ဆင် ၀န်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တနေ့တခြား အရှိန်မြင့်လာတဲ့ လူထုဆန္ဒပြပွဲတွေကြောင့် ဖေဖော်ဝါရီ ၂၄ မှာ ၀န်ကြီးချုပ် သက်ဆင်က ပါလီမန်လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ဧပြီလ ၂ ရက်နေ့မှာ အရေးပေါ် ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ မှာ အဓိက အတိုက်အခံပါတီ ၃ ခုက ဧပြီ ၂ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ကြေညာ လိုက်ပါတယ်။ ၀န်ကြီးချုပ် သက်ဆင်က ရွေးကောက်ပွဲမှာ လူထုဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကျော် မရရင် သူ ရာထူးကနှုတ်ထွက်ပေးမယ်လို့ ကြေညာပါတယ်။ မစ္စတာ ဆွန်ဒီနဲ့ ‘ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့’ အပြင် ၀န်ကြီးချုပ် သက်ဆင်ရဲ့ နိုင်ငံရေးဆရာ ဖြစ်ခဲ့ဖူးသူ မစ္စတာ ချမ်လုံ (Mr. Chamlong Srimuang) ကလည်း မစ္စတာ သက်ဆင် ၀န်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြရာမှာ ပါဝင်လာခဲ့ကြပါတယ်။
သက်ဆင်ဆန့်ကျင်ရေးအလံကို ကိုင်စွဲ ဆန္ဒပြကြသူတွေထဲမှာပါဝင်တဲ့ နိုင်ငံရေးတတ်သိအင်အားစုတွေဟာ ၁၉၇၃ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေဖြစ်ကြပါတယ်။ ဒီ တိုက်ပွဲဝင် ကျောင်းသားဟောင်းတွေက မစ္စတာ သက်ဆင်ဟာ သူတို့သွေးချွေးတွေနဲ့ အရင်းပြုတည်ဆောက်ခဲ့ရတဲ့ အတောင်အလက် စုံကာစ ‘ဒီမိုကရေစီ’ ကို ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ မြင်ကြတဲ့ အလျောက် မစ္စတာ သက်ဆင်ကို အပြင်းအထန် ဆန့်ကျင်ပြီး ၀န်ကြီးချုပ်ရာထူးက လုံးဝထွက်ပေးဖို့ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။
ဧပြီ ၂ ရွေးကောက်ပွဲ ရလဒ်ထွက်လာချိန်မှာ မစ္စတာ သက်ဆင်က သူ့ရဲ့ Thai Rak Thai ပါတီဟာ လူထုဆန္ဒမဲ ၅၇ ရာခိုင်နှုန်း ရရှိတယ်လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူဦးရေ ၁၉ သန်းက Thai Rak Thai ပါတီကို မဲပေးခဲ့ပြီး အခု ၁၆ သန်းပဲ ပေးတဲ့အတွက် မဲပေးသူ လျော့သွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Thai Rak Thai ပါတီကို လူထု ၁၆ သန်းက မဲပေးတာကြောင့် မစ္စတာ သက်ဆင်က သူ့ကိုယ်သူ ဒီမိုကရေစီနည်းအရ တင်မြှောက်ခံရတဲ့ လူထုခေါင်းဆောင်လို့ တွင်တွင်ပြောဆိုနေပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကို အတိုက်အခံပါတီ တွေက သပိတ်မှောက်ထားတဲ့အတွက်
Thai Rak Thai ပါတီက တပါတီတည်း ပြိုင်ရသလိုဖြစ်နေတာကြောင့် ဒီမိုကရေစီ နည်းနာနဲ့ မကိုက်ညီ ဘူးလို့ ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် မဲမပေးဘဲ ဆန့်ကျင် ကန့်ကွက်တဲ့ မဲဆန္ဒရှင် အရေအတွက်ကလည်း များပြားနေတာကြောင့် လွှတ်တော် ကိုယ်စားလှယ် ( ၅၀၀) ပြည့်အောင် ရွေးလို့မရဘဲ ဖြစ်နေပါတယ်။ အခြေခံဥပဒေအရ ကိုယ်စားလှယ် (၅၀၀) မပြည့်ရင် လွှတ်တော်ခေါ်ယူ ကျင်းပခွင့် မရှိပါဘူး။
ဧပြီလ ၄ ရက်နေ့မှာ မစ္စတာ သက်ဆင်ဟာ ထိုင်းဘုရင်မင်းမြတ်ထံ သွားရောက်ခဲ့ပါတယ်။ ဘုရင့်ဆီက အပြန်မှာ Thai Rak Thai ပါတီ မဲအနိုင်ရပေမယ့် သူ့အနေနဲ့ ၀န်ကြီးချုပ်ရာထူးကို လက်ခံမှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။ ဒီနှစ်ဟာ ထိုင်းဘုရင်မင်းမြတ် နန်းတက်တာ နှစ် ၆၀ ပြည့်တဲ့အချိန်ဖြစ်လို့ ဘုရင်ကို ရိုသေလေးစားသောအားဖြင့် အခုလိုဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။ ထိုင်းပြည်သူ အချင်းချင်း စည်းလုံးညီညွတ်ရေးဟာ အရေးအကြီးဆုံးဖြစ်တာကြောင့် သူ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။ ဒါပေမယ့် မစ္စတာ သက်ဆင်က သူဟာ Thai Rak Thai ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိနေဦးမယ်လို့ ပြောရုံမက ဆင်းရဲမွဲတေမှု လျော့ချရေးစီမံချက်၊ ဘတ် (၃၀) ဆေးကုသရေးအစီအစဉ်၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးနဲ့ လူထုသယ်ယူပို့ဆောင်ရေး စီမံချက်တွေ အောင်မြင်အောင် တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။
အတိုက်အခံတွေက မစ္စတာ သက်ဆင် နိုင်ငံရေးက အနားယူဖို့ ဆက်ပြီး ဖိအားပေးနေကြပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေး အားပြိုင်မှုဟာ ရှေ့မတိုး နောက်မဆုတ် အခြေအနေ ရောက်ရှိနေပါတယ်။ ယေဘုယျအားဖြင့် လူများစုမဲဆန္ဒနဲ့ တက်လာတဲ့ ‘အရေအတွက် ဒီမိုကရေစီ’ ဟာ တပါတီသြဇာလွှမ်းတဲ့ ပါလီမန် လွှတ်တော်ကို ဖြစ်ပေါ်လာစေမှာဖြစ်လို့ လူလတ်တန်းစား နိုင်ငံရေးတတ်သိ အင်အားစု တွေက လက်မခံနိုင်ဖြစ်နေကြပါတယ်။
Thai Rak Thai ပါတီရဲ့ ၀ါဒဖြန့်ချိချက်တွေမှာ သူတို့ဟာ “ဒီမိုကရေစီစနစ်” က ပြဌာန်းထားတဲ့ စည်းမျဉ်းမူဘောင်တွေအတွင်းက သူတို့ပြိုင်ဘက် တွေနဲ့ ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ သူတို့ရဲ့ပြိုင်ဘက် အတိုက်အခံတွေကတော့ လူများစု ထောက်ခံမှုမရတာကြောင့် ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီတဲ့ နည်းနာတွေကို ကျင့်သုံးကြတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာ၊ ရွေးကောက်ပွဲ သပိတ်မှောက်တာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ အတိုက်အခံတို့ဘက်ကတော့ ရွေးကောက်ပွဲသပိတ် မှောက်တာ၊ လမ်းပေါ်ထွက်ဆန္ဒပြတာမျိုးဟာ ဒီမိုကရေစီပိုင်ခွင့်မှာ အကြုံးဝင် တယ်လို့ ချေပပါတယ်။
ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) ကတော့ ‘အသွင်ကူးပြောင်းရေးအစိုးရ’ တရပ်ဖွဲ့ပေးပြီး ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာစေဖို့ ‘နိုင်ငံရေးပြုပြင်ပြောင်းလဲမှု’ တရပ် လုပ်ရမယ်။ ပြီးမှ ရွေးကောက်ပွဲ အသစ်တရပ် ပြန်ကျင်းပရမယ်လို့ ပြောပါတယ်။ “ကျနော်တို့က ထိုင်းနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ပြန်ပြုပြင်ချင်တယ်၊ နိုင်ငံသားတိုင်း အခြေခံရပိုင်ခွင့်တွေ ရှိရမယ်၊ လူတိုင်းပါဝင်ခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်ဖြစ်ရမယ်၊ အပြန်အလှန်ထိန်းညှိမှုလည်း ရှိရမယ်၊ အာဏာအလွဲသုံးစားလုပ်မှုတွေလည်း မရှိစေရဘူး” လို့လည်း သူကဆိုပါတယ်။
လက်ငင်း အကျပ်အတည်းကတော့ ဧပြီ ၂ ရွေးကောက်ပွဲမှာ မဲမပေးသူဦးရေ ၁၀ သန်း ရှိခဲ့ခြင်းပါပဲ။ ဒါဟာ မဲပေးခွင့်ရှိသူအားလုံးရဲ့ ၃၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ (မနှစ်က ရွေးကောက်ပွဲမှာ ၁ ရာခိုင်နှုန်းသာ မဲပေးဖို့ ပျက်ကွက်ခဲ့ပါတယ်)။ ဘန်ကောက်မှာဆိုရင် (၅၀ ဒဿမ ၁) ရာခိုင်နှုန်းက ဘယ်ပါတီကိုမှ မဲမပေးဘဲ နေခဲ့ကြတယ်။ Thai Rak Thai ပါတီရတဲ့ ( ၄၉ ဒဿ ၉) နဲ့ နှိုင်းယှဉ်ကြည့်ဖို့ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်က လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ပြည့်မှ လွှတ်တော်ခေါ်ခွင့်၊ အစိုးရဖွဲ့ခွင့်ရှိတဲ့ ကိစ္စပါပဲ။ ရွေးကောက်ပွဲသပိတ်မှောက်ထားတာကြောင့် လွှတ်တော် ကိုယ်စားလှယ် ၃၈ နေရာ လစ်လပ်ဆဲဖြစ်နေပါတယ်။ အဲဒီ ၃၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ပြန်လုပ်ရင်လည်း အတိုက်အခံ တွေက သပိတ်ဆက်မှောက်မယ်လို့ ပြောနေပါတယ်။ ချတ်ထိုင်းပါတီခေါင်းဆောင် ဘန်ဟန်း ဆီလ်ပါအာချာ (Banharn Silpa-archa) ကလည်း လက်ရှိရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့လူတွေ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံရေး အခြေအနေဟာ ပိုဆိုးလာစရာရှိတယ်လို့ သုံးသပ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီယဉ်ကျေးမှုဟာ အဆင့်သစ်တခုဆီ ရောက်နေပြီလား။ ဒါမှမဟုတ် ဒီပြဿနာဟာ ‘ဒီမိုကရေစီကို ရှေ့တလှမ်းတိုးဖို့ ကြိုးစားသူများ’ နဲ့ ‘ဒီမိုကရေစီကို ရှေ့မတိုး နိုင်အောင် ဟန့်တားသူများ’ ရဲ့ ‘နိုင်ငံရေး ပဋိပက္ခ’ ဖြစ်နေတာလား ဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။ ။ |