#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မြန်မာ့ရာမို့စ် ရှာပုံတော်
အောင်နိုင်ဦး

၁၉၈၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဖိလစ်ပိုင်နိုင်ငံ၏ အာဏာရှင်မားကို့စ်အား ဆန့်ကျင်သည့် အက်ဒ်ဆာ (Edsa) တော်လှန်ရေးသည် မြန်မာ ဒီမိုကရေစီ အင်အားစုများကို အထူးစိတ်လှုပ်ရှားတက်ကြွစေခဲ့သည်။ အာဏာရှင်အုပ်ချုပ်ရေးအား ဆန့်ကျင်အာခံသည့်  မြို့တော်မနီလာမှ လူထုလှုပ်ရှားမှုသတင်းများကို အငမ်းမရ စောင့်နားထောင်ခဲ့ကြသည်။ လူထုနှင့် ပူးပေါင်းလာသော စစ်တပ်များကို ဦးဆောင်လာသည့် တင့်ကားပေါ်က ဗိုလ်ချုပ်ကြီးရာမို့စ်၏ပုံကို အထူးနှစ်သက်သဘောကျခဲ့ကြသည်။ အက်ဒ်ဆာတော်လှန်ရေး အောင်မြင်ကာ အာဏာရှင်မားကို့စ် ဖိလစ်ပိုင်မှ ထွက်ပြေးပြီး ဒီမိုကရေစီပြန်လည် ရရှိလာသောအခါ မြန်မာဒီမိုကရက်များသည်  အမိမြေတွင်လည်း အလားတူဖြစ်ရပ်မျိုးကို မျှော်မှန်းခဲ့ကြသည်။

ဖိလစ်ပိုင် ရာမို့စ်

နောင်နှစ်နှစ်အကြာ ၁၉၈၈ ခုနှစ်တွင် မြန်မာဒီမိုကရေစီ အင်အားစုများသည်  ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချရန် ကြိုးစားခဲ့ကြသည်။ ဗိုလ်ချုပ်နေ၀င်းနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ ပြုတ်ကျသွားသော်လည်း ဖိလစ်ပိုင်မှာကဲ့သို့မဟုတ်ဘဲ မြန်မာပြည်သည် အောင်ပွဲနှင့် အလှမ်းဝေးခဲ့သည်။ ထိုသို့အောင်ပွဲမခံနိုင်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် မရေတွက်နိုင်သော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၅၄ သန်းသော ပြည်သူများမှာ ထိုဆုံးရှုံးမှုများကို ယနေ့တိုင် ပေးဆပ်နေရဆဲဖြစ်သည်။

ပြန်ကြည့်မည်ဆိုလျှင် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု မအောင်မြင်ရခြင်း၏ အဓိကအကြောင်းမှာ မြန်မာတပ်မတော်၏ ထောက်ခံမှု မရရှိသောကြောင့်ပင် ဖြစ်သည်။ ရှစ်လေးလုံးဆန္ဒပြပွဲတွင် တပ်တွင်းမှ ဗိုလ်မှူးတဦးနှင့် လေတပ်သားတရာကျော်တို့ ပြည်သူများနှင့် ပူးပေါင်းလာ ကြသည်။ သို့သော် အားတက်မှုမှာ ခဏသာ ဖြစ်သည်။ ပြည်သူများက တပ်မတော်ကို ပြည်သူ့ဘက် ပါစေချင်ကြသည်။ သို့သော် မြန်မာ့ တပ်မတော်တွင် အက်ဒ်ဆာတော်လှန်ရေးအတွင်း ဖိလစ်ပိုင်စစ်တပ်က ပြသခဲ့သော အစွမ်းအစမျိုး လုံးဝမရှိခဲ့ပါ။

ပို၍သိသာထင်ရှားသည်မှာ ရှစ်လေးလုံးတွင် ဗိုလ်ချုပ်ကြီးရာမို့စ်ကဲ့သို့သော စစ်ဗိုလ်ချုပ်မျိုး တဦး တယောက်မှ မပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်သည်။ အပြစ်မဲ့ပြည်သူများကို မြန်မာ့တပ်မတော်က အကြမ်းဖက် နှိမ်နှင်းသောအခါ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးတဦး တယောက်မျှ မပေါ်ခဲ့။ ဒီမိုကရေစီအင်အားစုများ၏ စုပေါင်းထိုးနှက်ချက်ကြောင့် စစ်ဗိုလ်ချုပ်ကြီးများ ကျောချင်းကပ်ကာ စည်းလုံးသွားခြင်းလည်းဖြစ်နိုင်သည်။ လူထုအပေါ် ပစ်ခတ်မှုများကို ဆန့်ကျင်သည့် စစ်ဗိုလ်များကို အတိုက်အခံ အင်အားစုများက မစည်းရုံးနိုင်သောကြောင့် ပြည်သူ့ဘက်မှ ရပ်တည်မည့် စစ်ခေါင်းဆောင်များ မပေါ်လာခြင်းလည်း ဖြစ်နိုင်သည်။

ဤအားနည်းချက်များကို သိရှိ၍ အတိုက်အခံတို့က တပ်မတော်သားများကို စည်းရုံးရန်ကြိုးစားလာမှုများ ရှိနေခဲ့ပြီဖြစ်သည်။ နိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမ၏မိန့်ခွန်းများတွင် စစ်ဗိုလ်စစ်သားများ၏ အခန်းကဏ္ဍကို မကြာခဏ ထည့်သွင်းပြောဆိုလာသည်။ အခြားအတိုက်အခံအင်အားစုများလည်း ရေဒီယိုအစီအစဉ်များ၊ စာအုပ်များနှင့် လက်ကမ်းစာစောင်များကို
ဖြန့်ဝေခြင်းအားဖြင့် မြန်မာ့တပ်မတော်သားများကို စည်းရုံးရန် ကြိုးစားခဲ့ကြသည်။ ယခုထက်ထိတော့ မအောင်မြင်သေးပေ။

တချိန်ထဲမှာပင် ရှာဖွေရခက်သော ဗိုလ်ချုပ်ရာမို့စ်ကဲ့သို့သော စစ်ဗိုလ်များ မြန်မာ့တပ်မတော်ထဲတွင် ပေါ်ပေါက်ရန်လည်း ကြိုးပမ်းဆဲ ရှာဖွေဆဲ
ဖြစ်သည်။ သို့သော် မြန်မာ့ရာမို့စ်ကို ရှာတွေ့ရန် မြန်မာပြည်သူများ အချိန်ကြာရှည် စောင့်ရကောင်းမှ စောင့်ရပါတော့မည်။

စစ်အစိုးရ၏ လက်လွတ်စပယ်လုပ်ရပ်များနှင့် ဆုံးရှုံးမှုများကြောင့် မြန်မာ့တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် များအတွင်း မကျေနပ်မှုများ တနေ့တခြား ကြီးထွားတိုးပွားလာနေပြီ ဖြစ်သည်။ ရန်ကုန်မြို့မှ စောင့်ကြည့် လေ့လာသူများအဆိုအရ စစ်တပ်ထဲမှ အရာရှိအတော်များများသည် ဗိုလ်ချုပ်ကြီးသန်းရွှေနှင့် အပေါင်းပါ တစုအပေါ် တော်တော် မကျေမနပ်ဖြစ်နေကြသည်ဟု သိရသည်။ အထူးသဖြင့် မြို့တော်ကို ရန်ကုန်မှ ပျဉ်းမနားသို့ ရွှေ့ပြောင်းမှုအပြီးတွင် ပိုများလာသည်ဟု ဆိုကြသည်။ တပ်မတော်အရာရှိများက ပျဉ်းမနားသို့ ရွှေ့ပြောင်းမှုကို ခပ်ကြောင်ကြောင် အယူအဆတစ်ခုအဖြစ် သဘောထားကြကာ မလိုအပ်ဘဲ အချိန်ကုန် လူပန်းသည့် အလုပ်အဖြစ်လည်းကောင်း ၊ ရှားပါးသော အရင်းအမြစ်များကို အလဟဿဖြုန်းတီးနေသည့် အလုပ်အဖြစ်လည်းကောင်း မြင်ကြသည်။

စစ်ခေါင်းဆောင်များသည် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လွန်ခဲ့သောတနှစ်ခန့်က ရာထူးမှဖယ်ရှားခဲ့ကြသည်။ ဖယ်ရှားရသည့် အကြောင်းရင်းမှာ အလွန်အကျွံခြစားမှုများကြောင့်ဟု ဆိုကြသည်။ သို့သော် ဗိုလ်ခင်ညွန့်ကို ဖယ်ရှားလိုက်သူများသည် ဗိုလ်ခင်ညွန့်ထက်ပင် ပို၍ အဂတိလိုက်စား မှုကို ကျူးလွန်နေကြကြောင်း စစ်တပ်အရာရှိများအနေဖြင့် ကောင်းမွန်စွာသဘောပေါက်သွားကြပြီဖြစ်သည်။

ယင်းအရာရှိများအနေဖြင့် စစ်ခေါင်းဆောင်များ၏ စိတ်ထင်ရာလုပ်နေသည့် ပေါ်လစီများကို ကြည့်ပြီး ၎င်းတို့ချစ်မြတ်နိုးသည့် တပ်မတော်အပေါ် အရှက်ရအောင်ပြုလုပ်နေမှုများအပေါ် အထူးပင် ဒေါကန်နေကြသည်။ စစ်ခေါင်းဆောင်များ၏ တရားလွန်ခြစားမှုများနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းချက် များကြောင့် တိုင်းသူပြည်သားများ ခါးစည်းခံနေကြရသည်ကိုလည်း ၎င်းတို့ နေ့စဉ်တွေ့မြင်နေကြရသည်။ ထို့ကြောင့် တပ်မတော်ထဲတွင် ဗိုလ်ချုပ်ကြီးရာမို့စ်ကဲ့သို့ စစ်ခေါင်းဆောင်များ တဦးထက်မက ရှိကောင်းရှိနေမည် ဖြစ်သည်။

ယင်းရာမို့စ်များအတွက် မီးစတစသာ လိုလိမ့်မည်။ ထိုမီးစကို ပေါက်ကွဲရန်အတွက် စစ်အစိုးရ ပျဉ်းမနားပြောင်းရွှေ့မှု၊ အခြားသောဆုံးရှုံးမှုများနှင့် မလုံလောက်လျှင် ဖိလစ်ပိုင်သမ္မတမားကို့စ် ရွေးကောက်ပွဲ မဲလိမ်၍ ဗိုလ်ချုပ်ကြီးရာမို့စ် ပြည်သူ့ဘက်ပါလာသည့် ပုံစံမျိုးတခုတော့ လိုကောင်း လိုလိမ့်မည်။

ဗိုလ်ချုပ်ကြီးရာမို့စ်သည် အာဏာရှင်သမ္မတ ဖာဒီနန်မားကို့စ်ရဲ့လက်အောက်မှာ အမှုထမ်းခဲ့သည်။ မူစလင်သူပုန်များနှင့် လက်ဝဲသူပုန်များကို ပြောင်ပြောင်မြောက်မြောက် နှိမ်နင်းခဲ့သည်။ မားကို့စ်၏ ညာလက်ရုံးဖြစ်ခဲ့ရသည်။ ထို့ကြောင့် အက်ဒ်ဆာတော်လှန်ရေးဖြစ်သောအခါ ရာမို့စ်အား ပြုပြင်ပြောင်းလဲရေးကို လိုလားသောစစ်ဗိုလ်တဦးဖြစ်လိမ့်မည်ဟု မယုံကြည်ခဲ့ကြပေ။

သို့သော် တိုင်းပြည်အတွက်အရေးကြီးသောအချိန်သို့ ရောက်လာသည်။ ရာမို့စ်သည် ကိုရာဇန်အကွီနို နှင့် လက်တွဲခဲ့သည်။ အရေးပေါ်အချိန်တွင် တိုင်းပြည်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်တင်ခဲ့သည်။ ရာမို့စ်တစ်ယောက် ဒီမိုကရေစီချန်ပီယံအဖြစ် ပြောင်းလဲလာသောအခါ ပြည်သူ တို့က အဖိနှိပ်ခံတို့၏ သူရဲကောင်းအဖြစ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

မြန်မာလူမျိုးများသည် ခွင့်လွှတ်တတ်သူများ ဖြစ်ကြသည်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း သတ်ဖြတ်မှုများ နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲခံနေ ရသော ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းကဲ့သို့သော စစ်ဗိုလ်များပင် ပြည်သူ့ဘက်သို့ ပူးပေါင်းလာပါက ၎င်း၏အရုပ်ဆိုးလှသောအတိတ်ကို မေ့ပစ်ပြီး ပြည်သူတို့၏ သူရဲကောင်းအဖြစ် လက်ခံကြမည်ဖြစ်သည်။

မြန်မာ့တပ်မတော်ထဲမှ “ဗိုလ်ချုပ်ကြီးရာမို့စ်များ” သည် စစ်အစိုးရ၏ အလွန်အကျူးလုပ်ရပ်များကို ရပ်တန်းက ရပ်ပစ်ကြရမည်။ ၎င်းတို့အနေဖြင့် မြန်မာပြည်ကို “အာရှတိုက်၏ နာတာရှည်လူနာ” အဖြစ်မှ ပြောင်းပစ်ကြရမည်။ အမှန်တကယ်တွင် ယင်းအမည်သည် ကမ္ဘာက ဖိလစ်ပိုင်အား အာဏာရှင်မားကို့စ် လက်ထက်၌ ပေးခဲ့သည့် အမည်ဖြစ်သည်။ မြန်မာ့ရာမို့စ်များအနေဖြင့် ယင်းအမည်ကို ဖျောက်၍ အများက စံနမူနာ ယူထိုက်သော စစ်တပ်၊ စစ်ခေါင်းဆောင်များဖြစ်အောင် ပြောင်းပစ်ကြရမည်။

“မြန်မာ့ရာမို့စ်” ဖြစ်ထိုက်သော စစ်ဗိုလ်များသည် တပ်မတော်မပါဘဲ တိုင်းပြည်အပြောင်းအလဲ မဖြစ်နိုင်သည်ကိုလည်း ကောင်းစွာသဘောပေါက်
ကြသည်။ သို့သော် ၎င်းစစ်ဗိုလ်များ ရာမို့စ်ကဲ့သို့ ဖြစ်လာနိုင်ရန်အတွက်မှာ ဒီမိုကရေစီအင်အားစုများဘက်မှလည်း ၎င်းတို့စွန့်စားရဲလာအောင် ရဲရဲတင်းတင်း တီတီထွင်ထွင်နှင့် စည်းရုံး ဆောင်ရွက်ရမည်ဖြစ်သည်။ ။

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.