#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဒီမိုကရေစီလှိုင်း၊ အရောင်တော်လှန်ရေးနှင့် မြန်မာ့ကြမ္မာ
အောင်သူငြိမ်း

လွန်ခဲ့သောမကြာသေးမီက မြန်မာစစ်အစိုးရသည် အစိုးရမဟုတ်သောအဖွဲ့ (အဲန်ဂျီအို)များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ကို ပို၍ တင်းကျပ်ချုပ်ကိုင်လာခဲ့သည်။ ဤမျှသာမကသေး။ ပြည်တွင်း၌ စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြသော သာရေးနာရေးအသင်းများကိုပါ ပို၍ ကန့်သတ်ထိန်းချုပ်မှုများ လုပ်လာခဲ့သည်။ ဤရလဒ်များကြောင့် မြန်မာနိုင်ငံအတွင်း ငှက်ဖျား၊ တီဘီနှင့် ခုခံအားကျဆင်းရောဂါ (အေအိုင်ဒီအက်စ်) တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ကူညီပေးနေသော ဂလိုဘယ်ဖန်းဒ်(Global Fund)အဖွဲ့ ထွက်ခွာသွားခဲ့သည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (ပြင်သစ်) ထွက်ခွာခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ၏ ထောင်များအတွင်း အခြေအနေစစ်ဆေးသော လုပ်ငန်းများလည်း ရပ်တန့်နေရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ၏ ရန်ကုန်ရုံးသည်လည်း ခြိမ်းခြောက်မှုများ ခံနေရသည်။ အင်တာနက်ကဖီးများကိုလည်း လိုင်စင်စည်းကြပ်မှု ပို၍တင်းကျပ်လာခဲ့သည်။ ထိုထက်ပို၍ ဆိုးသည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကိုယ်ထိလက်ရောက် နှိပ်ကွပ်လာခြင်းဖြစ်သည်။ မကြာသေးမီက လုံခြုံရေးအရာရှိ များသည် ကိုသက်နိုင်ဦးကို မပြောပလောက်သော အကြောင်းပြချက်ဖြင့် လူမဆန်စွာ အသေရိုက်သတ်ခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို လူမိုက်အချို့က ထိုးကြိတ် ရန်စခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ရက်သက်တမ်း ထပ်မံတိုးခဲ့ပြန်သည်။ နောက်ဆုံး ရှမ်းမျိုးဆက်သစ်အဖွဲ့မှ နိုင်ငံရေးအကျဉ်းသား ကိုမြင့်သန်း အကျဉ်းထောင်အတွင်း အသက် ဆုံးရှုံးစေခဲ့ပြန်သည်။ ဤအခြေအနေအားလုံးကို ခြုံ၍ကြည့်ပါက ဒီမိုကရေစီအခွင့်အရေး များနှင့် ဝေးရာကိုဦးတည်နေသည့်နှယ် ဖြစ်နေသည်။ အခွင့်အရေးများ ပို၍ပိတ်ပင်ခံလာရသည်။ သို့သော် ဤသို့သော အခြေအနေမျိုးသည် မြန်မာနိုင်ငံတခုတည်း ကွက်၍ ဖြစ်နေသည်ဟုထင်လျှင် မှားပေလိမ့်မည်။

ရုရှားနိုင်ငံတွင်လည်း လွန်ခဲ့သော ဇန်န၀ါရီလက သမ္မတပူတင်သည် အငြင်းပွားဖွယ်ဖြစ်သော ဥပဒေတခုကို လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။ ဤဥပဒေအရ အစိုးရမဟုတ်သော အဲန်ဂျီအိုအဖွဲ့များ၊ ဒေသဆိုင်ရာအဖွဲ့များသည် လှုပ်ရှားမှုများ၊
ရန်ပုံငွေရရှိမှုများကို အစိုးရအား ကြိုတင် တင်ပြရန် လိုအပ်သည်။ ထို့အပြင် လွန်ခဲ့သော နှစ်များအတွင်း လွတ်လပ်သော သတင်းမီဒီယာများကို ထိန်းချုပ်မှုများ ချမှတ်ခဲ့သေးသည်။ ရုရှားတနိုင်ငံတည်းသာမဟုတ်၊၊ အခြားသောနိုင်ငံများတွင်လည်း အလားတူအခြေအနေများ ဖြစ်ပေါ်နေခဲ့သည်။ စစ်အေးတိုက်ပွဲ ပြီးစကာလမှနေ၍ တရိပ်ရိပ်တိုးတက်ခဲ့သော၊ ချဲ့ထွင်စည်ပင် လာခဲ့သော ဒီမိုကရေစီအခွင့်အရေးများ နောက်ပြန်ဆုတ်ရသည့်နှယ် ဖြစ်လာနေသည်။ အချို့နေရာများတွင် ဤသို့ အတိုက်အခံလှုပ်ရှားမှုများကို ပြန်၍နှိမ်နှင်းနေသည်မှာ လူထုများက ရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီ အစိုးရများ ကိုယ်တိုင်ဖြစ်နေသည်။ ဤသို့ဖြစ်လာခြင်းများသည်  အမေရိကန်သမ္မတဘုရှ်က ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်မည်ဟု အဓိကထား ပြောလာခဲ့သောအချိန်နှင့် တိုက်ဆိုင်နေခဲ့သည်မှာ ပို၍ အံ့ဖွယ်ဖြစ်သည်။

ဒီမိုကရေစီ ဒီရေလှိုင်း (၃) ခု

ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန်က “တတိယလှိုင်း”ဟူသော စာအုပ်တွင် ဒီမိုကရေစီထွန်းကားမှုကို လှိုင်းများနှယ် တင်စား၍ လှိုင်း (၃) ခုဖြင့်ု ခွဲခြားဖော်ပြခဲ့သည်။ ပထမလှိုင်းမှာ (၁၈၂၈ - ၁၉၂၆) ကာလဖြစ်ပြီး ပြင်သစ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သောကာလ ဖြစ်သည်။ နိုင်ငံပေါင်း (၃၃) ခုကျော်သည် ဒီမိုကရေစီနိုင်ငံများအဖြစ် ကူးပြောင်းဖွံ့ဖြိုးခဲ့သည်ဟု လေ့လာဖော်ပြခဲ့သည်။ ဒုတိယလှိုင်းမှာ (၁၉၄၃ - ၁၉၆၂) ဟု သတ်မှတ်ပြီး ဒုတိယကမ္ဘာစစ် ပြီးခါစ နိုင်ငံအများအပြား လွတ်လပ်လာကြသောကာလ ဖြစ်သည်။ ဤလှိုင်းတွင် နိုင်ငံပေါင်း (၅၂) ခု ဒီမိုကရေစီနိုင်ငံများ အဖြစ် လွတ်လပ်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ တတိယလှိုင်းမှာ (၁၉၇၄) တွင် ပေါ်တူဂီမှ စတင်လာခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုများဖြစ်ပြီး အာရှ၊ ဥရောပ၊ အာဖရိကတလွှား နိုင်ငံပေါင်း (၆၅) ခု ဒီမိုကရေစီနိုင်ငံများ ဖြစ်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ စစ်အေးတိုက်ပွဲပြီး ကာလလည်းဖြစ်၍ ငြိမ်းချမ်းစွာဖြစ်ပေါ်ရေး အယူအဆနှင့်အညီ နိုင်ငံအများအပြားက လွတ်လပ်သော လူမှုအသိုင်းအ၀ိုင်းကို အလွယ်တကူ ကူးပြောင်းလာနိုင်ခဲ့ကြသည်။ ဤလှိုင်း (၃) ခုကြားကာလတွင်ပင် ဒီမိုကရေစီရေစီးလှိုင်း ပြောင်းပြန်ဖြစ်ရသောကာလများ ရှိခဲ့ပုံကိုလည်း ဟန်တင်တန်ကတော့ ဖော်ပြထားပါသေးသည်။ ရွေးကောက်ပွဲများ၊ လူ့အခွင့်အရေး၊ အမျိုးသမီးများအခွင့်အရေး စသည်တို့ဆိုသည်မှာ ကမ္ဘာနှင့်အ၀ှမ်း လက်ခံထားသော ယဉ်ကျေးမှုသဖွယ် ဖြစ်လာရသည်။ နောက်ဆုံး ယုံသည် မယုံသည်အပထား။ နအဖစစ်အစိုးရသည်ပင် ဒီမိုကရေစီစနစ်သို့ ချီတက်နေပါသည်ဟု ပြောလာရသည်။ သို့သော် (၂၀၀၅) ခုနှစ် ရောက်လာသောအခါ တတိယလှိုင်း အားပျော့လာပြီး ဒီရေကျလာပြီလောဟု သုံးသပ်မေးခွန်းထုတ်မှုများ အများအပြား ရှိလာခဲ့သည်။

သမ္မတဘုရှ်က သူ၏နိုင်ငံတော်အခြေအနေမိန့်ခွန်းတွင် ဒီမိုကရေစီထွန်းကားရေးကိစ္စနှင့် နိုင်ငံအများ လွတ်လပ်ခွင့်ကိစ္စကို အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒအဖြစ် ဖော်ပြပြောခဲ့သည်။ အဖိနှိပ်ခံနေရသော ပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်သွားမည်ဟု သူ၏ လွတ်မြောက်ရေးအစီအစဉ် (Freedom Agenda)ကို ကြေညာခဲ့ သည်။ သို့သော် ဤသို့ကြေညာခါမှ နိုင်ငံအများက ပို၍ စိတ်မသက်မသာ ဖြစ်လာကြသည်။ အချို့သော အာဏာရှင် နိုင်ငံများက ဒီမိုကရေစီဟူသည်မှာ အနောက်တိုင်း အယူအဆ သွတ်သွင်းမှုသဖွယ် ပြောဆိုလာကြသည်။ အမေရိကန် နိုင်ငံ၏ ကျူးကျော်စွက်ဖက်ရေးဝါဒအတွက် မျက်နှာဖုံးဟု မြင်လာကြသည်။ ကမ္ဘာကြီး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စများအတွက် ချန်ပီယံ၊ မီးရှူးတန်ဆောင်သဖွယ် မြှင့်တင်ကြွေးကြော်နေခါမှ အိမ်တွင်းနှင့် နိုင်ငံတကာတွင်ဖြစ်နေသော သူကိုယ်တိုင်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်နိုင်ငံကို အယုံကြည် နည်းနေသည်။ သမ္မတဘုရှ်၏ “လွတ်မြောက်ရေး အာဂျင်ဒါ”ကို နိုင်ငံအများက “အစိုးရများ ဖြုတ်ချ ပြောင်းလဲရေး” (Regime Change) အတွက် မျက်နှာဖုံးတင်လာသည်ဟု အဓိပ္ပါယ်ဖွင့်ကြသည်။

အရောင်တော်လှန်ရေးများ

“အရောင်တော်လှန်ရေးများ”ဟုခေါ်သော အစိုးရဆန့်ကျင်ရေး လူထုအုံကြွလှုပ်ရှားမှုများကို နိုင်ငံအတော်များများတွင် တွေ့လာရသည်။ အရောင်တော်လှန်ရေးများဆိုသည်က သူတို့နိုင်ငံများ၏ လူထုလှုပ်ရှားမှုများတွင် အရောင်တူညီ သင်္ကေတပြုဝတ်ဆင်ကြရာမှ ခေါ်ဆိုလာကြခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်က ဂျော်ဂျီယာနိုင်ငံတွင် နှင်းဆီရောင်တော်လှန်ရေး ဖြစ်ကာ လူထုအုံကြွ၍ သမ္မတ ရှီဗာနာဇေ ဖြုတ်ချခံရသည်။ အတိုက်အခံခေါင်းဆောင် ရှာခါ့ရှ်ဗီလီက သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ လိမ္မော်ရောင်တော်လှန်ရေး အုံကြွပေါက်ကွဲပြန်သည်။ ယူကရိန်းအတိုက်အခံခေါင်းဆောင် ယူရှင်ကိုက သမ္မတဖြစ်လာခဲ့သည်။ ယခုနှစ် မတ်လတွင်လည်း ကိရဂီစတန်နိုင်ငံ (Kyrgyzstan) တွင် သမ္မတ အာခါယက်ဖ် ကို ပြည်ပထွက်ပြေးစေရလောက်အောင်ဖြစ်ခဲ့သော သံပုရာရောင်တော်လှန်ရေး ဖြစ်ခဲ့သေးသည်။ ဥဇဘက်ကစ္စတန်တွင် လူထုအုံကြွမှုများကို အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သော်လည်း ယခင်ဆိုဗီယက်နိုင်ငံဟောင်း နိုင်ငံ များတွင် အရောင်တော်လှန်ရေးက မုန်တိုင်းသဖွယ် မွှေနေဆဲဖြစ်သည်။ ဤအရောင်တော်လှန်ရေးများကို အမေရိကန် ပြည်ထောင်စုက ထောက်ပံ့ကူညီခဲ့သလို ကက်စပီယံပင်လယ်ရှိ ရေနံတင်နေသော သင်္ဘောများကို ကာကွယ်ပေးနိုင်ရန် အတွက် အမေရိကန်တပ်များကိုပင် ပြောင်ပြောင်တင်းတင်း ချထားခဲ့သေးသည်။

ဤသို့ အရောင်တော်လှန်ရေးများ ဖြစ်ပေါ်လာရသည်မှာလည်း အကြောင်းရင်းက ခိုင်လုံသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး နောက်ပိုင်းတွင် ထိုနိုင်ငံများ၌ ပါတီစုံရွေးကောက်ပွဲများရှိလာသော်လည်း ဒီမိုကရေစီ အမြစ်မတွယ်သေး။ ဒီမိုကရေစီ အဖွဲ့အစည်းများက မခိုင်မာသေး။ ဈေးကွက်စီးပွားရေးစနစ် ပြောင်းလာပြီ ဆိုသော်လည်း လူတစုက ချယ်လှယ်လက်ဝါးကြီး အုပ်ထားသောစနစ် ဖြစ်နေသည်။ အစိုးရများကလည်း သံလက်သီးစနစ်ဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေကြဆဲ ဖြစ်သည်။ ဤအခြေအနေများတွင် သူတို့၏ အစိုးရများကို မကျေနပ်ပုန်ကန်ထကြွကြသည်။ အစိုးရများ ပြုတ်ကျကုန်ကြရ သည်။ ဤလူထုအုံကြွမှုများတွင် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီမှုများ ရှိခဲ့သည်ကလည်း အမှန်။ သို့သော် ဤသို့ဖြစ်လာနေသော အခင်းအကျင်းတွင် ယခင်စစ်အေးအနာဟောင်းက ပြန်ထလာခဲ့သည်။ ရုရှားကို ၀ိုင်းပတ်ပိတ်ဆို့ရေး အတွက် အမေရိကန်လိုလားသောအစိုးရများကို တင်မြှောက်ရေးအတွက် ဒီမိုကရေစီကိုအကြောင်းပြ၍ လှုပ်ရှားမှုများ ဆင်လာသည်ဟု ယူဆလာကြသည်။

မကြာသေးမီ မေလက တရုတ်နိုင်ငံသမ္မတ ဟူဂျင်တောင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသို့ အစီရင်ခံစာတစောင် တင်သွင်းလာခဲ့သည်။ ထိုအစီရင်ခံစာအမည်ကို “သေနတ်ယမ်းခိုးမပါဘဲ ပြည်သူ့စစ်ပွဲဆင်နွှဲခြင်း၊ တရုတ်နိုင်ငံနှင့် ထိစပ် အိမ်နီးချင်းနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့က အရောင်တော်လှန်ရေးများ ဆင်နွှဲလာမည့်အရေးကို တားဆီးရေးနှင့် တရုတ်နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုက အရောင်တော်လှန်ရေး ဆင်နွှဲလာမည့်အရေးကို ချေမှုန်းကြ” (Fighting the People’s War Without Gunsmoke-Stop the U.S and Europe From Starting a Color Revolution in Countries Surrounding China and Crush U.S Attempts to Start a Color Revolution in China.) ဟု အမည်ပေး ထားသည်။ ဤအစီရင်ခံစာနောက်ပိုင်းတွင် သတင်းမီဒီယာများကိုထိန်းချုပ်ရန်၊ အတိုက်အခံများနှင့် လူ့အခွင့်အရေးလှုပ်ရှား သူများကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်ရန်၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အဲန်ဂျီအို) များကို တင်းကျပ်ရန် စသည့် အတွင်းစည်းအမိန့်များလည်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဤအစီရင်ခံစာကို အခြားသောနိုင်ငံများ၏ အစိုးရများထံသို့လည်း ဖြန့်ဝေခဲ့သေးသည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ထိစပ်အိမ်နီးချင်းနိုင်ငံဆိုတော့ မြန်မာနိုင်ငံပါ ပါဝင်နေသည်။
မြန်မာစစ်အစိုးရထံသို့လည်း ဖြန့်ဝေခဲ့သည်ဟု ယုံကြည်ရသည်။

အာဏာရှင်များက ပြန်ချပြီ

အာဏာရှင်အစိုးရအများက အရောင်တော်လှန်ရေးများကို ပြောင်ပြောင်တင်းတင်း ဖွင့်ချတိုက်ခိုက်လာသည်။ အမေရိကန် သွေးထိုးချက်ဟု စွပ်စွဲလာကြသည်။ ဥဇဘက်သမ္မတ အစ္စလမ် ကာရီမော့ဖ်က နိုင်ငံအတွင်း ဆောင်ရွက်နေသော အနောက် နိုင်ငံများ၏ ဒီမိုကရေစီ စီမံချက်အားလုံးကို ပိတ်ပစ်လိုက်သည်။ ထို့အပြင် နိုင်ငံအတွင်း ဒီမိုကရေစီအရေး ဆောင်ရွက်နေ သော ပြည်တွင်း အဲန်ဂျီအိုများကို တင်းကြပ်ခဲ့သည်။ ဥဇဘက်ကစ္စတန်တွင်ရှိနေသော အဲန်ဂျီအို ၆၀ ရာခိုင်နှုန်းခန့် ပိတ်ပင် ခံရသည့်အထဲ ပါသွားသည်။ ဘယ်လာရုစ်နိုင်ငံတွင်လည်း သမ္မတ အလက်ဇန်ဒါ လူကာရှင်ကိုက နိုင်ငံရေးဆိုင်ရာ ပြည်ပ ကူညီမှုများကို ပိတ်ပင်ခဲ့ပြီး နိုင်ငံရေးအတိုက်အခံများနှင့် လွတ်လပ်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုလည်း နှိပ်ကွပ် လာခဲ့သည်။ ၂၀၀၃ ခုနှစ်မှစ၍ ပြည်တွင်းတွင် နိုင်ငံရပ်ခြားမှပေးသော နိုင်ငံရေးအစီအစဉ်များ၊ ပညာပေးရေးလုပ်ငန်းများ အားလုံးကို ပိတ်ပင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဧပြီလတွင်တော့ ပြည်တွင်းအဖွဲ့အစည်း များနှင့် နိုင်ငံတကာသံရုံးများ ဆက်ဆံ လိုပါက အစိုးရကို ကြိုတင်အကြောင်းကြား အသိပေးရမည်ဟု အမိန့်ထုတ်ပြန်လာခဲ့သည်။ တာဂျစ်ကစ္စတန်တွင် အစိုးရ ထိန်းချုပ်သော သတင်းစာဆောင်းပါးများက ယူကရိန်းနှင့် ခရိုင်ဇက်လူထုလှုပ်ရှားမှုများကို အမေရိကန်သွေးထိုးမှုအဖြစ် စွပ်စွဲခဲ့ပြီး ဘယ်လာရုစ်သမ္မတက ကြံ့ကြံ့ခံနှိပ်ကွပ်မှုများကို ချီးကျူးဖော်ပြခဲ့သည်။ အနီးရှိ ကာဇက်စတန်နိုင်ငံတွင်မူ သမ္မတ နာဆူလတန် နာဇာဘာယက်ဖ်က အလားတူ နိုင်ငံရပ်ခြားအဖွဲ့များနှင့် ကာဇက်နိုင်ငံရေးအဖွဲ့အစည်းများ ဆက်စပ်ထိတွေ့မှုကို ဥပဒေများ တင်းတင်းကျပ်ကျပ် ထုတ်ပြန်တားဆီးခဲ့သည်။

အလားတူ နောက်ပြန်ဆုတ်ရမှုများသည် အာဖရိကတိုက်တွင်လည်း ဖြစ်လာခဲ့သည်။ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက အနောက်နိုင်ငံ အဲန်ဂျီအိုအများအပြားကို နှင်ထုတ်ခဲ့ပြီး ပြည်တွင်းရှိ အဖွဲ့အစည်းများကိုလည်း နိုင်ငံရပ်ခြားမှ အထောက်အပံ့ မရယူနိုင်အောင် တားမြစ်ခဲ့သည်။ ပြည်တွင်းရှိ အဲန်ဂျီအိုများကို အနောက်တိုင်း ကိုလိုနီသခင်ကြီးများ၏ လက်ကိုင်တုတ် အဖြစ် အစိုးရကို မတည်မငြိမ်ဖြစ်အောင် ပြုနေသည်ဟု စွပ်စွဲခဲ့သည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ဇင်ဘာဘွေပါလီမန်က ပြည်တွင်းအဲန်ဂျီအိုများ၊ ပြည်ပနိုင်ငံများထံမှ အကူအညီ မရယူစေရန် ဥပဒေပြဌာန်း ပိတ်ပင်ခဲ့သည်။ အီသီယိုပီးယားနိုင်ငံ ကလည်း အိုင်ဘာအိုင်၊ အဲန်ဒီအိုင်၊ အိုင်အက်ဖ်အီးအက်စ် စသော အမေရိကန် ရွေးကောက်ပွဲမတိုင်မီ မောင်းထုတ်ခဲ့သည်။ ၀န်ကြီးချုပ်ဖြစ်သူ မီးလီးစ် ဇီန၀ီက “နှင်းဆီတော်လှန်ရေးတို့ အစိမ်းရောင်တော်လှန်ရေးတို့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး၊ အီသီယိုပီးယား ရွေးကောက်ပွဲကာလမှာ ဘာအရောင်တော်လှန်ရေးမှ မဖြစ်စေရဘူး”ဟုပင် မိန့်ခွန်းတွင် ထည့်ပြောခဲ့သေး သည်။ အီရီထရီးယားတွင်လည်း လူမှုအရေးပေါ် ကူညီထောက်ပံ့ရေးကိစ္စများကလွဲ၍ ပြည်တွင်းအဲန်ဂျီအိုများက ပြည်ပ အကူအညီရယူခွင့် မရှိဟု ပြဌာန်းပိတ်ပင်ခဲ့သေးပြန်သည်။

လက်တင်အမေရိကတွင်လည်း အလားတူ၊ ဗင်နီဇွဲလားသမ္မတ ဟူဂိုချေးဗက်စ်က အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီ မြှင့်တင်ရေးလုပ်ငန်းများကို ရှုံ့ချပြောဆိုခဲ့ပြီး သူ၏ ရေနံရောင်းရငွေများကို ဘိုလစ်ဗီးယား၊ အီကွေဒေါ၊ ပီရူးနိုင်ငံများရှိ အမေရိကန်ဆန့်ကျင်ရေး နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသို့ ထောက်ပံ့ပေးခဲ့သည်။ ဘိုလစ်ဗီးယားတွင် လက်ဝဲ ယိမ်းသော ပါတီအနိုင်ရသည်ကိုအစွဲပြု၍ ဘိုလစ်ဗီယားတော်လှန်ရေး ကျယ်ပြန့်လာစေရန် ချဲ့ထွင်ရေးဟု ကြွေးကြော်လာ ခဲ့သည်။

အမေရိကန်နိုင်ငံက ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံပေါင်း ၅၀ ကျော်သို့ ဒီမိုကရေစီ စီမံချက်များအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ကို ထောက်ပံ့နေသော်လည်း ဤအစီအစဉ်များကို အများက သံသယရှိလာနေကြသည်။ ဒီမိုကရေစီမြှင့်တင် ရေးဆိုသည်ကို အမေရိကန်အကျိုးစီးပွားအတွက် ၀င်ရောက်စွက်ဖက်ရေးဟု တလွဲမြင်လာကြသည်။ အဆိုးဆုံးမှာ အမေရိကန် ဦးဆောင်ကျူးကျော်ခဲ့သော အီရတ်စစ်ပွဲနှင့်ယှဉ်၍ စစ်ရေးအရ၀င်ရောက်စွက်ဖက်ရေးနှင့် တွဲ၍မြင်လာခြင်းပင်။ အီရတ်စစ်ပွဲတွင် မပြီးနိုင် မစီးနိုင် ခြေကျွံနစ်နေရသည်နှင့်အမျှ “လွတ်မြောက်ရေးအာဂျင်ဒါ”ကို လူအများ သံသယရှိလာ သည်။ စစ်ပွဲအတွင်း ပေါ်ထွက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းများ၊ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပမ်း မှုများ၊ ဂွါတာနာမို အကျဉ်းစခန်း၏ တရားဝင်မှု မ၀င်မှု ပြဿနာများကြောင့် အမေရိကန် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မီးရှူးတန်ဆောင်ဟူသော ဂုဏ်သိက္ခာ ထိခိုက်လာခဲ့ရသည်။ ပြောတမျိုး လုပ်တမျိုးဟု စွပ်စွဲလာကြသည်။

မြန်မာနိုင်ငံအရေး

မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုက ဒီမိုကရေစီ ဒီရေတတိယလှိုင်းအစပိုင်းတွင် အစောဆုံးဖြစ်ပေါ်ခဲ့သည်။ အရှေ့ဥရောပ နိုင်ငံများထက် စောစီးစွာ ဖြစ်ခဲ့သည်။ သို့သော် နိဂုံးမချုပ်သေး။ အောင်ပွဲ မခံနိုင်သေး။ အခုတော့ ဒီရေအီနေသော ကာလ ထဲသို့ပင် ရောက်လာခဲ့ရပြီ။  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က မြန်မာနိုင်ငံကို အာဏာရှင်စနစ်၏ ရှေ့တန်းကတုတ်စခန်းတစ်ခု (Outpost of tyranny) ဟုပင် ပြောဆိုခဲ့သေးသည်။ သို့သော် ဒီမိုကရေစီထွန်းကားရေး လက်တွေ့အကူအညီများက ဟုတ်ဟုတ်ညားညား  မဖြစ်မြောက်လာသေး။ လေသာ များနေသေးသည်။ ပထ၀ီနိုင်ငံရေးက မြန်မာနိုင်ငံအတွက် အဓိကကျသည်။ အာဆီယံနိုင်ငံများတွင် ခေါင်းဆောင်မှုမရှိ၊ မတက်မကြွ။ တရုတ်နိုင်ငံက အိမ်နီးချင်း နိုင်ငံများတွင်ပါ အရောင် တော်လှန်ရေး အဖြစ်မခံနိုင်ဟု ဆိုလာနေသည်။ အိန္ဒိယကလည်း စစ်အစိုးရနှင့် ပြေလည်ရေး ကိုသာ ကြည့်နေသည်။ ဒီမိုကရေစီအရေးထက် ရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာကို ပို၍ အလေးထားနေကြသည်။ ထို့အပြင် ဤနိုင်ငံများသည် ဒေသအတွင်းသို့ အမေရိကန် ၀င်မလာနိုင်အောင် တတ်နိုင်သမျှ ကာကွယ်ဟန့်တားချင်နေကြသည်။ မခက်ပါလား …။

မြန်မာပြည်သူများ လွတ်လပ်ခွင့်ရသင့်သည်မှာ ကြာပြီ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တာဝန်သိသော အစိုးရတရပ် စသဖြင့် အခွင့်အရေးများ ရရှိခံစားသင့်သည်မှာ ကြာလှပြီဖြစ်သည်။ လူသားဂုဏ်သိက္ခာနှင့်အညီ နေရသင့်ပြီ။ ဖိနှိပ်မှုများ၊ နာကျင်ရ မှုများ၊ မိဘတကွဲ သားတကွဲဘ၀များ နိဂုံးချုပ်သင့်ပြီ။ ဤဆန္ဒများကို အရောင်တော်လှန်ရေးဟုလည်းကောင်း၊ အမေရိကန် သွေးထိုးမှုဟုလည်းကောင်း စွပ်စွဲလာခဲ့လျှင် ခက်ရချေဦးတော့မည်။     ။ [Top]

အကိုးအကား …

  1. Reuters, Prevented from working, the French section of MSF leaves Myanmar, March 30, 2006.
  2. Thomas Carothers, The Backlash against Democracy Promotion.
  3. Samuel P. Huntington, The Third Wave: Democratization in the Late Twentieth Century, 1993, University of Okalahoma Press.
  4. Xinhua, Political advisory system can help China avoid “color revolution”: advisor, China People’s Daily, March 10, 2006.
  5. Cheng Yuyang, The Chinese Communist Party Pulls Out all the Stops to Block a “Color Revolution” in China, Open Magazine, Hong Kong, July 14, 2005.
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.