#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

အောင်မြင်မှုရသည့် စင်္ကာပူက  မြန်မာရေးရာနှီးနှောပွဲ
အောင်ဇော်

စင်္ကာပူအမျိုးသားတက္ကသိုလ်က ကြီးမှူးကျင်းပပေးသည့် နိုင်ငံတကာ မြန်မာ့ရေးရာနှီးနှောဖလှယ်ပွဲသည် စီစဉ်သူများ၏ မျှော်လင့်ချက်အတိုင်း အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

ယင်းပွဲသို့ မြန်မာပညာရှင်များနှင့် နိုင်ငံခြားသားပညာရှင်များ ၂၀၀ခန့် တက်ရောက်ခဲ့သည်။ထုံးစံအတိုင်းဆိုလျှင် စစ်အစိုးရသည် ဤကဲ့သို့သော နိုင်ငံတကာပွဲများသို့ တက်ရောက်မည့်သူများအား နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် “အင်တင်တင်” လုပ်တတ်ပါသည်။ ဤပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံရသည့် “ ပြည်သူ့လူရွှင်တော်ကြီး ဇာဂနာ” ကို နိုင်ငံကူးလက်မှတ် ထုတ်မပေးခဲ့ပါ။ မည်သို့ဖြစ်စေ ဤပွဲကိုကား မြန်မာနိုင်ငံအတွင်းမှ ပညာရှင်များ အနုပညာရှင်များ စာရေးဆရာများ အန်ဂျီအိုလုပ်နေသူများ တိုင်းရင်းသားခေါင်းဆောင်များ စသည်ဖြင့် လူအတော်များများ
ပါဝင်တက်ရောက်နိုင်ခဲ့ကြသည်။

ဤသို့ အောင်မြင်စွာပြီးဆုံးသွားသည်အထိ ဤပွဲကို ဦးဆောင်စီစဉ်ခဲ့သူမှာ ဒေါက်တာကျော်ရင်လှိုင် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းမှ ပညာရှင်များကို ဤသို့သောနှီးနှောပွဲများတွင် စကားပြောနိုင်ရန်၊  ပြည်တွင်းပြည်ပပညာရှင် အချင်းချင်းနားလည်မှု တိုးလာစေရန်နှင့်  ရှုပ်ထွေးသည့် မြန်မာ့အရေးများကို ဆွေးနွေးနိုင်ကြရန် ရည်ရွယ်သည်ဟု စင်္ကာပူအမျိုးသားတက္ကသိုလ်တွင် လက်ထောက်ပါမောက္ခအဖြစ် တာဝန် ထမ်းနေသူ ဒေါက်တာကျော်ရင်လှိုင်က ပြောပါသည်။

“ ကျွန်တော်တို့ မြန်မာတွေဟာလည်း ဒီလိုပွဲမျိုးကို စွမ်းဆောင်နိုင်တယ်ဆိုတာ ပြချင်တယ်။ ကျွန်တော်တို့ မြန်မာပညာရှင် တွေလည်း နိုင်ငံတကာစံချိန်မီတဲ့ အကြောင်း ပြချင်တယ်” ဟု ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။ မြန်မာသုတေသီ များသည် ပညာရပ်ဆိုင်ရာစာတမ်းများကို ကျွမ်းကျွမ်းကျင်ကျင် ရေးသား တင်ပြနိုင်စွမ်း ရှိကြသည်ဟုလည်း သူက ပြောသည်။

ဒေါက်တာကျော်ရင်လှိုင်၏စကားကို မြန်မာပညာရှင်များကရော နိုင်ငံခြားသားပညာရှင်များကပါ သဘောတူကြသည်။

“ ဒီပွဲက ဒေါက်တာကျော်ရင်လှိုင်ရဲ့ စွမ်းဆောင်မှုကြောင့် ဖြစ်လာရတာပါ။ ကျွန်မတို့ သူ့ကိုကျေးဇူးတင်တယ် ”ဟု ထင်ရှားသည့် သမားတော်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်က ပြောသည်။ ဒေါ်မြင့်မြင့်ခင်သည် လူထုကျန်းမာရေး လုပ်ငန်းများနှင့် ကိုယ်ခံအားကျဆင်းမှုရောဂါဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူ ဖြစ်ပါသည်။

ပြည်တွင်း မြန်မာပညာရှင်များက စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး ၊ အမျိုးသမီးရေး၊ သမိုင်း ၊ တိုင်းရင်းသား နှင့် စာပေအကြောင်း စာတမ်းတင်ကြသည်။ ပြင်ပ မြန်မာပညာရှင်များက ဒုက္ခသည်အကြောင်း၊ တိုင်းရင်းသားအဖွဲ့များ အကြောင်း၊ ဒီမိုကရေစီလှုပ်ရှားမှုအကြောင်း၊ အမျိုးသား ရင်ကြားစေ့ရေးအကြောင်း စာတမ်းဖတ်ကြသည်။ ပရိသတ်၏ တုံ့ပြန်မှုဖြင့်  ဆုံးဖြတ်ရမည်ဆိုလျှင် ဤပွဲသည် အလွန်ကျေနပ်အားရစရာဟု ပြောရပါမည်။
 
ဤပွဲသို့ သံအမတ်ဟောင်းများ၊ ပါမောက္ခဟောင်းများ၊ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင် အမှုထမ်းခဲ့ဖူးသည့် အရာရှိကြီးများ၊ ယခုစစ်အစိုးရလက်အောက်တွင် အမှုထမ်းနေသူများ စသည်ဖြင့် လူစုံတက်ရောက်လာသည်။ သူတို့ကား ဟောပြောတင်ပြချက်များကို အာရုံစိုက်ပြီး နားထောင်ကြသည်။  တခြားသူများနှင့် ဆွေးနွေးကြသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ သူတို့အမြင်များကိုလည်း ထုတ်ဖော်ပြောကြသည်။

လက်ဖက်ရည်ကော်ဖီသောက်ချိန် နှင့် နေ့လည်စာစားချိန်များတွင်ကား  ပြောဆိုဆွေးနွေးခြင်းများကို (အထူးသဖြင့် မြန်မာပြည်သို့ ပြန်ကြမည့်သူများအကြား ) နားလည်မှုဖြင့် သတိထားပြီး ရှောင်ကြသည်။ တချို့က  ချောင်ကျသည့်နေရာ များတွင် အသာပူးကပ်ပြီး  တိုးတိုးတိတ်တိတ် ဆွေးနွေးကြသည်။ မြို့တော်သစ်သို့  စစ်အစိုးရပြောင်းသွားသည့်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည့်အကြောင်း၊  မြန်မာပြည်အတွင်း ပြုပြင်ပြောင်းလဲမည့်လက္ခဏာများ မရှိသည့်အကြောင်း ။ သူတို့မျက်လုံးများမှာ တစုံတယောက်က ချောင်းနားထောင်မည်လားဟု သတိထားပြီး  ကြည့်နေသည့်ပုံမျိုး။

“ ကျွန်တော်က အထဲကို ပြန်မှာဗျ - ထောင်ထဲ မရောက်ချင်ဘူးဗျာ ” ဟု တယောက်က ရွံ့တွန့်တွန့် ပြောပါသည်။

ဤကဲ့သို့စိုးရိမ်မှုမျိုးများ ရှိနေသော်လည်း တက်ရောက်သူအများစုမှာ နှီးနှောပွဲ၏ရလဒ်အပေါ်တွင်
ကျေနပ်ဝမ်းမြောက်ကြပါသည်။

“ အပြင်က မြန်မာတွေနဲ့ တွေ့ခွင့်ရတယ် - နောက်ပြီး အတွေ့အကြုံကောင်းတွေ ရတယ်” ဟု မြန်မာစာရေးဆရာတဦးက မှတ်ချက်ချသည်။

ဒတ်ခ်ျလူမျိုး ပညာရှင် တွမ်ကရေးမားက  ဤပွဲအပေါ် ချီးကျူးပြောဆိုသည်။  ပြည်တွင်းက မြန်မာများက ပြည်တွင်း၌ အခွင့်အလမ်းများ ဖန်တီးရေး နှင့် ပညာရှင်များ၏ နေရာကို ချဲ့ထွင်ရေးအပေါ်တွင် အဓိကထားပြီး ပြည်ပမြန်မာများက စစ်အစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုများကို အဓိကထား၍  ပြောဆိုဆွေးနွေးသည်ကို တွေ့ရကြောင်း သူက ပြောသည်။

နောက်ဆုံးပိတ် မျက်နှာစုံညီပွဲတွင်  မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေအကြောင်း တင်ပြပြောဆို ကြပါသည်။ ဤအပြီးသတ်ပွဲသည်   တက်ရောက်သူတို့၏  ဝေဖန်မှုကို အခံရဆုံးပွဲလည်း ဖြစ်သည်။ နောက်ပိတ်ဆုံးပွဲ၌ သဘာပတိ လုပ်သူမှာ ဒေါက်တာရောဘတ်တေလာ။  စကားပြောသူများမှာ စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဌာနမှ ဒေါက်တာ တင်မောင်မောင်သန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်း၊  ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်သူအဖြစ် ထင်ရှားသူ ကချင်လူမျိုး ဒေါက်တာ ဆဘွဲဂျွမ် နှင့် အမေရိကန်လူမျိုး ပညာရှင် ဒေးဗစ်စတိန်းဘာ့ဂ်တို့ ဖြစ်သည်။

ဒေါက်တာဆဘွဲဂျွမ်က စီးပွားရေးပိတ်ဆို့မှုများ အလုပ်မဖြစ်ကြောင်း ၊ ပိတ်ဆို့မှုများသည် အကွဲကွဲ အပြဲပြဲ  ဖြစ်နေသည့် မြန်မာနိုင်ငံအတွက် ဘာမျှ အကျိုးရှိမည် မဟုတ်ကြောင်း ပြောသည်။ “လုပ်ချင်တာတွေကို မလုပ်ဘဲ လုပ်နိုင်တာတွေကိုပဲ လုပ်ကြရအောင်” ဟု သူက  ပရိသတ်ကို ပြောသည်။

သံအမတ်ကြီးဟောင်းဗစ်ကီဘိုးမင်းက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ အသစ်များ၏ အလားအလာတို့ကို အကြမ်းဖျင်းပြောသွားသည်။ 

ဒေးဗစ်စတိန်းဘာ့ဂ်က  မြန်မာနိုင်ငံသားများအကြား လွဲမှားစွာ မျှော်လင့်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားရေးနှင့်ပတ်သက်သော အကျပ်အတည်းများကို ဖြေရှင်းရန် လိုအပ်ကြောင်းကို လည်းကောင်း သတိပေးပြောကြားသွားသည်။

မြန်မာစစ်အစိုးရနှင့် ရင်းနှီးလွန်းသည့်အတွက် စစ်အစိုးရ၏ ရှေ့နေကြီးဟု တံဆိပ်ကပ်ခြင်း ခံနေရသော ရောဘတ်တေလာက  မြန်မာ့အရေးကိစ္စသည် အဖြူအမည်း ပြတ်ပြတ်သားသား ကွဲနေသည့်အရာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့ရေးအလားအလာသည် အလွန်ကောင်းမွန်ကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင် အပြောင်းအလဲဖြစ်ရန် အလားအလာရှိကြောင်း၊ အနာဂတ်ကို ကြိုပြော၍ မရနိုင်ကြောင်း ပြောသည်။ “ နောက်ထပ်အပြောင်းအလဲတွေ ဖြစ်လာလိမ့်ဦးမယ် ” ဟု သူက ပြောသည်။

ပရိသတ်တချို့က  နောက်ဆုံးပိတ် မျက်နှာစုံညီပွဲသည် စစ်အစိုးရနှင့်စေ့စပ်ရန်လိုလားသူများနှင့် စစ်အစိုးရဘက်က ရှေ့နေလိုက်သူများ လွှမ်းမိုးကြီးစိုးသည့်ပွဲဟု  ဝေဖန်ကြသည်။

ရောဘတ်တေလာကို ထည့်ထားခြင်းသည် စစ်အစိုးရကျေနပ်အောင် လုပ်ခြင်းဖြစ်သည် ဟု စာရေးဆရာတဦးက ပြောသည်။ စစ်အစိုးရက လေးစား သဘောကျသည့် ပညာရှင်ဟူ၍ ရောဘတ်တေလာတယောက်သာ ရှိသည် ။ ထို့ကြောင့် ရောဘတ်တေလာကို  ထည့်ထားခြင်းဖြင့် အထောက်အကူရသည်ဟု သူက ပြောသည်။  ရောဘတ်တေလာနှင့် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းတို့ မကြာမီက တွေ့ဆုံခဲ့သည့်ပုံများကို စစ်အစိုးရ၏သတင်းစာများတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးပိတ်မျက်နှာစုံညီပွဲတွင် တင်ပြပြောဆိုချက်များသည် စစ်အစိုးရနှင့် စေ့စပ်ရေး၊ မျိုးသားပြန်လည်ရင်ကြားစေ့ရေး စသည့်မူဝါဒများကို ဖော်ပြသောတင်ပြချက်များသာ ဖြစ်သည်ဟု ပရိသတ်တချို့က ကောက်ချက်ချသည်။
 
ယခင် နှီးနှောပွဲများနှင့် မတူသည်မှာ နောက်ဆုံးပိတ်မျက်နှာစုံညီပွဲတွင် ပရိသတ်ကို မေးခွန်းထုတ်ခွင့်မပေးသည့် အချက်ဖြစ်သည်။  ဟောပြောသူများ ပြောပြီးသည်နှင့် အခမ်းအနားကို သိမ်းလိုက်သည်။  “ စီစဉ်သူတွေဟာ သူတို့ပွဲကို အောင်မြင်စွာ ပြီးဆုံးတာပဲ လိုချင်ပုံရတယ် ။ အငြင်းအခုန်တွေ ဖြစ်စေချင်ပုံမရဘူး ” ဟု နိုင်ငံခြားသားပညာရှင် တယောက်က ပြောသည်။ စီစဉ်သူများကမူ အခမ်းအနားကျင်းပသည့် ခန်းမကို နေ့တ၀က်သာ ငှားရမ်းထားကြောင်း၊ အချိန်လွန်ကြေး မပေးနိုင်ကြောင်း ပြောသည်။

ပြည်တွင်းမှ လာသည့် မြန်မာတချို့က အမျိုးသားရင်ကြားစေ့ရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ်တွင် သံသယ ရှိနေကြသည်။ အမျိုးသားရင်ကြားစေ့ရေးကို စစ်အစိုးရက စိတ်ဝင်စားခြင်းမရှိပါဟု မြန်မာပညာရှင်တယောက်က ပြောသည်။ တဖက်သပ်အချစ်ပဲ ဟု သူက ဆိုသည်။

မြန်မာစာရေးဆရာတချို့နှင့် ပညာရှင်တချို့ကို ဧည့်ခံပွဲလုပ်ခဲ့သည့် စင်္ကာပူနေ မြန်မာများက ပို၍ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ရှိသည်။ သူတို့က စစ်အစိုးရနှင့်စေ့စပ်ရေး၊  အမျိုးသားပြန်လည် ရင်ကြားစေ့ရေးများကို လက်သင့်မခံကြပေ။ နောက်ထပ်ဖြစ်လာနိုင်သည့် အုံကြွမှုအကြောင်း၊ မြန်မာပြည်တွင်းရှိ အထွေထွေ မကျေနပ်မှုများအကြောင်း၊ စစ်အစိုးရ ဖြုတ်ချရေး အလားအလာများအကြောင်းကိုသာ ပြောဆို ဆွေးနွေးကြသည်။

ဤကဲ့သို့ အယူအဆကွဲပြားခြားနားမှုမျိုးကား မြန်မာပညာရှင်များအတွက် အထူးအဆန်းမဟုတ်ပေ။ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။ မည်သည့်အမြင်မှ အဆိုးမြင်မဟုတ်။ အမည်မဖော်လိုသော မြန်မာတဦးက ဤသို့ ဆိုပါသည်။

“ ကျွန်တော်တို့က  စစ်အစိုးရရဲ့ အလုအယက်ကို ခံရတယ်ဗျာ။ အခုတော့ နိုင်ငံခြားပညာရှင်တွေနဲ့ စစ်အစိုးရဘက်က ရှေ့နေလိုက်သူတွေက ကျွန်တော်တို့ကို ဘာပြောသလဲဆိုရင်  လုယက်တာ မဟုတ်ပါဘူးတဲ့ ခင်ဗျားတို့က လှူတာပါတဲ့ ။ တော်တော် မတရားတာဘဲဗျ”။ [Top]

(Aung Zaw ၏  Burma Conference in Singapore a Success ကို ဆီလျော်သလို ပြန်ဆိုပါသည်)
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.