#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မျှော်လင့်ချက်မဲ့ ရောဂါသည်များ၊ အန်ဂျီအိုများနှင့် မြန်မာနိုင်ငံ
မောင်ဘဦး

နံနက်မိုးလင်းတိုင်း သူ့ခေါင်းထဲ အရင်ဝင်လာတာက ဒီနေ့ ဘယ်သူ့ဆီကနေ ပိုက်ဆံချေးရမလဲဆိုတဲ့ အတွေးပဲဖြစ်တယ်လို့ အိတ်ခ်ျအိုင်ဗွီ ရောဂါသည်တဦးဖြစ်တဲ့ မသီသီကျော်က ပြောပါတယ်။ ဒီနေ့မနက်ကလည်း မသီသီကျော်ဟာ  နှလုံး တလှပ်လှပ်တုန်ပြီး မူးဝေနေတဲ့ကြားက အိပ်ရာကနေ အတင်းကြိုးစားပြီး ထလာခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အိတ်ခ်ျအိုင်ဗီရောဂါသည်ခင်ပွန်းနဲ့ ကလေးသုံးယောက်အတွက် မနက်စာဖိုးနဲ့ ခင်ပွန်းသည်အတွက် တီဘီဆေးသွားထုတ်ဖို့ လိုအပ်တဲ့ခရီးစရိတ်ကို တယောက်ယောက်ဆီကနေ ချေးငှားရမှာ ဖြစ်လို့ပါပဲ။

“မနေ့တုန်းကလည်း ဆေးခန်းမှာ အမျိုးသားအတွက် ဆေးသွားယူဖို့ ခရီးစရိတ်ကို အိမ်ရှေ့အိမ်ကနေ မရအရ မနည်း တောင်းပန်ပြီး ပိုက်ဆံချေးသွားခဲ့ရသေးတယ်” လို့ အသက် ၃၂ နှစ်အရွယ် မသီသီကျော်က ပြောပြပါတယ်။

နေအိမ်ကနေ ဆေးခန်းကို အသွားအပြန်ခရီးစရိတ် ၄၂၀ ကျပ် ကုန်ပါတယ်။ ငွေ ၅၀၀ကို အိမ်ရှေ့အိမ်ကနေ ချေးသွားတဲ့ မသီသီကျော်ဟာ ဆေးခန်းရောက်တော့ မောသွားတယ်။ ဆရာမက နောက်ရက်မှ လာဖို့  ပြန်ချိန်းလိုက်လို့ပါ။ ဒီလို မကြာခဏ ချိန်းတဲ့အတွက် စိတ်ပျက်လှပေမယ့် ချိန်းတဲ့ရက်ဆိုရင် မသွားဘဲ မနေရဲဘူး။

မသီသီကျော်တို့လို အိတ်ခ်ျအိုင်ဗီရောဂါသည်တွေအတွက် ခုလို ဆေးအခမဲ့ရနေတာ မဟာ့မဟာ အခွင့်အရေး တခုပါ။ အဲဒီဆေးခန်းမှာ စကုသခွင့်ရခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကတော့ အေ့စ်ရောဂါသည်တိုင်းကို ဆေးဝါး ပြည့်ပြည့်စုံစုံပေးတဲ့အပြင် လမ်းစရိတ်အနေနဲ့လည်း တယောက်ကို ၂၀၀ ကျပ် ပေးပါသေးတယ်။

တချို့လတွေမှာဆို လူနာတယောက်ကို ဆန်နှစ်ပြည် ပေးပါသေးတယ်။ခုတော့ အဲဒီလို ခရီးစရိတ်တွေ၊ ဆန်တွေ မပေး တော့တဲ့အပြင် ဆေးဝါးကိုတောင် ပြည့်စုံအောင် မပေးနိုင်တော့ပါဘူး။ ဒါ့ထက်ဆိုးတာက နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတဲ့ လူနာတွေကို ဆေးလုံးဝ မပေးတော့တာပါပဲ။ မသီသီကျော်ကိုလည်း သွားနိုင် လာနိုင်ရှိတယ်ဆိုပြီး ဆေးလျှော့ချ ခဲ့ပါတယ်။ ခင်ပွန်းသည်ကတော့ အိပ်ရာထဲ  လဲနေတဲ့သူပါ။ ဒါကြောင့် မသီသီကျော်က ခင်ပွန်းသည်ကိုယ်စား ဆေးခန်းကို နှစ်ပတ်တခါ ဆေးသွားယူရပါတယ်။ ဒါပေမယ့် မသီသီကျော်ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပါတယ်။ မျက်လုံးအိမ် တွေက ချိုင့်ခွက်နေပြီး မျက်လုံးများက ပြူးကြောင်ကြောင်ဖြစ်နေတယ်။

အခမဲ့ဆေးကုသခွင့်ရတဲ့ ဆေးခန်းတွေမှာ ဆေးဝါးပြတ်လပ်နေတာ ၂၀၀၆ နှစ်ဆန်းပိုင်းကတည်းက ဖြစ်ပါတယ်။ ဂလိုဘယ်ဖန်း (Global Fund) ရပ်ဆိုင်းတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အန်ဂျီအို အတော်များများ ဘတ်ဂျက် အခက်အခဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ၂၀၀၆ မေလမှာ အန်ဂျီအိုအဖွဲ့တချို့ရဲ့ အခမဲ့ဆေးခန်း လေးငါးခုမှာ လူနာတွေကို ဆေးလျှော့ပေးတာ၊ ဈေးသက်သာတဲ့ တရုတ်ဆေးတွေကို ပြောင်းသုံးလာတာ၊  တချို့ဆေးခန်းတွေမှာ ရောဂါသက်သာ လာတဲ့ လူနာတွေကို ဆေးကုသမှု လုံးဝရပ်ဆိုင်းပစ်လိုက်တာ စတဲ့ အခြေအနေတွေကို တွေ့မြင်ရပါတယ်။

မသီသီကျော်ကလည်း ဆေးဝါးကုသမှုရပ်ဆိုင်းပြီး တလအကြာမှာ မကြာခဏမူးဝေနေတဲ့အတွက် အခမဲ့ ဆေးကုသခွင့် ပြန်ရဖို့ အသနားခံစာတင်ပြီး ပြန်လျှောက်ထားတယ်။ဒါပေမဲ့ အားရစရာ မရှိပါဘူးလို့ ညှိုးငယ်တဲ့ မျက်နှာနဲ့ ပြောပါတယ်။

“တနေ့ကို ကျွန်မအတွက် ဆေးဖိုးက ၁၂၀၀ လောက်ကုန်မှာ ဖြစ်တဲ့အတွက် သောက်နိုင်မှာ မဟုတ်ဘူး။ အသေခံဖို့ပဲ ရှိတော့တယ်။ ခုလိုအခြေအနေမျိုးနဲ့သေတာကမှ ကောင်းပါသေးတယ်။ ကျွန်မတို့ အရမ်းဒုက္ခ ရောက်တယ်၊ အမျိုးသား ကလည်းအိပ်ရာထဲလဲနေတာဆိုတော့  မိသားစုမှာ ၀င်ငွေတစ်ပြားမှ မရှိဘူး၊ ကိုယ်ပိုင်ပစ္စည်းတချို့ကို ပေါင်တန်ပေါင် ရောင်းတန်ရောင်းနဲ့ အိမ်ရှေ့က မြေကွက်ကိုပါ တ၀က်ခွဲရောင်း ပြီးပြီ၊ ရောင်းစရာလည်းမရှိတော့ဘူး၊ စားစရာလည်း မရှိတော့ဘူး။ခုလို အခြေအနေမျိုးမှာ ဆေးဝယ်သောက်လို့ ပြောရင် ဘယ်လိုလုပ်သောက်နိုင်မှာလဲ” လို့ ပြူးကျယ်နေတဲ့ မျက်ဝန်းတွေနဲ့ အဝေးကို ငေးရင်း မသီသီကျော်က ပြောတယ်။

မသီသီကျော်နည်းတူ ဆေးကုသခွင့်ရပ်ဆိုင်းခံရသူ မောင်ဇော်လတ်ကလည်း “ကျွန်တော် ဆေးဆက်မရရင် သေမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အပြင်ကနေ ဆေးဝယ်သောက်နိုင်အောင်လို့ ရွာပြန်ပြီး အမေ့လယ် ရောင်းမယ်” လို့ ဆိုပါတယ်။

အသက် ၂၂ အရွယ် မောင်ဇော်လတ်က မသီသီကျော်တို့အိမ်နဲ့ နှစ်လမ်းကျော်မှာ နေပါတယ်။ သူလည်း  ဆေးမရတော့တာ နှစ်လကျော်ပါပြီ။ မောင်ဇော်လတ်ဟာ ဆေးဆက် ကုချင်တဲ့အတွက် မြောက်ဥက္ကလာပက ဝေဘာဂီဆေးရုံကို သွားပါသေး တယ်။ ဘတ်စ်ကားနဲ့သွားတာပင် ခရီးစရိတ်က ၈၀၀ ကုန်တယ်။ ဆေးကလည်း နှစ်ရက်စာပဲ ရတယ်။ ဆေးဖိုးက ၁၄၀၀ ကျပ် ဆိုတော့ ရေရှည်မသွားနိုင်တော့ဘူး။

ဒီလိုနဲ့ မောင်ဇော်လတ်ဟာ အိပ်ရာပေါ် လဲခဲ့တယ်။ မကြာခင်မှာ ဆေးဆက်ကုသဖို့ စရိတ်ရှာမယ်ဆိုပြီး သူ့အမေရဲ့ရွာကို  ပြန်သွားတယ်။  ရွာရောက်ပြီး တပတ်အကြာမှာ မောင်ဇော်လတ် ဆုံးသွားတယ်လို့  မသီသီကျော်က ပြောပါတယ်။

“မြန်မာနိုင်ငံက အေ့စ်ရောဂါသည်တွေအတွက် အခြေအနေမကောင်းဘူးလို့ ပြောတာကြားရပါတယ်။ စိုးလည်းစိုးရိမ်မိတယ်။ သိပ်မကြာခင်မှာ ကျွန်မတို့ဆေးခန်းကလည်း ဘက်ဂျက်ကြောင့်ဆိုပြီး  ဆေးတွေ လျှော့ပေးလာတယ်။ကျွန်မတို့ဆိုရင် သက်သာနေတယ်ဆိုပြီး အားဆေးမရတာ လေးငါးလ ရှိပြီ၊ အဲဒီလိုပဲ လူနာတော်တော်များများ အလျှော့ခံရတယ်၊ ထူထူ ထောင်ထောင် ဖြစ်လာတဲ့ သူတွေဆို အလျှော့ခံရတာပဲ” ဟု အင်းစိန်မြို့နယ်မှ မသီတာစိုးက ပြောပါတယ်။

 အင်းစိန်ဆေးခန်းမှာ မသီတာစိုး ဆေးကုနေတာ တနှစ်ကျော်ပါပြီ။ အရင်က သူဟာ အင်းစိန်ဈေးထဲမှာ ကုန်စိမ်း ရောင်းပါတယ်။ သားလေးတယောက်ရှိပါတယ်။ ယောက်ျားနဲ့ကွဲနေတာ ကြာပြီလို့ ဆိုပါတယ်။ တနေ့လုပ် တနေ့စားဘ၀မို့ မကျန်းမာတဲ့ကြားထဲက ဈေးရောင်းရပါတယ်။ အခုတော့ ရောဂါအခြေအနေ ဆိုးလာတဲ့အတွက် ဈေးမထွက်နိုင်တော့တာ တလကျော်ပြီလို့ ပြောပါတယ်။

“ဈေးမရောင်းနိုင်တော့ သားကို ကျောင်းနားထားခိုင်းရတယ်။ ကြို့ကုန်းကားဂိတ်မှာ ဆေးလိပ်နဲ့ကွမ်းယာ သွားရောင်းရ တယ်။ ကျွန်မကလည်း ဆေးကို အပြင်က ၀ယ်သောက်နေရတဲ့အတွက် ကြွေးတွေ လည်ပင်းနစ်နေပြီ။ ဆေးလည်း ဆက်မသောက်နိုင်တော့ဘူး” လို့ အိပ်ရာပေါ်လဲနေရက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီတိုက်ဖျက်ရေးနဲ့ ကာကွယ်တားဆီးရေးကိုဆောင်ရွက်နေကြတဲ့အန်ဂျီအိုပေါင်း နှစ်ဆယ်ဝန်းကျင် ရှိပါတယ်။ အားလုံးလိုလို ဘတ်ဂျက်အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိလူနာတွေကို ဆေးလုံလောက်အောင် ပေးနိုင်ဖို့ လူနာသစ်များကို လက်မခံတော့ဘဲ ငြင်းလွှတ်လိုက်ရတဲ့ အခြေအနေထိ ရောက်နေပြီလို့ အန်ဂျီအိုဝန်ထမ်းတဦးက ပြောပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အိတ်ခ်ျအိုင်ဗီပိုးကူးစက်ခံလူနာတွေကလည်း အရင်ထက် ပိုများလာတဲ့အတွက်   တချို့လူနာသစ် များဟာ ဘယ်ကိုသွားပြီး အကူအညီတောင်းရမှန်း မသိအောင် ဖြစ်နေရတယ်လို့ လူနာရှင်တဦးက ပြောပါတယ်။

မှော်ဘီမြို့နယ်က အသက် ၃၇နှစ်အရွယ်  ရဲတပ်ကြပ်ကြီးတိုးဝင်းနိုင်ဆိုရင် အိတ်ခ်ျအိုင်ဗီပိုး စစ်ဆေး တွေ့ရှိပြီးကတည်းက အလုပ်ကနားပြီး တလလောက် အိမ်ထဲအောင်းနေခဲ့ပါတယ်။ သူ့မိခင်က အန်ဂျီအို ဆေးခန်းတွေဆီ လိုက်စုံစမ်းပါတယ်။ ဘယ်အန်ဂျီအိုကမှ လူနာသစ် လက်မခံတော့ဘူးဆိုတဲ့အတွက် ဝေဘာဂီဆေးရုံကြီးဆီ ရောက်သွားခဲ့တယ်လို့  မိခင်ဖြစ်သူ ဒေါ်ခင်ရီက ဆိုပါတယ်။ ဝေဘာဂီ ဆေးရုံဟာ မြန်မာနိုင်ငံမှာ တခုတည်းသော အေ့စ်ရောဂါကုသတဲ့ အစိုးရဆေးရုံ ဖြစ်တယ်။

ဆေးရုံ သုံးကြိမ်သွားပြီးနောက် တီဘီရောဂါကို အရင်ကုဖို့ ညွှန်ကြားတဲ့အတွက်  တီဘီအခမဲ့ကုသပေးနေတဲ့ ဆေးခန်းတွေ ဆီကို သွားခဲ့တယ်။ ဒါပေမယ့် တီဘီဆေးသောက်လိုက်ကတည်းက အိပ်ရာကနေ လုံးဝမထနိုင် တော့ဘဲ ဖြစ်သွားတဲ့ အတွက် တီဘီဆေး ခဏဖြတ်ထားရာမှာ သုံးပတ်ကြာတော့ တက်ရင်း ဆုံးသွားခဲ့တယ်လို့ မိခင်ဒေါ်ခင်ရီက ပြောပါတယ်။ ဘယ်အန်ဂျီအိုဆီကမှ အကူအညီမရခဲ့ဘူးလို့ သူက ပြောတယ်။

“အန်ဂျီအိုတွေ အားလုံးလုပ်စားနေကြတာပဲ။ အဲဒီအတိုင်းဘယ်သူမေးမေး ပြောရဲတယ်၊ လူနာတယောက် တိုးလာလို့ သူတို့အတွက် ဘာပိုကုန်သွားမှာလဲ ၊ ဒီလိုရောဂါသည်တွေကို ခုတုံးလုပ်ပြီး  သူတို့တောင်းစားနေကြတာ မဟုတ်လား ဒါတောင် သားကို ခါးခါးသီးသီးငြင်းရက်တာ အံ့သြတယ်၊ တကယ်ပဲ တိုင်တန်းလို့ ရရင် တိုင်ချင်တယ် ၊ ဘယ်မှာ ဘယ်လိုတိုင်လို့ရမလဲ ၊ကိုယ့်လို နောက်လူတွေ မခံစားရအောင် တိုင်ချင်တာပါ” လို့  ဒေါ်ခင်ရီက ပြောပါတယ်။

“လက်ရှိအနေအထားအရ ကျွန်တော်တို့မှာ အခက်အခဲတချို့ ရှိနေတဲ့အတွက်လူနာသစ် လက်မခံနိုင်ဘဲ ဖြစ်နေတာပါ။ ဒါကလည်း အခိုက်အတန့်ပါပဲ ၊ မကြာခင်အဆင်ပြေသွားမှာပါ ၊ ဦးတိုးဝင်းနိုင်ကိုလည်း နောက် သုံးပတ်အကြာမှာ လာဆက်သွယ်ဖို့ ပြောလိုက်ပါတယ်” လို့  အန်ဂျီအိုတခုမှ ပြန်ကြားရေးအရာရှိတဦးက ရှင်းပြပါတယ်။

“ဒီပုံစံအတိုင်းဆိုရင် နောင်တနှစ် နှစ်နှစ်လောက်အတွင်းမှာ တကယ့်ကို အေ့စ်ရောဂါပေါက်ကွဲမှုကြီး ဖြစ်နိုင်တယ်၊ တကယ် အဖြစ်များတဲ့နေရာတွေမှာ ခုဆိုကူးစက်ရောဂါတခု ဖြစ်နေသလိုပဲ။ ဟိုလူကလည်း အေ့စ်ရောဂါ။ ဒီလူကလည်းအေ့စ်ရောဂါ။ ရှေ့အလားအလာကတော့ ဒီပုံစံအတိုင်းဆို လုံးဝစိတ်ချစရာမရှိဘူး” လို့ အန်ဂျီအိုဝန်ထမ်းတဦးက ပြောတယ်။

အိတ်ခ်ျအိုင်ဗီကူးစက်ခံရသူအရေအတွက်ဟာ ၂၀၀၃ ခုနှစ်က နှစ်သိန်းဝန်းကျင်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန် မှာတော့ ၃သိန်းမှ  ၆ သိန်းကျော်အထိ ရှိနေပြီလို့ UNAIDS နှင့် အခြား နိုင်ငံတကာ အေဂျင်စီများက ဆိုပါတယ်။ အရင်တုန်းက အရှေ့တောင်အာရှဒေသမှာ အိတ်ခ်ျအိုင်ဗီကူးစက်နှုန်းအမြင့်ဆုံးနိုင်ငံများဖြစ်ကြတဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ထက် မြန်မာနိုင်ငံက ကူးစက်နှုန်းဟာ ပိုသာလွန်သွားပြီလို့လည်း ပြောပါတယ်။

တနှစ်ထက်တနှစ် ကူးစက်မှုနှုန်းမြင့်လာတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ရော အန်ဂျီအိုတွေအနေနဲ့ပါ ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ အန်ဂျီအိုတွေအနေနဲ့ ကုသရေးမှာသာမက ကာကွယ်တားဆီးရေးလုပ်ငန်းတွေ မှာလည်း ငွေတွေ သုံးပြီးလုပ်ပြကြပေမယ့် လူထုအတွက်တော့ ထိထိရောက်ရောက် သိပ်မရှိလှဘူးလို့ သတင်းသမား တဦးက သုံးသပ်ပါတယ်။

“ကာလပေါက်ဈေး ၅သိန်းဖိုးလောက်ရှိတဲ့ ဆေးစိမ်ခြင်ထောင်တွေဝေဖို့အတွက် ရှမ်းပြည်တက်တာ ၀န်ထမ်းတွေ တပြုံကြီးပဲ။ အဲဒါတွေအတွက် ခရီးစရိတ်နဲ့စားစရိတ်တင် ၁၀ သိန်းကျော်ကုန်တယ်ဆိုတာကိုကြည့်ရင် သိသာတယ်” လို့ သူက ပြောပါတယ်။

အခြားအန်ဂျီအိုတခုကလည်း ၂၀၀၅ ခုနှစ်တုံးက ကာကွယ်တားဆီးရေးပညာပေးဟောပြောပွဲကို ချောင်းသာကမ်းခြေမှာ ၀န်ထမ်းအားလုံးနဲ့ တပျော်တပါးကျင်းပခဲ့ကြတယ်လို့ ကြားရပါတယ်။ ဒီလို သတင်းမျိုးတွေကို မကြာခဏ ကြားရလေ့ ရှိပါတယ်။

“ မြန်မာနိုင်ငံမှာတင် အန်ဂျီအိုတွေ လုပ်စားကြတာ မဟုတ်ပါဘူး၊ အာဖရိကမှာလည်း ဒီလိုပါပဲ။ ဒီလို များများစားပြီး နည်းနည်းလုပ်ပေးတဲ့ အန်ဂျီအိုတွေ မရှိရင်လည်း မဖြစ်ဘူးလေ” လို့ သူက သုံးသပ်ပြောဆိုပါတယ်။

Global Fund နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ 3D Fund ရှိနေပေမယ့်  3D Fund မှ ရရှိမယ့် တနှစ် ဒေါ်လာသန်း ၂၀ ဆိုတာက  မြန်မာနိုင်ငံအတွက်တော့ နည်းပါတယ်လို့ သူက သုံးသပ်ပါတယ်။

အေ့စ်ရောဂါနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက ကူးစက်မှုနှုန်းကို မတားဆီးနိုင်တာပဲလို့ PSI မှ ၀န်ထမ်း တဦးက ဆိုပါတယ်။ လိင်လုပ်သားများဆီကနေ ကူးစက်ကြသလို၊ ဆေးရုံဆေးခန်းတွေကနေ ကူးစက်ကြတာလည်း ရှိတယ်။ သားဖွားခန်းတခုကနေ ကူးစက်ခဲ့ရတဲ့ မိခင်တွေလည်း ရှိတယ်။ ဆေးရုံ၊ ဆေးခန်းမှာ သုံးစွဲတဲ့ ကိရိယာတွေ ချို့တဲ့တာက  ရောဂါကို  ဖြန့်ပေးနေခြင်းပဲ ဖြစ်တယ်လို့ အဆိုပါ ၀န်ထမ်းက သုံးသပ်ပါတယ်။

ဆေးရုံမှာ ခွဲစိတ်လို့၊ သွေးသွင်းလို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုနှုန်းဟာ စုစုပေါင်းကူးစက်မှုတွေရဲ့  ၂၅ရာနှုန်းကျော်အထိ  ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့အနောက်ပိုင်းဆေးရုံမှ လက်ထောက်ဆရာဝန်တဦးက ပြောပါတယ်။

 အသည်းအထူးကုဆရာဝန်ကြီးတဦးကလည်း  “ မြန်မာနိုင်ငံမှာအတတ်နိုင်ဆုံး သွေးမသွင်းနဲ့၊ ခွဲစိတ်ခန်းမ၀င်နဲ့ ဘာဖြစ်လို့လည်း ဆိုတော့ စိတ်မချရလို့၊ ကူးစက်ရောဂါအမျိုးမျိုးရနိုင်လို့ပဲ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သွေးမှတစ်ဆင့်ကူးစက်ခံနေရသလို၊ လိင်လုပ်သားတွေပိုမိုများပြားလာတဲ့အတွက်လည်း ကူးစက်နှုန်း မြင့်လာတာ ဖြစ်တယ်လို့ အန်ဂျီအိုဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ သူတို့အဖွဲ့အနေနဲ့ ဟောပြောပွဲများ မကြာခဏပြုလုပ်ပြီး ကွန်ဒုံဆောင်ထားဖို့ ပညာပေးတိုက်တွန်းပေမယ့် နားလည်လက်ခံသူ အလွန်နည်းပါးတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ဟောပြောပွဲပြီးရင် တယောက်ကို ကွန်ဒုံတခုနှစ်ခု အလကား ဝေပေးတယ်။ သူတို့ဆီက အလကားရလိုက်တဲ့ ကွန်ဒုံ ကုန်သွားတယ်ဆိုရင် ၀ယ်သုံးရတော့မှာ၊ ကွန်ဒုံတခုကို ၁၅၀- ၂၀၀ ရှိနေတာ၊ ဘာဖြစ်လဲ သူတို့ အလကားရတဲ့ ကွန်ဒုံတွေပဲ အခုလိုဆိုင်တွေမှာ တင်ထားသလိုပဲ အလကားပေးပြီး တင်ထားခိုင်းပေါ့၊ လိုချင်တဲ့သူ အလကားယူပစေပေါ့” ဟု ကုန်သည် တဦးဖြစ်တဲ့ ကိုနိုင်နိုင်က ပြောပါတယ်။

အန်ဂျီအိုတခုကတော့ သူတို့ကွန်ဒုံတွေကို မင်္ဂလာဈေးက ဆေးဆိုင်ကြီးသုံးဆိုင်မှာ  တခု ၃၅ကျပ်နှုန်းနဲ့  ဇွန်လ နှောင်းပိုင်းမှ စပြီး ဖြန့်ချိခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဝယ်သူသုံးစွဲသူများက တခုကို ၁၀၀ ကျပ်မှ ၁၅၀ ကျပ် အထိ ပေးဝယ်ရပါတယ်။ ဒီအန်ဂျီအိုဟာ ယခင်ကတည်းက အသင်းဝင်ဆရာဝန်များမှတဆင့် ကွန်ဒုံတခု ကျပ် ၃၀ နှုန်းနဲ့ ရောင်းချခဲ့တယ်လို့လည်း ကြားသိရပါတယ်။

“ အလကားရတဲ့ ပစ္စည်းကိုဘာဖြစ်လို့  အလကားမပေးတာလဲဆိုတော့ လူတွေစိတ်ထဲမှာ အလကားရရင် တန်ဖိုးမထားကြပဲ၊ အလကားဖြစ်ဖြစ်သွားတတ်လို့ ချိုသာတဲ့ဈေးနှုန်းတခု သတ်မှတ်ပြီး၊ ဘယ်နေရာမှာ မဆို အလွယ်တကူ ၀ယ်နိုင်အောင် အခုလို စီစဉ်ထားတာပါ” လို့ အဆိုပါအန်ဂျီအိုမှ  ၀န်ထမ်းတဦးက ပြောပါတယ်။ 

ကူးစက်ခံရသူပွားများနေတဲ့အတွက် မြန်မာနိုင်ငံမှာ လာမယ့် ၂၀၀၈ ခုနှစ်ဆိုရင် လူတရာမှာ ၁၀ ယောက်နဲ့ အထက် ဖြစ်ပွားနိုင်ပြီး ကိုယ်ခံအားကျဆင်းရောဂါ ဆိုတဲ့ အေ့စ်ရောဂါ ပေါက်ကွဲမှုကြီး ဖြစ်လာနိုင်တယ်လို့  အထူးကုဆရာဝန်ကြီး တဦးက ခန့်မှန်းပြောဆိုပါတယ်။

(ဝေဒနာရှင်များ၏ အမည်များမှာ အမည်ရင်းများ မဟုတ်ပါ)

[Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.