မေ ၂၄၊ ၂၀၀၇
ကရင်အမျိုးသမီး နော်စီဖိုးရာစိန် လူ့အခွင့်အရေးဆုအပ်နှင်းရန် ရွေးချယ်ခံရ
ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကို ၂၀၀၇ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူဆု Perdita Huston Human Rights Award အပ်နှင်းရန် အမေရိကန်နိုင်ငံ အခြေစိုက် လူမှုအဖွဲ့က ရွေးချယ်လိုက်ကြောင်း သိရသည်။
အဆိုပါဆုကို အမျိုးသမီးများအရေး လှုပ်ရှားဆောင်ရွက်သူများအား United Nations Association of the National Capital Area (UNA-NCA) အမည်ရှိ လူမှုအဖွဲ့အစည်းက ရွေးချယ်ခြင်း ဖြစ်သည်။
နော်စီဖိုးရာစိန်နှင့်အတူ ပါကစ္စတန်နိုင်ငံသူ Samar Minallah နှင့် နီပေါလ်နိုင်ငံသူ Bishnu Maya Pariyar တို့ကိုလည်း ရွေးချယ်ထားသည်။
ယင်းဆုပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ရှိ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၌ ကျင်းပမည်ဟု သိရသည်။
Perdita Huston Human Rights Award ဆုကို အမေရိကန်သတင်းစာဆရာမနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ Perdita Huston အား ဂုဏ်ပြုကာ ၂၀၀၂ ခုနှစ်မှစတင်၍ ရွေးချယ်အပ်နှင်းခဲ့ခြင်း ဖြစ်သည်။ [Top] |