ဇန်နဝါရီ ၃၊ ၂၀၀၇
ဘန်ကောက်ဗုံးကွဲမှုများ သက်ဆင်သစ္စာခံတို့၏ လက်ချက်ဟု စွပ်စွဲ
နှစ်သစ်ကူးမတိုင်မီညက ဘန်ကောက်တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများသည် ယခင်ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ကို သစ္စာခံထားသည့်သူများ၏ လက်ချက်ကြောင့် ဖြစ်သည်ဟု အာဏာသိမ်းစစ်အဖွဲ့က ယနေ့ စွပ်စွဲပြောကြားလိုက်သည်။
သက်သေအထောက်အထားများနှင့် ထောက်လှမ်းရေးသတင်းများအရ ဗုံးများကို စီမံဖောက်ခွဲခဲ့သူများမှာ အာဏာနှင့် အကျိုးစီးပွား လက်လွတ်သွားသည့် နိုင်ငံရေးသမားများ ဖြစ်ကြောင်း၊ မစ္စတာသက်ဆင်ကို သစ္စာခံသည့် စစ်သား တချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ၊ အဓိက ရည်ရွယ်ချက်မှာ လက်ရှိအစိုးရကို ဖြုတ်ချရန်ဖြစ်ကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ဆာပရန် က ပြောကြားလိုက်သည်။
ယခင်ဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်က ဗုံးပေါက်ကွဲမှုများသည် သူနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
နှစ်သစ်ကူးမတိုင်မီညက ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် လူ၃ ဦးသေဆုံးခဲ့ပြီး လူ ၄၀ ခန့် ဒဏ်ရာပြင်းစွာ ရရှိခဲ့သည်။
ချင်းမိုင်တွင် ပေါက်သည့်ဗုံးမှာ မြန်မာလူမျိုးအလုပ်သမား၏ လက်ချက်ဟုဆို
လွန်ခဲ့သည့် တနင်္လာနေ့က ချင်းမိုင်ရှိ ပလီကျောင်းတခုတွင် ဗုံးတလုံးကွဲခဲ့ရာ ပလီကျောင်းတွင် အလုပ်လုပ်သည့် နာဆစ်အာမက် အမည်ရှိ မြန်မာလူမျိုးတဦး ဒဏ်ရာရခဲ့သည်။
ယင်းဗုံးမှာ အိမ်လုပ်ဗုံးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ နာဆစ်အာမက်ကိုယ်တိုင် ပလီကျောင်းအတွင်းသို့ သယ်ဆောင်လာရာမှ မတော်တဆ လွတ်ကျပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံကြောင်း ဗိုလ်ချုပ် ဆူကူသာမန်၏ ပြောကြားချက်ကို ကိုးကား၍ နေးရှင်းသတင်းတွင် ဖော်ပြထားသည်။ |