#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
တိုတိုထွာထွာ သတင်းများ  
 

ဧပြီ ၂၄၊ ၂၀၀၇

စစ်အစိုးရအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု တနှစ်ထပ်တိုး

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးကာကွယ်ရေး ထိရောက်တိုးတက်မှုမရှိသည့်အတွက် စီးပွားရေး၊ သံတမန်ရေးအရ ပိတ်ဆို့အရေးယူမှုကို နောက်ထပ်တနှစ် သက်တမ်းတိုးရန် လူဇင်ဘတ်၌ ပြုလုပ်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ၏ ယမန်နေ့က အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ထပ်မံတောင်းဆိုလိုက်ပြီး ဥရောပသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ မြန်မာစစ်အစိုးရအပေါ် ၁၉၉၆ ခုနှစ်က စတင်ခဲ့သည့် ပိတ်ဆို့အရေးယူခြင်းကို နောက်ထပ်သက်တမ်းတိုးရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်ဟု အေပီသတင်းတရပ်က ဆိုသည်။

ယင်းပိတ်ဆို့အရေးယူမှုတွင် မြန်မာစစ်အစိုးရအရာရှိများ ဥရောပကို လာရောက်ခွင့် ပိတ်ပင်ထားပြီး စစ်အစိုးရပိုင်ဆိုင်မှု များကို ထိန်းချုပ်ထားခြင်းများအပါအ၀င် မြန်မာနိုင်ငံသို့ လက်နက်ရောင်းခြင်းကိုလည်း ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံထဲတွင် လူ့အခွင့်အရေးများလွန်ကျူးစွာ ချိုးဖောက်နေခြင်းနှင့် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကို ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်နေခြင်းကိုလည်း စိုးရိမ်ပူပန်ကြောင်း ဥရောပနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်ဟုလည်း သတင်းတွင်ပါရှိသည်။

မန္တလေး မဟာမြတ်မုနိ စေတီတော်တွင် အင်္ဂါနေ့ဆုတောင်းပွဲ ပြုလုပ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယနေ့နံနက် ၉ နာရီခန့်က မန္တလေးမြို့ရှိ မဟာမြတ်မုနိစေတီတော်ကြီး၏ အင်္ဂါထောင့်တွင် ၀တ်ပြုဆုတောင်းပွဲတရပ်ကို ပြုလုပ်ကြောင်း သိရသည်။

၎င်းဆုတောင်းပွဲကို မန္တလေးမှ အန်အယ်လ်ဒီအဖွဲ့ဝင်များက စီစဉ်ကြသော်လည်း အန်အယ်လ်ဒီပါတီ၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းမဟုတ်ကြောင်း ယနေ့ဆုတောင်းပွဲတွင်ပါဝင်သည့် ကိုဝဏ္ဏက ဧရာဝတီကို ပြောဆိုသည်။

ယနေ့ပြုလုပ်သည့် ဆုတောင်းပွဲသည် ၅ ကြိမ်မြောက် ၀တ်ပြုဆုတောင်းပွဲ ဖြစ်သည်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေမလွတ်မချင်း အင်္ဂါနေ့တိုင်း ဒီဆုတောင်းပွဲကို လုပ်သွားမှာပါ”ဟု ကိုဝဏ္ဏက ပြောသည်။ [Top]
 

ဧပြီ | ၂၃၊ ၂၀၀၇

ထိုင်းရဲများ ၀င်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမား မင်္ဂလာပွဲပျက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဖရာ စမွတ် ချက်ဒီ မြို့နယ်အတွင်းရှိ လိမ်ဖာဖာ့ အရပ်က တရားမ၀င် ရွှေ့ပြောင်း မြန်မာအလုပ်သမား မင်္ဂလာပွဲတခုကို ထိုင်းရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့သည့်အတွက် အခမ်းအနား ပျက်ပြားခဲ့ရသည်ဟု သိရသည်။

မင်္ဂလာပွဲစတင်သည့် ယမန်နေ့ ညဦးပိုင်းတွင် ရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးခဲ့အပြီး အမျိုးသား ၃၈ ဦး အပါအ၀င် လူပေါင်း ၄၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

မင်္ဂလာအခမ်းအနားကို လာရောက်သူ မြန်မာနိုင်ငံသားများကို ရဲများက မှတ်ပုံတင်အထောက်အထား စာရွက်စာတမ်းများ စစ်ဆေးရာတွင် အများစုကမပြနိုင်သဖြင့် ထွက်ပြေးရန်ကြိုးစားခဲ့ကြသည်ဟု သတင်းက ဆိုသည်။

သတို့သားဖြစ်သူကိုယ်တိုင် ဖမ်းဆီးမှုမှ လွတ်မြောက်ရန် အိမ်နောက်ဖေး ရေမြောင်းအတွင်း ခုန်ချထွက်ပြေး ခဲ့ရသည်ဟု လည်း သတင်းစာတွင် ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် မလေးရှားနိုင်ငံတွင်လည်း ယမန်နေ့က တရားမ၀င်နေထိုင်သူ နိုင်ငံခြားသား ၄၆ ဦးကို မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက ဖမ်းဆီးရာ အသက် ၈ နှစ်အရွယ် အငယ်ဆုံးမိန်းကလေးအပါအ၀င် မြန်မာနိုင်ငံသား ၈ ဦး ပါဝင်ကြောင်း မလေးရှားနိုင်ငံထုတ် စတားသတင်းစာက ဖော်ပြသည်။ [Top]

 

ဧပြီ ၁၉၊ ၂၀၀၇

မြန်မာနိုင်ငံ သင်္ကြန်တွင်း၌ လူ ၆ ဦးသေ၊ ၇၁ ဦး ဒဏ်ရာရ

မြန်မာပြည်တွင်း၌ နှစ်သစ်ကူး သင်္ကြန်ကာလ ၄ ရက်အတွင်း လူ ၆ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရရှိသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြသည်။

ယင်း မဟာသင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၂ ဦး၊ ဒဏ်ရာ ရရှိသူ ၄၂ ဦး၊ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရရှိသူ ၂၉ ဦးနှင့် ရေနစ်သေဆုံးသူ ၃ ဦးတို့ဖြစ်ပြီး ၎င်းတို့သည် အပျော်အပါး လွန်ကဲ၍ စည်းကမ်းလိုက်နာမှု အားနည်းသူများဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

ယခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်ကို စစ်အစိုးရက ရက်ရှည် (၁၀) ရက် ပိတ်ပေးထားသည်။ [Top]
 

ဧပြီ ၅၊ ၂၀၀၇

ကန့်ကွက်မှုများကြားမှ သံလွင်မြစ်ပေါ်ရှိ တန်ဆန်းရေကာတာ ဆောက်လုပ်ရေး စတင်တော့မည်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ပြင်းပြင်းထန်ထန်ဝေဖန် ကန့်ကွက်နေသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရန် ရေကာတာ တခုကိုစစ်အစိုးရက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည်ဟု ယနေ့ထုတ် မြန်မာ့အလင်း (အင်္ဂလိပ်) သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံမှ MDX ကုမ္ပဏီတို့ မတ်လ ၃၀ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။

ယင်း ရေကာတာမှာ လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက မြန်မာအစိုးရနှင့် ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတို့ ပူးတွဲတည်ဆောက်ရန် သဘောတူထားသည့် တန်ဆန်းရေအားလျှပ်စစ် စီမံကိန်း ရေကာတာဖြစ်သည်။

ယင်းရေကာတာဆောက်လုပ်မည့် ဒေသ၀န်းကျင်ကို ကမ္ဘာ့ သက်ရှိမျိုးစိတ်များ စုံလင်ရာဒေသအဖြစ် ယူနက်စ်ကို (UNESCO) အဖွဲ့ကြီးက အသိအမှတ်ပြုထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ရေကာတာ ဆောက်လုပ်မည်ကို ကန့်ကွက်လျက်ရှိကြသည်။

ပြီးခဲ့နှစ်သည့်ဧပြီလက မီဂါဝပ် ၇၁၁၀ ထုတ်လုပ်နိုင်မည့် ယင်းရေအားလျှပ်စစ် ရေကာတာကို အမေရိကန်ဒေါ်လာ သန်း ၆၀ အကုန်ကျခံ ဆောက်လုပ်ရန်အတွက် မြန်မာအစိုးရနှင့် ထိုင်းလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတို့ လက်မှတ်ရေးထိုး သဘောတူခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာစေမည့် သံလွင်မြစ်ပေါ်တွင် ရေကာတာ ဆောက်လုပ်မှုများကို ကမ္ဘာတ၀န်း၌ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

စိန်စီသောည အခွေတွေ့၍ ဖမ်းထားသူများကို တရားရုံးက စတင်စစ်ဆေး

စိန်စီသောည အမည်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီး မင်္ဂလာဆောင်မှတ်တမ်းတင် ဗီစီဒီခွေတွေ့ရှိမှုဖြင့် မတ်လအတွင်းက ဖမ်းဆီးထားသော ညောင်တုန်းမြို့မှ ကိုတင်ဌေးနှင့် ကိုသန်းထွန်းတို့ အမှုကို ယနေ့ မြို့နယ် တရားရုံးတွင် စစ်ဆေးကြောင်း သိရသည်။

အစစ်ဆေးခံရသူများမှာ တရားလိုအဖြစ် ညောင်တုန်းရဲစခန်းမှူး ဦးကျော်မြသန်းနှင့် တရားလိုပြသက်သေ ၄ ဦးတို့ ဖြစ်သည်ဟု ကိုတင်ဌေး၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ယနေ့တွင် မနက်ပိုင်းတချိန်နှင့် နေ့လယ် ၁ နာရီခွဲမှ စတင်၍ ညနေပိုင်းအထိ နှစ်ချိန်ခွဲ စစ်ဆေးပြီးနောက် ကျန် တရားလိုပြ သက်သေ ၄ ဦး နှင့် ကိုတင်ဌေး၊ ကိုသန်းထွန်းတို့ကို မနက်ဖြန်တွင် ဆက်လက် စစ်ဆေးရန် တရားရုံးက ရက်ချိန်းပေး လိုက်သည်ဟု၎င်းက ဆိုသည်။

မတ်လ ၂၀ ရက်နေ့ ညက ညောင်တုန်းမြို့နေ ကိုသန်းထွန်း၏နေအိမ်ကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ၀င်ရောက် ရှာဖွေရာတွင် အဆိုပါ ဗီစီဒီအခွေအား တွေ့ရှိရသောကြောင့် ကိုသန်းထွန်းကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ယင်းနောက် ကိုသန်းထွန်း၏ ထွက်ဆိုချက်ဖြင့် ကိုတင်ဌေးကို အာဏာပိုင်များက မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ [Top]
 

ဧပြီ ၄၊ ၂၀၀၇

မြန်မာနိုင်ငံမှ သဲနှင့် အိမ်ဆောက်ပစ္စည်းများ စင်္ကာပူမှ ၀ယ်ယူမည်

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျော့ဂ်ျရိုးနှင့် အဖွဲ့သည် ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ သဲနှင့် အိမ်ဆောက်ပစ္စည်းများ ၀ယ်ယူရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သည်။

ယမန်နေ့က နေပြည်တော်တွင် နအဖအတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဘက်မှ သဲ၊ ဘိလပ်မြေအပါအ၀င် အိမ်ဆောက်ပစ္စည်းများကို စင်္ကာပူနိုင်ငံသို့ ရေရှည် ရောင်းချပေးရန် ပြောကြားခဲ့သည်ဟု စင်္ကာပူ နိုင်ငံခြားရေးဌာန၏ အင်္ဂါနေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံက သဘာဝတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိသည်ဟုဆိုကာ စင်္ကာပူသို့ သဲတင်ပို့ရောင်းချမှုကို ပိတ်ပင်ထား ချိန်တွင် ယခုကဲ့သို့ မြန်မာနိုင်ငံမှဝယ်ယူရန် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

မစ္စတာ ဂျော့ဂ်ျရိုးသည် နေပြည်တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့်လည်း တနင်္လာနေ့က တွေ့ဆုံခဲ့သည်။

ယခု ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စင်္ကာပူနိုင်ငံသို့ လာရောက်လည်ပတ်ရန် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားခဲ့သည်ဟုလည်း သိရသည်။ [Top]
 

ဧပြီ ၃၊ ၂၀၀၇

အပြစ်မဲ့ဖမ်းဆီးခံရသူ နှစ်ဦး ပြန်လွတ်

လွန်ခဲ့သည့် မတ်လအလယ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်နေ အသက် (၃၆) နှစ်ရှိ ကိုစိုးမြင့်ထိန်ကို ယမန်နေ့က အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အက်စ်ဘီထောက်လှမ်းရေးအဖွဲ့က ၎င်းကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ခြောက်ထပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၁၈ ရက်ခန့် အကြာ ယမန်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ကိုစိုးမြင့်ထိန်က ပြောသည်။

ပြန်လွှတ်ချိန်တွင် အာဏာပိုင်များက လျှို့ဝှက် အက်ဥပဒေနှင့် ပတ်သက်ပြီး လေးစားလိုက်နာပါမည်ဟူသော ၀န်ခံလက်မှတ် ထိုးခိုင်း၍ ထိုးခဲ့ရသည်ဟု ကိုစိုးမြင့်ထိန်က ပြောသည်။ လျှို့ဝှက် အက်ဥပဒေဆိုသည်မှာ ဖမ်းဆီးထားစဉ် စစ်ဆေးမေးမြန်းချက်များနှင့် သက်ဆိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက သိမ်ကြီးဈေးရှေ့ ပြည်သူလူထု အကျပ်အတည်း ဖော်ထုတ်ဆန္ဒပြမှုနှင့် ပတ်သက်ပြီး နောက်ကွယ်က ပါဝင်နေသူတဦးဟု အာဏာပိုင်များက သံသယရှိသောကြောင့် ခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်ဟု ကိုစိုးမြင့်ထိန်က ဆိုသည်။

အသက် (၄၂) နှစ်ရှိ ကိုစိုးမြင့်ထိန်သည် ပြည်သူလူထု အကျပ်အတည်း ဖော်ထုတ်ဆန္ဒပြရာတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူ ကိုသိန်းအောင်မြင့်၏ အကိုတော်စပ်သူ ဖြစ်သည်။

မတ်လဆန်းက လေဆိပ်တွင် ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသို့ ပညာသင်သွားမည့် ကိုသွင်လင်းအောင်ကိုလည်း အာဏာပိုင်များက ယမန်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ [Top]
 

ဧပြီ ၂၊ ၂၀၀၇

အစိုးရသတင်းစာပါ ဆောင်းပါးများအား သရော်ဝေဖန်သူကို တရားရုံးက ခြွင်းချက်မရှိပြန်လွှတ်

နေအိမ်ခြံစည်းရိုးတွင် အစိုးရသတင်းစာများကို သရော်ဝေဖန်စာများ ရေးပြီးကပ်သည့်အတွက် တရားစွဲဆိုခံရသော ဦးသိန်းဇံကို အာဏာပိုင်များက ယနေ့ ခြွင်းချက်မရှိ တရားသေပြန်လွှတ်လိုက်ကြောင်း သိရသည်။

တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များသည် ဦးသိန်းဇံကို တရားစွဲဆိုရန် ငြိစွန်းနိုင်သည့် အကြောင်း အခြင်းအရာ မပေါ်ပေါက်သည့်အတွက် တရားရုံးက ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

အသက် (၆၅) နှစ်ရှိ ဦးသိန်းဇံသည် စားဝတ်နေရေး အခက်အခဲများနှင့် ပတ်သက်၍ မကျေနပ်သောကြောင့် အစိုးရ သတင်းစာပါ ဆောင်းပါးများအား တုံ့ပြန်ရေးသားထားသည့် စာများကို ၎င်း၏ နေအိမ်ခြံစည်းရိုးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ကပ်ခဲ့ရာ အာဏာပိုင်များက မတ်လ ၇ ရက်နေ့တွင် ၎င်းကိုဖမ်းဆီးခဲ့သည်။

မတ်လ ၈ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းမှ မြို့နယ်မှူးက တရားလိုအဖြစ်နှင့် အများပြည်သူ ဆန့်ကျင် ဆူပူမှုဖြစ်ရန် လှုံ့ဆော်သည်ဟူသော ပုဒ်မ ၅၀၅ (ခ) ဖြင့် မြို့နယ်တရားရုံး၌ ဦးသိန်းဇံကို တရားစွဲဆိုပြီး အင်းစိန်ထောင်၌ ချုပ်ထားခဲ့သည်။ မတ်လ ၂၈ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယနေ့ကို ရုံးချိန်းရက်ပေးလိုက်ခြင်း ဖြစ်သည်။ [Top]
 
ယခုလ သတင်းတိုများ

[Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.