စက်တင်ဘာ ၁၅၊ ၂၀၀၆
မြန်မာစစ်အစိုးရက ကလေးစစ်သားများအသုံးပြုနေဆဲ
မြန်မာစစ်အစိုးရသည် ကလေးစစ်သားအသုံးပြုမှုကို တားဆီးရန်အတွက် အဆင့်မြင့်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်အထိ ကလေးစစ်သားအမြောက်အများကို စုဆောင်းနေသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ယနေ့ပြောကြားလိုက်သည်။
၎င်းကလေးစစ်သားများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တိုက်ခိုက်ရာတွင် အသုံးချခြင်းဖြစ်ကြောင်း ကလေး စစ်သားဖြစ်ခဲ့သူပေါင်း ၅၀ နှင့် တွေ့ဆုံမေးမြန်းရာမှ သိရှိခဲ့ရသည်ဟု ဆိုသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ၂၀၀၂ ခုနှစ်တွင် သုတေသနပြုလုပ်ခဲ့ရာ မြန်မာစစ်သား ၂၀ ရာနှုန်းခန့်သည် အရွယ်မရောက်သေးသည့်သူများဖြစ်ပြီး တချို့ စစ်သားများမှာ အသက်၁၁ နှစ်ခန့်သာ ရှိကြောင်းတွေ့ခဲ့ရသည်ဟု ဆိုသည်။
ယခုထုတ်ပြန်လိုက်သည့် နောက်ဆုံး အစီရင်ခံစာတွင်လည်း မြန်မာစစ်တပ်အတွင်း ကလေးစစ်သား စုဆောင်းမှုသည် လွန်ခဲ့သော လေးနှစ်ကာလနှင့် ဘာမှ မထူးကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအသုံးအပြုဆုံး
မြန်မာစစ်အစိုးရသည် ကမ္ဘာပေါ်ရှိအစိုးရများအနက် မြေမြှုပ်မိုင်းအသုံးပြုဆုံးအစိုးရ ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် လိုက်သော စစ်လက်နက်ဆန့်ကျင်တားဆီးရေးအဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအသုံးပြုသည့် နိုင်ငံဟူ၍ နီပေါ ၊ ရုရှ နှင့် မြန်မာနိုင်ငံ တို့သာ ရှိတော့ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရဘက်ကရော အစိုးရဆန့်ကျင်သည့်လက်နက်ကိုင်အဖွဲ့များကပါ မြေမြှုပ်မိုင်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေ ကြောင်း၊ လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူပေါင်း ၂၃၁ ယောက်ရှိခဲ့ကြောင်း ၄င်းအစီရင်ခံစာက ဆိုသည်။
၁၉၉၇ ခုနှစ်တွင် ရေးဆွဲသည့် နိုင်ငံတကာမြေမြှုပ်မိုင်းတားဆီးရေးစာချုပ်ကို လက်မှတ်မထိုးခဲ့သော မြန်မာစစ်အစိုးရသည် လူကို မိုင်းရှင်းကိရိယာများအဖြစ် အသုံးချနေရာ ယင်းလုပ်ရပ်အတွက် အလွန်စိုးရိမ်မိသည်ဟု ၄င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ [Top] |