အောက်တိုဘာ ၉ ၊ ၂၀၀၆
ဝါရင့်နိုင်ငံရေးသမားများအဖွဲ့က ဗိုလ်ချုပ်မှူးကြီးထံ စာပို့
အောက်တိုဘာ ၇ ရက်နေ့စွဲဖြင့် ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ လိပ်မူ၍ အချက် (၁၁)ချက်ပါဝင်သည့် သဘောထားရပ်တည်ချက်နှင့် အကြံပြုပန်ကြားလွှာကို ပေးပို့လိုက်သည်။
ယင်းပန်ကြားလွှာတွင် လက်ရှိ အာဏာရ အစိုးရ နအဖ ၊ အန်အယ်လ်ဒီနှင့် တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် တိုက်တွန်းထားပြီး၊ နအဖ သတင်းစာတွင်ဖော်ပြခဲ့သည့် အကြမ်းဖက်မှုနှင့် ဝါရင့်နိုင်ငံရေးသမားများအဖွဲ့ ပတ်သက်သည်ဟူသော စွပ်စွဲချက်ကို မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။
လတ်တလော ဖမ်းဆီးခဲ့သော မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်၊ သတင်းစာဆရာ ဦးဝင်းတင်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုအမြန်ဆုံးပြန်လွှတ်ရန်လည်း မေတ္တာရပ်ခံ ထားသည်။
ထိုင်းကြားဖြတ်အစိုးရအဖွဲ့ဝင်များ အမည်စာရင်းကြေညာ
ထိုင်းနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီး၂၆ ဦး၏ အမည်စာရင်းကို ဝန်ကြီးချုပ်ဆူရာယု ချူလာနော့က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
ကမ္ဘာ့ဘဏ်ဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ကရာ့ကရိုင်ကို ကုန်သွယ်ရေးဝန်ကြီး အဖြစ်လည်းကောင်း၊ အမေရိကန်ဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ နီတျာပီဘူဆုန်ဂရမ်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်လိုက်သည်။
ထိုင်းနိုင်ငံကို တနှစ်ကြာ အုပ်ချုပ်ရမည့် ၄င်းအစိုးရအဖွဲ့သစ်တွင် ပါဝင်သူများသည် အုပ်ချုပ်ရေးပညာကို ကျွမ်းကျင်သူများဖြစ်ပြီး ဂုဏ်သိက္ခာနှင့်လည်း ပြည့်စုံသည့်အတွက် ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဗဟိုဘဏ်အကြီးအကဲ ပရီဒီယာသွန်က ပြောသည်။
လွန်ခဲ့သည့်စက်တင်ဘာ၁၉ ရက်တွင် ဗိုလ်ချုပ်ကြီးဆွန်ဒီးခေါင်းဆောင်သောစစ်အဖွဲ့က မစ္စတာသက်ဆင်ကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် သုံးပတ်အကြာ၌ ယခုကဲ့သို့ ကြားဖြတ်အစိုးရကို ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။ [Top] |