#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
တိုတိုထွာထွာ သတင်းများ

ဇူလိုင် ၂၈၊ ၂၀၀၆

အခြေခံဥပဒေကို လာမည့်ဒီဇင်ဘာတွင် အပြီးသတ်မည်ဟု အရိပ်အမြွက်ပြော
မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံမှ ပထမဆုံးအချက်ဖြစ်သော အခြေခံဥပဒေရေးဆွဲရေးကို လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီးတွင် ပြုလုပ်သည့် ယမန်နေ့က သတင်းစာရှင်းလင်းပွဲ၌ ရည်ညွှန်း ပြောဆိုသွားသည်။

အမျိုးသားညီလာခံပြီးမည့်အချိန်နှင့် ရွေးကောက်ပွဲများကျင်းပမည့်အချိန်တို့အကြောင်းမေးမြန်းချက်ကို ပြန်လည်ဖြေဆို ရာတွင် “လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ အသိပေးနိုင်မယ်လို့ထင်ပါတယ်။ အဲဒီအချိန်မှာ အမျိုးသားညီလာခံလည်း ပြီးပါပြီ။ ဒါလောက်ပဲ ကျွန်တော်ပြောနိုင်ပါမယ်”ဟု ဦးဉာဏ်ဝင်းက ပြန်ဖြေခဲ့သည်။

လာမည့် အာဆီယံထိပ်သီးညီလာခံကို ဖိလစ်ပိုင်တွင် ဒီဇင်ဘာလအတွင်း ကျင်းပမည် ဖြစ်သည်။ (AP)

မြန်မာ့အရေးကို လုံခြုံရေးကောင်စီတွင် ဆွေးနွေးနိုင်ရန် ဗြိတိန်ကြိုးပမ်းမှု အောင်မြင်လုနီး
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာအရေးကို ထည့်သွင်းဆွေးနွေးနိုင်ရန် ဗြိတိန်နိုင်ငံက ကြိုးပမ်းနေရာ လိုအပ်သည့် မဲအရေအတွက် ပြည့်လုနီးပြီ ဖြစ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေးဌာနမှ အီယန်မက်ကာတနီးက မကြာမီက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအရေးကို လုံခြုံရေးကောင်စီတွင် အပြည့်အဝဆွေးနွေးနိုင်ရေးအတွက် ဗြိတိန်နိုင်ငံသည် အမေရိကန် အပါအဝင် အခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ လိုအပ်သည့် ထောက်ခံမဲ ၉ မဲကို ရလုနီးပြီဖြစ်ကြောင်း၊ ဤဆွေးနွေးပွဲဖြစ်မြောက်လျှင် လုံခြုံရေးကောင်စီက မြန်မာနှင့်ပတ်သက်၍ တစုံတခု ဆုံးဖြတ်ချက် ချအောင် လုပ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ပြောသည်။ (AFP)

ချောကလက်အုပ်ထားသည့် ပုံစံသစ်ယာဘဆေးများ ဖမ်းဆီးမိ
ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းတွင် မြန်မာနိုင်ငံဘက်မှ သယ်ဆောင်လာသော ချောကလက်အုပ်ထားသည့် ယာဘမူးယစ်ဆေး များကို ဖမ်းဆီးရမိသည်ဟု ဒေသခံရဲတို့က ပြောသည်။

မြန်မာနိုင်ငံသားတဦးကို ဖမ်းဆီးရာမှ ချောကလက်အုပ်ယာဘဆေးများကို တွေ့ရှိခြင်းဖြစ်ကြောင်း၊ စူးရှပြင်းထန်သော ချောကလက်အနံ့ကြောင့် ရဲခွေးများသည် ယာဘဆေးကို အနံ့ခံ၍ မရနိုင်ဘဲ ဖြစ်ခဲ့ရကြောင်း ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သည့် ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။ [Top]
 

ဇူလိုင် ၂၇၊ ၂၀၀၆

အမေရိကန် အထက်လွှတ်တော်မှ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူသည့် ဥပဒေ သက်တမ်းထပ်တိုး
အမေရိကန် အထက်လွှတ်တော်မှ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူသည့် မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေ အား သက်တမ်း ၃ နှစ် ထပ်တိုးရန် အတည်ပြုခဲ့သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုသည့် ထုတ်ပြန်ချက်တစောင်ကိုလည်း မြန်မာ့အရေး လှုပ်ရှားနေသော အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့မှ ဇူလိုင်လ ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလူသတ်ပွဲအပြီး အမေရိကန်အစိုးရက ၎င်းအက်ဥပဒေကို ၂၀၀၃ ခုနှစ်မှာပင် ချမှတ်ခဲ့သည်။ (Reuters)

ထိုင်းနိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားဆဲ
ထိုင်းနိုင်ငံ ရောဂါကာကွယ်ရေးလုပ်ငန်းမှ H5N1 ခေါ် ကြက်ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့မှုအား ထိရောက်စွာ လျှော့ချနိုင်ခဲ့ သော်လည်း ရောဂါဖြစ်ပွားဆဲ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဘန်ကောက်ရုံးခွဲမှ ဒေါက်တာဆုမ်ချိုင်း ပီရပ်ပကွန်က ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံ ဖိကျစ် မြို့နယ်မှ အသက် ၁၇ အရွယ် လူငယ်တဦးသည် ဇူလိုင်လ ၂၄ ရက်နေ့က ကြက်ငှက်တုပ်ကွေးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သေဆုံးသူသည် ထိုင်းနိုင်ငံ၌ ယခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံး အသက်ဆုံးရှုံးရသူ ဖြစ်သည်။

နောက်ဆက်တွဲအနေနှင့် ထိုင်းကျန်းမာရေး အာဏာပိုင်များက နယ်စပ်ဒေသတလျှောက် မြို့နယ် ၂၁ မြို့နယ်မှ ဒေသခံ များအား ခွင့်ပြုချက်မရှိဘဲ ကြက်ငှက်များ မသယ်ဆောင်ကြရန် တားမြစ်ထားသည်။ [Top]

 

ဇူလိုင် ၂၅၊ ၂၀၀၆

မြန်မာကြောင့် အာဆီယံ၏ နာမည် ထိခိုက်နေသည်ဟု မလေးရှားဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံ၏ အခြေအနေများသည် အာဆီယံ၏ နာမည်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူလာ အာမက် ဘာဒါဝီ က ယနေ့ကျင်းပသည့် ၃၉ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအား တခြားအာဆီယံနိုင်ငံများနည်းတူ ရှေ့သို့တိုးတက်သည်ကို မြင်လိုကြောင်း၊ ရှေ့သို့ တိုးတက်နိုင်ရန် အတွက် လိုအပ်သည့်အလုပ်များကို ဆောင်ရွက်စေလိုကြောင်း၊ ဤသည်မှာ အရှေ့တောင်အာရှ အသိုင်းအဝိုင်း တည်ထောင်ရေးအတွက် အရေးကြီးသည့်အလုပ်ဖြစ်ကြောင်း သူက ပြောသည်။

ဒီမိုကရေစီစနစ်ဆီသို့ ငြိမ်းချမ်းစွာကူးပြောင်းပေးမည့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွင် မြန်မာအစိုးရအနေနှင့် သိသိသာသာ တိုးတက်အောင် လုပ်ဆောင်သည်ကို တွေ့မြင်လိုသည်ဟု   အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စကို ကုလသမဂ္ဂသို့ လွှဲပြောင်းမည် ဟူသည့် အချက်နှင့် ပတ်သက်၍ကား ယင်းကြေညာချက်တွင် ထည့်သွင်းထားခြင်း မရှိပါ။ [Top]

 

ဇူလိုင် ၂၄၊ ၂၀၀၆

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အစိုးရကို ဝေဖန်
မြန်မာစစ်အစိုးရသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျှင်ဖြစ်စေ၊ သိသာထင်ရှားသည့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို မပြုလုပ်လျှင်ဖြစ်စေ  လက်ရှိအခြေအနေတွင် အာဆီယံအနေနှင့် မြန်မာနိုင်ငံအား အကာအကွယ် ပေးရန် မဖြစ်နိုင်တော့ကြောင်း  မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာယစ်ဟာမစ် အယ်လ်ဘာက ယနေ့ထုတ်
အေးရှားဝေါလ်စထရိဂျာနယ်တွင် ရေးသားလိုက်သည်။

“ဒီလို အခြေအနေကို ရောက်ရတဲ့အတွက် မြန်မာစစ်အစိုးရအနေနဲ့ ကိုယ့်ဖာသာပဲ အပြစ်တင်ရပါလိမ့်မယ် ... အာဆီယံ အပေါ်မှာ စစ်အစိုးရက အလေးမထားဂရုမစိုက်တဲ့အတွက်ကြောင့် ဒီအခြေအနေကို ရောက်လာတာပါ”ဟု သူက ရေးသားထားသည်။

ဇူလိုင် ၂၅ - ၂၆ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၃၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်မည်ဟု သိရသည်။
၎င်း အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အထူးဆွေးနွေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ရောဂါသုံးမျိုးအတွက် ဒေါ်လာ သန်း ၁၀၀ ကူညီရန် ဆွေးနွေး
မြန်မာနိုင်ငံအတွင်း ဆိုးဝါးစွာ ဖြစ်ပွားနေသော ကိုယ်ခံအားကျဆင်းရောဂါ၊ တီဘီအဆုတ်ရောဂါနှင့် ငှက်ဖျားရောဂါများ အတွက် နိုင်ငံခြားအလှူရှင်များက ဒေါ်လာသန်း ၁၀၀ အကူအညီပေးရန် ဆွေးနွေးနေကြောင်းသိရသည်။

အလှူရှင်များမှာ ဥရောပကော်မရှင်အပါအဝင် သြစတေးလျ၊နယ်သာလန်၊ နော်ဝေ၊ ဆွီဒင် နှင့် ဗြိတိသျှနိုင်ငံတို့ ဖြစ်ကြသည်။ လွန်ခဲ့သောနှစ်က စစ်အစိုးရ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်သွားသည့် Global Fund အဖွဲ့ကြီး၏ နေရာတွင် အစားထိုး ၀င်ရောက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုယ်ခံအားကျဆင်းရောဂါပိုး HIV ရှိသူ ၃၆၀၀၀၀ ရှိပြီး တီဘီအဆုတ်ရောဂါကြောင့် နှစ်စဉ် လူ ၁၂၀၀၀ ခန့်၊ ငှက်ဖျားရောဂါကြောင့် နှစ်စဉ် လူ ၃၀၀၀ခန့် သေဆုံးနေရသည်။ [Top]
 

ဇူလိုင် ၁၉၊ ၂၀၀၆

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်ဘတ်တိုရိုမူလိုသည် လာမည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် လိမ့်မည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနမှ အရာရှိတဦးက ယနေ့ ထုတ်ပြန်ပြောကြားလိုက်သည်။

၎င်းခရီးစဉ်တွင် အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန်မှာ မသေချာကြောင်း၊ ဖိလစ်ပိုင်အစိုးရဘက်က ၄င်းကိစ္စအတွက် အတင်းအကျပ်တောင်းဆိုမည် မဟုတ်ကြောင်း၊ မြန်မာ အစိုးရအပေါ်တွင်သာ မူတည်ကြောင်း ၄င်းအရာရှိကပြောသည်။ (အေပီ)

ဆူနာမီကြောင့် သေဆုံးသူပေါင်း ၅၀၀ ကျော်သွားပြီ
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် လွန်ခဲ့သည့်နှစ်ရက်က ဖြစ်ပွားခဲ့သည့် ဆူနာမီလှိုင်းကြောင့် သေဆုံးသူပေါင်းမှာ ယခုအထိ အနည်းဆုံး ၅၂၅ ယောက် ရှိပြီဖြစ်ပြီး  လူပေါင်း ၂၇၃ ယောက် ပျောက်ဆုံးနေသည်ဟု သိရသည်။ (Asia – Pacific News) [Top]

 

ဇူလိုင် ၁၈၊ ၂၀၀၆

တရားမ၀င်မြန်မာ“ဇနီးသည်”များကို တရုတ်အာဏာပိုင်များက ပြန်ပို့
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူနန်ပြည်နယ် ရှင်ဆိုင်းခရိုင်၏ ပြည်သူ့လုံခြုံရေးအာဏာပိုင်များက ၄င်းဒေသ အတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ဒေသခံတရုတ်အမျိုးသားတို့နှင့် လက်ထပ်ခဲ့ကြသည့်  မြန်မာအမျိုးသမီး ခြောက်ယောက်ကို မြန်မာနိုင်ငံသို့ ဇူလိုင် ၁၇ ရက်က ပြန်ပို့လိုက်သည်။

မြန်မာအမျိုးသမီးများသည် ဆင်းရဲတွင်းမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန်သောဘ၀သို့ ရောက်ရှိရေးအတွက် တရုတ်အမျိုးသားများနှင့် တရားမ၀င်လက်ထပ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဟူနန်ပြည်နယ်အတွင်းတွင် တရားမဝင်မြန်မာဇနီးသည်များ သိသိသာသာ တိုးပွားလာနေသည်ဟု ဆိုသည်။ (China Daily)

ဓာတ်ငွေ့အရောင်းသွက်နေသဖြင့် မြန်မာ့စီးပွားရေး“မတ်”နေ
သဘာဝဓာတ်ငွေ့အရောင်းသွက်ခြင်းနှင့် ဓာတ်ငွေ့တွင်းသစ်များတွေ့ရှိခြင်းသည် လွန်ခဲ့သည့် ခြောက်လအတွင်း မြန်မာ့စီးပွားရေးတွင် အဓိကတိုးတက်ဖွံ့ဖြိုးမှုနှစ်ခု ဖြစ်ကြောင်း  အာရှဖွံ့ဖြိုးရေးဘဏ်က ယနေ့ထုတ်ပြန် လိုက်သည့်  “အရှေ့အာရှ၏ ပေါ်ထွန်းလာသောစီးပွားရေးများ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုန်ဈေးနှုန်းများတက်ခြင်း၊  မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့် အများပြည်သူဆိုင်ရာကဏ္ဍတွင် အသုံးအစွဲ လွန်ကဲခြင်းများကြောင့် ပျက်ပြားနေသော  မြန်မာ့စီးပွားရေးသည် ယခုအချိန်၌  ဓာတ်ငွေ့ရောင်းချမှု
အပေါ်တွင်သာ အဓိကမှီခိုနေရကြောင်း ၄င်းအစီရင်ခံစာက ထောက်ပြထားသည်။

ရခိုင်ပြည်နယ်ကမ်းလွန်ဒေသရှိ သဘာဝဓာတ်ငွေ့တွင်းများမှ ဒေါ်လာ ၃၇ ဘီလျံ (သန်းပေါင်း ၃၇၀၀၀) တန်ဖိုးရှိမည့် ဓာတ်ငွေ့များ ထွက်လိမ့်မည်ဟု Shwe Gas Movement အဖွဲ့က ခန့်မှန်းထားသည်။ [Top]
 

ဇူလိုင်လ ၁၇၊ ၂၀၀၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေး တွန်းအားပေးမည်
ယခုလအတွင်း အာရှ ၅ နိုင်ငံသို့ ခရီးထွက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်သည် အာဆီယံ ဒေသဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အပြောင်းအလဲများ လျင်မြန်စွာ ဖြစ်ထွန်းလာရေးအတွက် တွန်းအားပေးလိမ့်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရှောင်မက်ကောမက်က ပြောသည်။ မြန်မာနိုင်ငံအတွင်း စစ်မှန်သောဒီမိုကရေစီနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ မြန်ဆန်လာအောင် အာဆီယံနိုင်ငံများက ဝိုင်းဝန်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိမ့်မည်ဟု ဆိုသည်။ (Japan Times)

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဇုံ တည်ဆောက်မည်
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံနှင့် အလားတူသော နယ်စပ်ကုန်သွယ်ရေးဇုံတခုကို မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့တွင် တည်ဆောက်ရန် မြန်မာနိုင်ငံစစ်အစိုးရက စီမံကိန်း ချနေသည်ဟု သိရသည်။ ၁၉၉၅ ခုနှစ်က စတင်ခဲ့သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် ၂၀၀၅ -၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာသန်း ၆၀ ကျော် ရှိခဲ့သည်ဟု ဆိုသည်။ အပြန်အလှန်ကုန်သွယ်မှုကို ဒေါ်လာသန်း ၁၀၀ ကျော်သည်အထိ ဆောင်ရွက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာစစ်အစိုးရ၏ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရေးသားသည်ဟု ဆိုသည်။ (News From Bangladesh) [Top]

 

ဇူလိုင်လ ၁၄၊ ၂၀၀၆

ထိုင်းစစ်တပ်ပိုင် ရဟတ်ယာဉ်ကို ပစ်ခတ်မိကြောင်း မြန်မာဘက်က ဝန်ခံ

ဇူလိုင် ၁၀ ရက်နေ့က ထိုင်းစစ်တပ်ပိုင် ရဟတ်ယာဉ်တစီးကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ရဟတ်ယာဉ်ဟု အထင်မှားပြီး မြန်မာစစ်သားတဦးက ပစ်ခတ်မိကြောင်း မြန်မာဘက်က ဝန်ခံသည်ဟု ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

၎င်းရဟတ်ယာဉ်ကို ပစ်ရန် အမိန့်ပေးခဲ့ခြင်းမရှိကြောင်း၊ စစ်သားတဦးက မှားယွင်းပြီး မတော်တဆ ပစ်လိုက်မိခြင်းသာဖြစ်ကြောင်း၊ ၄င်းစစ်သားနှင့် နယ်မြေတာဝန်ခံ စစ်အရာရှိတို့ကို အပြစ်ပေးပြီးပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးမြဟန်က ထိုင်းနိုင်ငံသို့ လာရောက်ရှင်းလင်း ပြောဆိုခဲ့သည်။

ပစ်ခတ်ခံရသည့် ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ ထိုင်းနယ်ခြားစောင့် စစ်တပ်အတွက် ရိက္ခာသယ်ပို့သည့် ရဟတ်ယာဉ်ဖြစ်၍ ပစ်ခတ်မှုကြောင့် လူအသေအပျောက်မရှိဘဲ အနည်းအကျဉ်းထိခိုက်ပျက်စီးသွားကာ အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု သိရသည်။ (TNA)

တောင်ကိုးရီးယားရုပ်ရှင်ပွဲတော် ရန်ကုန်တွင်ကျင်းပမည်
မြန်မာပြည်၌ ပထမဆုံးအကြိမ်အဖြစ် တောင်ကိုးရီးယားရုပ်ရှင်ပွဲတော်ကို လာမည့်အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့သမ္မတရုပ်ရှင်ရုံတွင် ကျင်းပမည့် ၄င်းရုပ်ရှင်ပွဲတော်တွင် တောင်ကိုးရီးယားရုပ်ရှင်ကား ဆယ်ကားကို ပြသမည်ဖြစ်ကြောင်း၊ ၄င်းပွဲတော်သို့ တောင်ကိုးရီးယားမှ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် တချို့တက်ရောက်မည်ဖြစ်ကြောင်း Korean M G International ကုမ္ပဏီမှ အရာရှိများက ပြောကြားသည်။
(Xinhua)

မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက စခန်းသွင်းရန်စီစဉ်နေ
ထိုင်းနိုင်ငံမဲဆောက်မြို့ဒုက္ခသည်ရုံးတွင် ဒုက္ခသည်အဖြစ်လျှောက်ထားသူများကို ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မယ်လ၊ နို့ဖိုး၊ အုန်းဖန်အစရှိသည့် ဒုက္ခသည်စခန်းများသို့ သြဂုတ်လတွင် ပို့ဆောင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

စခန်းဝင်ရမည့်သူများမှာ ၂၀၀၄ - ၂၀၀၅ခုနှစ်တွင် လျှောက်ထားသူများဖြစ်ပြီး ၄င်းတို့၏အမည်နှင့် ကိုယ်ပိုင်နံပတ်များ ပါဝင်သည့် စာရင်းကို မဲဆောက်ဒုက္ခသည်ရုံး၌် ဇူလိုင် ၈ ရက်က ကြေညာထားသည်ဟု သိရသည်။ [Top]

 

ဇူလိုင်လ ၁၃၊ ၂၀၀၆

အဝေးရောက်အစိုးရနှင့် ဒီမိုကရေစီအင်အားစုများ မဟာဗျူဟာဆွေးနွေးပွဲကျင်းပ
အဝေးရောက်မြန်မာအစိုးရနှင့် ဒီမိုကရေစီအဖွဲ့အစည်းများ၏ မဟာဗျူဟာဆိုင်ရာဆွေးနွေးပွဲကို အီတလီနိုင်ငံ တူရင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် လေ့ကျင့်ရေးဗဟိုဌာနတွင် ဇူလိုင် ၁၁ ရက်နေ့မှ စတင် ကျင်းပနေသည်။

မြန်မာနိုင်ငံ၏ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒီမိုကရေစီခေါင်းဆောင် ၅၀ ကျော်တို့ ပါဝင်သည့် ၄င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေးများကို လေးစားရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် နိုင်ငံရေး မဟာဗျူဟာကို မွမ်းမံပြင်ဆင်မည်ဟု ဆိုသည်။

စစ်အစိုးရက ဒီမိုကရေစီအင်အားစုများကို စွပ်စွဲ
ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် တိုင်းပြည်အား ဆူပူအောင် ကြံစည်နေကြသည်ဟု မြန်မာစစ်အစိုးရက ယနေ့ထုတ်သတင်းစာများတွင် စွပ်စွဲရေးသားထားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့သူများသည် လာမည့်ဇူလိုင်၁၉ရက် အာဇာနည်နေ့တွင် စီတန်းဆန္ဒပြခြင်း စာရွက်စာတမ်းဖြန့်ဝေခြင်းများ ပြုလုပ်ပြီး တိုင်းပြည်ကို မငြိမ်မသက်ဖြစ်ရန် ကြံစည်နေကြောင်း သတင်းရထားသည်ဟု ဖော်ပြထားကာ ၄င်းလှုပ်ရှားမှုများကို ဖြိုခွင်းရန်အတွက် ပြည်သူများအနေနှင့် ပြည်သူ့စွမ်းအားရှင် အမည်ရှိ စစ်အစိုးရ၏ အဖွဲ့နှင့် ပူးပေါင်းကြပါဟုလည်း သတင်းစာတွင် တိုက်တွန်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွား
ဇူလိုင်လဆန်းမှစတင်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ ဧရာဝတီ၊ စစ်တောင်း၊ ရွှေကျင်၊ အတ္ထရံ စသည့်မြစ်ချောင်း များတွင်ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး ရေဘေးဒုက္ခကြုံသူ အများအပြားရှိကြောင်း၊ ၎င်းရေဘေးဒုက္ခသည်များအတွက် သက်ဆိုင်ရာမှကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ အကူအညီပေးလျှက် ရှိကြောင်း အစိုးရသတင်းစာများတွင်ဖော်ပြသည်။ [Top]

 

ဇူလိုင်လ ၁၂၊ ၂၀၀၆

စစ်အစိုးရအား ပိတ်ဆို့အရေးယူမှု တနှစ်တိုးရန် အမေရိကန်အောက်လွှတ်တော်၌ အတည်ပြု
မြန်မာစစ်အစိုးရအား စီးပွားရေးပိတ်ဆို့အရေးယူသည့် ဥပဒေကို အမေရိကန်အောက်လွှတ်တော်အမတ်များက ဇူလိုင် ၁၁ ရက်နေ့တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး သက်တမ်းတနှစ်တိုးမြှင့်လိုက်သည်။ အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ပိတ်ဆို့အရေးယူရန် အဆိုကို ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။ ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းလူသတ်ပွဲအပြီး အမေရိကန်အစိုးရက မြန်မာနိုင်ငံလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး အက်ဥပဒေကို ၂၀၀၃ မှာပင် ချမှတ်ခဲ့သည်။ ၎င်း အက်ဥပဒေကို နှစ်စဉ် သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။ (VOA)

ထိုင်းစစ်တပ်ပိုင် ရဟတ်ယာဉ်အား မြန်မာစစ်တပ်မှ ပစ်ခတ်
ထိုင်းစစ်တပ်ပိုင် ရိက္ခာတင် ရဟတ်ယာဉ်တစင်းအား ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ နယ်စပ်ဒေသ၌ မြန်မာစစ်တပ်က ဇူလိုင် ၁၀ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း ထိုင်စစ်တပ်အကြီးအကဲတဦးက ဧရာဝတီသို့ ပြောသည်။ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်ရှိ နယ်စပ်ကော်မတီတို့မှတဆင့် ဒေသခံမြန်မာစစ်တပ်အား ပြဿနာဖြေရှင်းရန် စာဖြင့်အကြောင်းကြားသော်လည်း မြန်မာစစ်တပ်ဘက်မှ အထက်အမိန့် မရရှိသေးဟု အကြောင်းပြန်ခဲ့သည်ဟု ၎င်းအရာရှိက ပြောသည်။ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ထိုင်းရဟတ်ယာဉ်၏ နောက်မှီးနှင့် အင်ဂျင်တို့ကို သေနတ် ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ [Top]

 

ဇူလိုင်လ ၇၊ ၂၀၀၆

ချင်းပြည်အမျိုးသမီးများအဖွဲ့က လိင်အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာတစောင်ထုတ်ပြန်
စစ်အစိုးရစစ်သားများက ချင်းတိုင်းရင်းသူများအား မတရားသဖြင့် လိင်အကြမ်းဖက်ခြင်းများကို ထုတ်ဖော်တင်ပြထားသည့် (Hidden Crimes Against Chin Women) အမည်ရှိ အစီရင်ခံစာ တစောင်ကို ချင်းပြည်အမျိုးသမီးများအဖွဲ့ချုပ် (The Women's League of Chinland - WLC) က ထုတ်ပြန်ကြောင်း သိရသည်။

ငါးလကြာ အချိန်ယူပြုစုထားသော အစီရင်ခံစာတွင် ချင်းပြည်နယ်ရှိ ၁၄ နှစ်မှ အသက် ၄၀ အရွယ် ချင်းအမျိုးသမီး ၃၀ ခန့်ကို စစ်အစိုးရ စစ်သားများက လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပြီး ၂၈ မှုကို အတည်ပြုနိုင်သည်ဟု ဆိုသည်။ (VOA)

အင်တာနက်ထိန်းချုပ်မှုနှင့်ပတ်သက်၍ ဥရောပပါလီမန်က ဆုံးဖြတ်ချက်ချ
မြန်မာ၊ တရုတ် နှင့် ဗီယက်နမ် အပါအ၀င် အင်တာနက် အသုံးပြုခွင့်ကို ထိန်းချုပ်ထားသော အစိုးရများကို လည်းကောင်း၊ ၎င်းအစိုးရများနှင့် လုပ်ငန်းများ ဆက်စပ်လုပ်ကိုင်နေသော နည်းပညာ ကုမ္ပဏီများကို လည်းကောင်း ပြစ်တင်ရှုံ့ချသည့် ဆုံးဖြတ်ချက်တခုကို ဥရောပပါလီမန်က ဇူလိုင်လ ၆ ရက်နေ့တွင် ချမှတ်ခဲ့သည်။ အင်တာနက် ထိန်းချုပ်သော နိုင်ငံများ၊ အင်တာနက်အွန်လိုင်းမှတဆင့် အလုပ်လုပ်သူများအား ဖမ်းဆီး ထောင်ချသည့် နိုင်ငံများအား ဖိအားပေးရန်လည်း ၎င်းဆုံးဖြတ်ချက်တွင် ပါရှိသည်။ ထို့အပြင် အင်တာနက် ကန့်သတ်မှုများကို အားပေးနေသည့် မိုက်ကရိုဆော့ (Microsoft)၊ ဂူဂယ်လ် (Google) ကဲ့သို့သော နည်းပညာကုမ္ပဏီများကိုလည်း ဖိအားပေးရန် ပါရှိသည်။

မြန်မာနိုင်ငံ အချို့ဒေသများတွင် ဂျီမေးလ်များ ပြန်သုံး၍ရ
လွန်ခဲ့သည့် အပတ်က စစ်အစိုးရက ပိတ်ပင်ကန့်သတ်ထားသော ဂူဂယ်လ်တော့ခ် (Google Talk) နှင့် ဂျီမေးလ် (Gmail) တို့ကို ရန်ကုန်တွင် လောလောဆယ် ပြန်သုံး၍ ရနေပြီ ဖြစ်ကြောင်း ၊ သို့သော် အင်တာနက်သွားနှုန်းမှာ နှေးကွေးနေဆဲ ဖြစ်ကြောင်း အင်တာနက် ပုံမှန်အသုံးပြုသူတဦးက ဧရာဝတီသို့ ပြောသည်။

မန္တလေးမှ အင်တာနက်သုံးသူတဦးကမူ ဂူဂယ်လ်တော့ခ် (Google Talk) နှင့် အလားတူ Messenger များကို မန္တလေးတွင် အသုံးပြု၍ မရသေးကြောင်း ယနေ့နံနက်ပိုင်းက ဧရာဝတီသို့ ပြောသည်။ [Top]

 

ဇူလိုင်လ ၆၊ ၂၀၀၆

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ခန့် ကူးစက်ရောဂါစွဲကပ်
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမား ၆၀၀၀ ခန့်တွင် တီဘီ အဆုတ်ရောင်ရောဂါနှင့် ကိုယ်အရေပြားရောဂါများ စွဲကပ်သူက စွဲကပ်နေပြီး အချို့မှာ မူးယစ်ဆေးဝါးများ စွဲနေကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့အနက် ၁၇၆ ဦးကို နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်လျက်ရှိသည်။ ထိုင်းနိုင်ငံ လူမှုကျန်းမာရေးဌာန
ဝန်ကြီး၏ လက်ထောက်အရာရှိ ၀ပ်ချနာ ပန်နချပ်က ရွှေ့ပြောင်းအလုပ်သမားများမှတဆင့် ထိုင်းနိုင်ငံသားများသို့ ရောဂါ ကူးစက်လာမည်ကို စိုးရိမ်သည်ဟု ပြောသည်။ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ် စာရင်းများအရ ရွှေ့ပြောင်း အလုပ်သမား ၁ ဒသမ ၂ သန်းရှိပြီး တ၀က်ခန့်မှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟု ၀ပ်ချနာက ဆိုသည်။ (Thais News)

ဘန်ကောက်တွင် ကလေးအလုပ်သမားဆိုင်ရာ ညီလာခံကျင်းပ
အဆိုးဝါးဆုံးပုံစံ ကလေးအလုပ်သမားခိုင်းစေမှု ဆိုင်ရာလေ့လာဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့စတင်ကျင်းပရာ ထိုင်းနိုင်ငံတွင်းခိုင်းစေလျက်ရှိသော ကလေးအလုပ်သမား များ၏ ထက်ဝက်သည် မြန်မာနိုင်ငံမှ ဖြစ်သည်ဟုဆိုသည်။

ခရိုင် ၅ ခု ကိုလေ့လာချက်အရ ကလေးအလုပ်သမားများမှာ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှကလေးများသည် မိဘများကိုကူညီလုပ်ကိုင်ရာမှစတင်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ကျောင်းနေခွင့်မရရှိသောကြောင့် ယခုကဲ့သို့ ကလေးအလုပ်သမားများဖြစ်လာရကြောင်း ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်မှ ကလေးအလုပ်သမားဆိုင်ရာ ကျွမ်းကျင်သူ ပနက်ဒါ ပလက်ပိုးကပြောကြားသည်။

ရှေ့နေကြီး ဦးအေးမြင့်၏ အယူခံလွှာကို ကြားနာမည်
ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်၏ အယူခံလွှာအား ဇူလိုင် ၂၂ ရက်တွင် ဗဟိုတရားရုံးချုပ်၌ ပထမ အကြိမ်ကြားနာမည် ဖြစ်ကြောင်း ဦးအေးမြင့်၏ အကျိုးတော်ဆောင်ကပြောသည်။

ဦးအေးမြင့်၏ အယူခံကို မူလက ဇွန် ၂၀ ရက်တွင် ကြားနာရန် ရှိသော်လည်း စစ်အစိုးရက အကြောင်းပြချက် မည်မည်ရရ မရှိဘဲ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မေလ အတွင်းက ဦးအေးမြင့်၏ ရှေ့နေလိုင်စင်ကိုလည်း စစ်အစိုးရက ရုတ်သိမ်းခဲ့သည်။

၎င်းရှေ့နေကြီး ဦးအေးမြင့်သည် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO)သို့ မမှန်သတင်းပေးသည်ဆိုသော စွဲချက်ဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စစ်အစိုးရကဖမ်းဆီး၍ ပဲခူးထောင်တွင် ထောင်(၇)နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။ [Top]