#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
တိုတိုထွာထွာ သတင်းများ  
 

ဒီဇင်ဘာ ၂၁၊ ၂၀၀၆

မြန်မာ့အရေးတွင် အမေရိကန်က အင်ဒိုနီးရှားနှင့် ပူးပေါင်းလို

အမေရိကန်နိုင်ငံက ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အလှည့်ကျအဖွဲ့ဝင်ဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာ့အရေးအပါအ၀င် ပါလက်စတိုင်း-အစ္စရေးပြဿနာ၊ အီရတ်ပြဿနာ၊ အီရန် နျူကလီးယားပြဿနာတို့ကို ပူးပေါင်း ဆောင်ရွက်လိုသည်ဟု ဆိုသည်။
 
အမေရိကန် နိုင်ငံခြားရေးဌာန၏ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ဒုလက်ထောက်ဝန်ကြီး ဂျိမ်းဘီဝါးလစ်က အင်ဒိုနီးရှား နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို ပထမဦးစားပေးပြဿနာအဖြစ် ကြုံတွေ့ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနဲ့ပတ်သက်လို့ ဇန်န၀ါရီလ အစောပိုင်းမှာ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက် အင်ဒိုနီးရှား အစိုးရကလည်း အကူအညီတွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဂျိမ်းဘီဝါးလစ်က ပြောသည်။

မြန်မာ့အရေးကို လုံခြုံရေးကောင်စီတွင် တရားဝင်ဆွေးနွေးရန် စက်တင်ဘာ ၁၅ ရက်နေ့က ဆုံးဖြတ်ချက် ကျခဲ့သည်။

သီရိလင်္ကာနိုင်ငံ ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံခရီစဉ် ပြီးဆုံး

သီရိလင်္ကာနိုင်ငံ ၀န်ကြီးချုပ် ရတနာသီရိ ၀ိကြမနာယက ၏ မြန်မာနိုင်ငံ ၄ ရက်ကြာအလည်အပတ်ခရီးစဉ် ယနေ့ ပြီးဆုံးသည်။

ရတနာသီရိ ၀ိကြမနာယက သည် ယမန်နေ့က နအဖ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ရတနာသီရိ ၀ိကြမနာယက သည် မြန်မာ့ကျောက်မျက်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပြီး ပုဂံသို့လည်း ဘုရားဖူး သွားခဲ့သည်။

ရတနာသီရိ ၀ိကြမနာယက သည် နှစ်ပေါင်း ၃၀ အတွင်း ဒုတိယမြောက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် သီရိလင်္ကာနိုင်ငံ ၀န်ကြီးချုပ် ဖြစ်သည်။ [Top]
 

ဒီဇင်ဘာ ၂၀၊ ၂၀၀၆

အုန်းဖြန် ဒုက္ခသည်စခန်းတွင် စာပေဟောပြောပွဲ ကျင်းပ

ထိုင်း မြန်မာ နယ်စပ်ရှိ အုန်းဖြန် ဒုက္ခသည်စခန်းတွင် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ် စာပေဟောပြောပွဲအခမ်းအနားတခုကို ဒီဇင်ဘာ ၁၇ ရက် ညက ကျင်းပခဲ့သည်။

စာရေးဆရာ ကဗျာဆရာများဖြစ်သော ဆရာ ဂါမဏိ၊ ဆရာမောင်လွမ်းဏီ၊ ဆရာဇွန်မှိုင်း၊ ဆရာငြိမ်းဝေ တို့က စာပေအကြောင်းအရာများကို ဟောပြောဆွေးနွေးကြပြီး  စာပေ၀ါသနာရှင် ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

မဲဆောက်မြို့မှ ၉၉ ကီလိုမီတာ ကွာဝေးပြီး ပေ ၂၀၀၀ ကျော်အမြင့်တွင်ရှိသည့် တောင် ပေါ်ဒုက္ခသည်စခန်း တခု ဖြစ်သော ယင်း အုန်းဖြန်စခန်း၌ ဒုက္ခသည် ဦးရေ ၇၀၀၀၀ ကျော် နေထိုင်လျက်ရှိပြီး အိမ်ခြေ ၄၀၀၀၀ ကျော်ရှိသည်။

မြန်မာစစ်အစိုးရသည် မြေမြုပ်ဗုံးများ သုံးနေ

မြန်မာစစ်အစိုးရသည် အရပ်သားများသေကြေပျက်စီးစေနိုင်သည့် မြေမြုပ်ဗုံးများကို ဆက်လက် အသုံးပြုနေဆဲ ဖြစ်သည်ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) က ပြောကြားလိုက်သည်။

မြန်မာစစ်အစိုးရသည် လူကို ထိခိုက်သေကြေစေသည့် မြေမြုပ်ဗုံးများကို ၂၀၀၆ ခုနှစ်အတွင်း အစဉ်တစိုက် သုံးစွဲခဲ့ကြောင်း၊ အရပ်သားများကိုလည်း မြေမြုပ်မိုင်းဗုံးများ ရှင်းလင်းရာတွင် ခိုင်းစေခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတခုတည်းသာ ယခုကဲ့သို့သော မြေမြုပ်ဗုံးများကို သုံးစွဲနေခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့က ပြောကြားသည်။

၁၉၇၇  မြေမြုပ်ဗုံးတားဆီးပိတ်ပင်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၃ နိုင်ငံတွင် မြန်မာနိုင်ငံ မပါဝင်ပေ။ [Top]

 

ဒီဇင်ဘာ ၁၈၊ ၂၀၀၆

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ မွေးနေ့ပွဲ ကျင်းပ

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ၄၅ နှစ်ပြည့်မွေးနေ့ကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများက စုပေါင်း ကျင်းပရာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ အန်အယ်လ်ဒီ ပါတီဝင်များ၊ တိုင်းရင်းသား အင်အားစုများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများအပါအဝင် စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကိုကိုကြီးသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျနှင့် ကိုပြုံးချိုတို့နှင့်အတူ လွန်ခဲ့သော စက်တင်ဘာလကုန်ပိုင်းတွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့သည်။ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် စစ်အစိုးရ အကျဉ်းထောင်အတွင်း ၁၄ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့ဖူးသူဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

မြန်မာစစ်အစိုးရကို အရေးယူပေးရန် ဟောလီဝုဒ်အနုပညာရှင်များ တောင်းဆို

မြန်မာစစ်အစိုးရအား အရေးယူပေးရန်အတွက်  နာမည်ကျော် ဟောလီဝုဒ်သရုပ်ဆောင် တင်မ်ရော်ဘင် (Tim Robbins) နှင့် B-52s တီးဝိုင်းမှ အဆိုတော် ကိတ်ပီယာဆင်(Kate Pierson) တို့အပါအဝင် ဟောလီဝုဒ်မှ ရုပ်ရှင်နှင့် ဂီတအနုပညာရှင် များက ကုလသမဂ္ဂကို တိုက်တွန်းပန်ကြားလိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလူနည်းစုများအပေါ် ရက်စက်စွာပြုမူနေသော မြန်မာစစ်အစိုးရအား အရေးယူပေးရန်အတွက် အနုပညာ ရှင်များ စုပေါင်းလက်မှတ်ရေးထိုးထားသည့် စာတစောင်ကို လွန်ခဲ့သည့် သောကြာနေ့က ကုလသမဂ္ဂရုံးသို့ ပေးပို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ [Top]
 

ဒီဇင်ဘာ ၁၄၊ ၂၀၀၆

အပိတ်ခံရသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီရုံးများ ပြန်ဖွင့်ခွင့်ပေး

မကြာခင်က အပိတ်ခံခဲ့ရသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့၏ ရုံးခွဲ ၅ ခုကို စစ်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ကြောင်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတဦးက ထုတ်ဖော် ပြောကြား လိုက်သည်။

စစ်အစိုးရက မန္တလေး၊ မော်လမြိုင်၊ ဖားအံ၊ တောင်ကြီးနှင့် ကျိုင်းတုံရှိ အိုင်စီအာစီ ရုံးခွဲငါးခုကို ပိတ်ခိုင်းခဲ့ကြောင်း အိုင်စီအာရ်စီ၏ နိုဝင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီးနောက် နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာကြက်ခြေနီရုံး၏ လက်ထောက်အကြီးအကဲဖြစ်သူ တယ်ရီ ရီဘုန်းသည် မကြာမီက ပြည်ထဲရေးဝန်ကြီးနှင့် သွားရောက်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ရုံးများ ပြန်လည်ဖွင့်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ [Top]
 

ဒီဇင်ဘာ ၆၊ ၂၀၀၆

ပိတ်ဆို့ အရေးယူမှုများကို ကိုအေးလွင်နှင့်အဖွဲ့က ဆန့်ကျင်ကန့်ကွက်မည်

မြန်မာနိုင်ငံအပေါ် ပြည်ပက ပိတ်ဆို့ အရေးယူမှုများအား ဆန့်ကျင်ကန့်ကွက်သည့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ အဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)၏ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (၀ိုင်အမ်ဘီအေ)ခန်းမတွင် ပြုလုပ်သည်ဟု သိရသည်။

ကမ္ဘာ့ နိုင်ငံကြီးအချို့၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ကန့်ကွက်သည့် အစီအစဉ်အား လာမည့် ၂၀၀၇ ခုနှစ် နှစ်ဆန်း တွင် အမျိုးသားရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတရပ်ဖွဲ့စည်း၍ စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်း ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ) ခေါင်းဆောင် ကိုအေးလွင်က သတင်းသမား များကို ပြောသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

ယင်းကိုအေးလွင်၏ အဖွဲ့သည် မင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိသည့် အပြင် နအဖ စစ်အစိုးရနှင့် နီးစပ်သောအဖွဲ့ဖြစ်သည်ဟု ဆိုကြသည်။

ယခုပြုလုပ်သော အစီစဉ်သည် ပြည်သူအများပါဝင်နိုင်မည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီသို့ ပြောင်းလဲမှုအစီအစဉ်လည်းပါဝင်ကြောင်း ကိုအေးလွင်က ပြောသည်ဟုလည်း ဆင်ဟွာက ဖော်ပြသည်။

မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံတချို့က ၁၉၉၀ ခုနှစ် နှောင်းပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။
 

[Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.